လုပ်ကိုင်သူနည်းလာတဲ့ ပုသိမ်က ရိုးရာနှီးယပ်တောင်လုပ်ငန်း
2023.10.23

ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများစုလက်ခံထားတဲ့ ရိုးရာနှီးယပ်တောင်တွေ ရက်လုပ်နိုင်တဲ့ သဘာဝ စလူပင်တွေဟာ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းမှာ အများဆုံး ပေါက်ပါတယ်။
ဒါကြောင့် မြို့တော် ပုသိမ်အပါအဝင် ဧရာဝတီတိုင်း ဒေသတချို့မှာ စလူပင်ကနေ ရက်လုပ်ရတဲ့ ရိုးရာနှီးယပ်တောင်လုပ်ငန်းကို လုပ်ကိုင်ပြီး နိုင်ငံတစ်ဝန်း ဒေသမျိုးစုံကို တင်ပို့လေ့ရှိပါတယ်။ လူကြိုက်လည်း အတော်များခဲ့ပါတယ်။
"ယပ်တောင် ငါးရာဖိုး တစ်ထောင်ဖိုး ယူလိုက်ပြီဆိုရင် ဒီနေ့ စျေးဝယ်လိုက်ပြီဆိုရင် ကုန်သွားတာ ရှိတယ်ပေါ့နော်"
လက်နဲ့ အချိန်ယူ ရက်လုပ်ရပေမယ့် နှီးယပ်တောင်လေးခပ်ပြီး ရရှိတဲ့လေက မြန်မာနိုင်ငံရဲ့ပူပြင်းတဲ့ နွေရာသီကို အန်တုနိုင်ပြီး ပန်ကာလေနဲ့ ပလပ်စတစ် ယပ်တောင်ကရတဲ့လေထက် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြည်သူအများစုက မှတ်ယူထားတာပါ။
အခုနောက်ပိုင်းမှာတော့ ခက်ခက်ခဲခဲ ရက်လုပ်ရတဲ့ ရိုးရာနှီးယပ်တောင်လုပ်ငန်းကို ဒေသခံတွေက စွန့်လွှတ်ပြီး ငွေပိုရတဲ့ တခြားအလုပ်တွေ ပြောင်းလုပ်ကြတယ်လို့ ဒီအလုပ်ကို မျိုးဆက်သုံးဆက်အထိ လုပ်ကိုင်လာတဲ့ အသက် ၃၅ နှစ်အရွယ် မသူဇာဝင်း က ပြောပါတယ်။
"နဂိုတုန်းကတော့ (ဘိုကုန်းရပ်ကွက်) တစ်ကုန်းလုံးလိုလို ရက်ကြတာပေါ့နော်။ အဲလို မိန်းကလေးတွေဆိုရင် တစ်အိမ်အိမ်မှာစုပြီး စကားတွေပြောရင်းနဲ့ အပို့တွေ ပြီးအောင်ရက်ကြတယ်။ နောက်ပိုင်းကျတော့လည်း သူ့နဲ့ဟာသူ အဲလိုမျိုး စက်ရုံတွေဆင်းကြတယ်။ ပြည်ပတွေ သွားကြတယ်ပေါ့နော်။ အဲလို မျိုးကနေတစ်ဆင့် လုပ်ငန်းက ပါးသွားတာပေါ့။ လုပ်တဲ့သူက သိပ်မရှိဘူးပေါ့။ အဲလိုမျိုး ဖြစ်သွားတာ။ မိသားစု သုံးလေးယောက်ရှိရင် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ဆိုရင် ဥပမာ.. နှစ်ယောက်လောက်က စက်ရုံ ဆင်းကြတယ်။ အိမ်မှာနေတဲ့သူကတော့ ချက်ရင်းပြုတ်ရင်းနဲ့ပဲ ရက်ကြတော့တယ်"
သူက ပုသိမ်မြို့၊ ဘိုကြီးကုန်းရပ်ကွက်မှာ နေထိုင်ပါတယ်။ အဘွား၊ မိခင်နဲ့ အဒေါ်ဖြစ်သူထံကနေ နှီးယပ်တောင်ရက်တဲ့ လက်မှုပညာကို သူသင်ယူခဲ့တာပါ။
သူတို့မိသားစုဟာ ပုသိမ်မြို့က စလူယပ်တောင် ရက်လုပ်သူတွေထဲမှာ လက်ရာအကောင်းဆုံးအဖြစ် နာမည်ကြီးပါတယ်။ လက်ရှိမှာ သူက ယပ်တောင်အကြမ်းထည် တစ်လက်ကို ၁၃၀ ကျပ်နဲ့ လက်ခစား ရက်နေတာပါ။
စလူယပ်တောင်တစ်ခုဖြစ်ဖို့ စလူဖူးတွေကို ရိုးမတောအနီး ကျေးရွာတွေကနေမှာယူပြီး ရက်လုပ်သူတွေကို တစ်ဆင့်ပြန်ဖြန့်ဝေရပါတယ်။ အဲဒီနောက် ရက်လုပ်သူတွေက စလူဖူးတွေကို လိုချင်တဲ့ အနေအထားရအောင် နန်းဆွဲပြီးမှ ယပ်တောင်အဖြစ် ရက်လုပ်ကြရတာပါ။
မသူဇာဝင်းရဲ့ အစ်မ မတင်တင်ခိုင်ကလည်း ယပ်တောင်လုပ်ငန်းကို အသက် ၈ နှစ်အရွယ်ကတည်း လုပ်ကိုင်လာတာပါ။ သူက ရိုးရာယပ်တောင်လုပ်ငန်းကို ကျွမ်းကျင်ပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ကုန်ဈေးနှုန်းတွေကြီးလွန်းပြီး မိသားစု စားဝတ်နေရေး ခက်ခဲလာတာကြောင့် ညီမနဲ့ အဒေါ်ကပဲ ဒီအလုပ်ကိုဆက်လုပ်ပြီး သူကတော့ ဝင်ငွေပိုရတဲ့ စက်ရုံအလုပ်ကို ထွက်လုပ်နေပါတယ်။
"ယပ်တောင် ငါးရာဖိုး တစ်ထောင်ဖိုး ယူလိုက်ပြီဆိုရင် ဒီနေ့ စျေးဝယ်လိုက်ပြီဆိုရင် ကုန်သွားတာ ရှိတယ်ပေါ့နော်။ ကုန်သွားတဲ့ဟာ ရှိတယ်။ အထည်ချုပ်ကြတော့ တစ်လ တစ်ခါတော့ရတယ်။ တစ်လ တစ်ခါ ပုံမှန်ဝင်ငွေလေး ရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ အိမ်က အငယ်မနဲ့ ဒေါ်ကြီးက ယပ်တောင်ရက်ပြီးတော့ ကိုယ်က အပြင်မှာထွက်ပြီး ပိုက်ဆံထွက်ရှာတာပေါ့"
မသူဇာဝင်းရဲ့ အဒေါ် အသက် ၆၇ နှစ်အရွယ် ဒေါ်တင်နုကလည်း အသက် ၁၀ နှစ်အရွယ်ကတည်းက ရိုးရာနှီးယပ်တောင် ရက်လာသူပါ။
အသက်ကြီးလာလို့ ကြာကြာမထိုင်နိုင်တော့ပေမယ့် ဘဝတစ် လျှောက်လုံး လုပ်လာတဲ့ ဒီအလုပ်ကို မမေ့နိုင်ဘူးလို့ ပြောပါတယ်။
"ကိုယ်မလုပ်နိုင်ပေမယ့်လို့ ယပ်တောင်ကိုတော့ မမေ့ဘူး။ တစ်ခါတလေတော့လည်း တတ်နိုင်ရင်တော့ စမ်းရက်လိုက်တာပဲ။ ကြာလာရင်တော့ ခါးမတတ်နိုင်တော့ဘူး၊ နေလိုက်ပြန်ရော။ တော်ကြာကျရင် ဟိုလက်ဆောင်ပေးချင်လို့ ရက်ပေးပါဦးဆိုရင် လေးငါးချောင်းတော့ ရက်နိုင်တယ်။ အများကြီးတော့ မရက်နိုင်တော့ဘူး အရင်လိုတော့။ ယပ်တောင်ကတော့ ဘဝမမေ့ဘူး"
အရင်က ပုသိမ်မြို့ ဘိုကြီးကုန်းရပ်ကွက်မှာ နေထိုင်သူအများစုဟာ ယပ်တောင်လုပ်ငန်း အပေါ်မှာပဲ မှီခိုအသက်မွေးကြတာပါ။ အခုနောက်ပိုင်း ဝင်ငွေပိုရတဲ့ အလုပ်တွေ ပြောင်းလုပ်ကြပေမယ့် ဒီအလုပ်ကိုပဲ စွဲစွဲလန်းလန်း ဆက်လုပ်နေသူတွေလည်း အနည်းအကျဉ်း ရှိပါတယ်။
အဲဒီအထဲမှာ ဘိုကြီးကုန်း ရပ်ကွက်သူ အသက် ၆၂ နှစ် အရွယ် ဒေါ်လှသန်းလည်း ပါဝင်ပါတယ်။ သူက သမီးသုံးယောက်ကို နှီးယပ်တောင်ကရတဲ့ဝင်ငွေနဲ့ ဘွဲ့ရကျောင်းဆရာမတွေဖြစ်အောင် ပံ့ပိုးခဲ့သူပါ။
အခုချိန်ထိ သမီးတွေရော သူရော ကျောင်းပိတ်ရက်မှာ နှီးယပ်တောင်ရက်ပြီး အပိုဝင်ငွေ ရှာနေဆဲလို့ ဒေါ်လှသန်းက ပြောပါတယ်။
"သမီးလေး သုံးယောက် ငယ်ငယ်ကတည်းက ယပ်တောင်ကို စုပြီးရက်ကြတယ်။ ပြီးတော့ သမီးလေးတွေကို အဲဒီယပ်တောင်လုပ်ငန်းနဲ့ ကျောင်းထားတယ်။ အခုသမီးလေးတွေက သုံးယောက်စလုံး ဘွဲ့ရပြီးတော့ ဆရာမတွေ ဖြစ်သွားတယ်။ ဖြစ်သွားပေမယ့် သမီးတို့က ယပ်တောင်လုပ်ငန်းကို မစွန့်လွှတ်ဘူး။ ကျောင်းပိတ်လို့ နွေရာသီရောက်တာနဲ့ ယပ်တောင်ပဲ အိမ်မှာပြန်ရက်ကြတယ်"
ပုသိမ်မြို့က ရွှေခြင်္သေ့မင်း ယပ်တောင်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် အသက် ၅၃ နှစ်အရွယ် ဒေါ်ကြည်ကြည်မြင့်ကတော့ ပုသိမ်မြို့ရဲ့ ရိုးရာ စလူနှီးယပ်တောင်တွေက မိုးတွင်းမှာ အရောင်းပါးပေမယ့် နွေရာသီမှာ လက်မလည်အောင် ရောင်းရတယ်လို့ ပြောပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် ကြိုက်နှစ်သက်သူတွေကတော့ ဆက်ပြီးသုံးစွဲနေဆဲလို့ ဒေါ်ကြည်ကြည်မြင့် က ပြောပါတယ်။
"သာရေးနာရေးက တော်ရုံတန်ရုံ ပလပ်စတစ် (ကော်) ယပ်တောင်ကို သုံးတာပဲ များတယ်။ ကျွန်မတို့ စလူယပ်တောင်ကို သိပ်မသုံးဘူး။ ဘာလို့လဲဆိုတော့ စလူယပ်တောင်က နှစ်ဆလောက်ကွာတယ် စျေးနှုန်းက။ လက်လုပ်ပစ္စည်းဆိုတော့လေ။ တချို့ကျတော့ စာတမ်းလေး ဘာလေးနဲ့ဆိုတော့ ကော်ကို သုံးတယ်။ ဒီစလူကို မသုံးဘူး။ အဲတော့ ပိုက်ဆံ အဆင်ပြေတဲ့သူရယ်၊ ကော်ယပ်တောင်ရဲ့ လေအရသာနဲ့ ဒီစလူယပ်တောင်ရဲ့ လေအရသာ မတူတာကို ခံစားမှုသိတဲ့ လူမျိုးကျတော့ ဒီစလူ ယပ်တောင်ကိုပဲ နှစ်ဆဖြစ်ပလေ့စေဆိုပြီး ဝယ်ပြီးတော့၊ အားပေးပြီးတော့ သူတို့ဝယ်ဖြစ်ကြတယ်"
ပုသိမ်မြို့မှာ ရိုးရာစလူယပ်တောင်လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်လောက် ကတည်းက စတင်ရက်လုပ်ပြီး တစ်နိုင်ငံလုံးကို တင်ပို့ရောင်းချတာပါ။
ပုသိမ်မြို့ပေါ်က ဘိုကြီးကုန်း၊ မငြိမ်းလှကုန်း၊ လှည်းကျော်ကုန်းနဲ့ ချစ်တီးကုန်းတို့မှာ အဓိက ရက်လုပ်ပြီး ကညင်ကုန်း၊ ကြက်ခတ်ကုန်း၊ သူဌေးကုန်း၊ ရှမ်းရွာ၊ ရာမညရပ်ကွက်၊ တန်တရာရပ်ကွက်၊ အလယ်ရပ်ကွက်နဲ့ ရွာသာယာရပ်ကွက်တွေမှာလည်း ရက်လုပ်ပါတယ်။
ဒီလုပ်ငန်းဟာ ပုသိမ်ထီးလိုပဲ ပုသိမ်မြို့နဲ့အတူ ယှဉ်တွဲရှိနေတဲ့ နောက်ထပ်ဂုဏ်ယူစရာ သင်္ကေတတစ်ခုဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီအလုပ်ကိုမှ စွဲလန်းတဲ့ ပုသိမ်မြို့ ဘိုကြီးကုန်းရပ်ကွက်သူ မသူဇာဝင်းကတော့ ဒီရိုးရာ နှီးယပ်တောင်လုပ်ငန်းလေး တိမ်ကောသွားမှာ မဟုတ်ပါဘူးလို့ ယုံကြည်နေပါတယ်။
"ဒီအလုပ်က လုံးဝ တိမ်ကောသွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကုန်သည် ပေါက်စလေးတွေကလည်း သူ့ဟာနဲ့သူ လည်ပတ်မှုရှိသလို ကုန်သည်ကြီးတွေကလည်း သူ့ဟာနဲ့သူ ချိတ်ဆက်မှုတွေနဲ့ လာလာပြီးတော့ သယ်ကြတယ်။ ကားတွေနဲ့ဆိုတော့ ဒီယပ်တောင်ကတော့ လုံးဝ မတိမ်ကောပါဘူး"