PDF လူငယ်တွေကို စစ်သင်တန်းပေးနေတဲ့ TNLA တပ်ဖွဲ့
2023.04.23

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) ဟာ မြန်မာစစ်တပ်ကို ဆယ်စုနှစ်နဲ့ချီပြီး ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ဒီ TNLA တပ်ဖွဲ့ ဟာ အရေးပါတဲ့ အင်အားတစ်ရပ်ဖြစ်လာပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်ဖို့ တောထဲထွက်လာတဲ့ PDF လူငယ်တွေကို သူတို့နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားတဲ့အပြင် စစ်ပညာတွေလည်း သင်ကြားပေးနေတာပါ။
TNLA ဆီကနေ စစ်ပညာသင်ဖို့ ရောက်လာတဲ့သူတွေထဲမှာ အသက် ၂၄ နှစ်အရွယ် မိုင်နိုင်အောင်ကြာလည်း ပါပါတယ်။
“၅၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ရင်ထဲမှာ အာဏာသိမ်းပြီးချိန်မှာ ကျွန်တော်တို့ကတော့ တော်လှန်မယ်ပေါ့ တနည်းနည်းနဲ့။ ကျွန်တော်တို့ဒေသမှာ ကျွန်တော်တို့ မြို့တက်ပြီး ဆန္ဒမပြနိုင်ဘူး။ ကျွန်တော်တို့ မတော်လှန်နိုင်ဘူး ဆိုပေမဲ့လည်း ကျွန်တော်တို့ တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီမယ်ဆိုပြီးတော့မှ အဲ့ဒီစိတ်ဓာတ်နဲ့ ဖြစ်လာတာ။”
မိုင်နိုင်အောင်ကြာလိုပဲ အာဏာသိမ်းပြီးနောက် လူငယ်တော်တော်များများ တိုင်းရင်းသားဒေသတွေကို ထွက်လာကြပါတယ်။
လက်နက်အင်အားနဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို လက်နက်နဲ့ ပြန်တိုက်မှရမယ်လို့ သူတို့ခံယူထားကြတာပါ။
အဲဒီလူငယ်တွေကို TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေက စစ်သင်တန်းတွေပေးနေပါတယ်။
“ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းထဲမှာလည်း လူဦးရေအရ ကျွန်တော်တို့ တော်တော်များများ စုဆောင်းနိုင်တယ်။ လေ့ကျင့်ပေးနိုင်တယ်။ ကျွန်တော်တို့ရဲ့ တပ်မဟာ (၇) ခုကို အင်အားတွေ တော်တော်လေး ဖြည့်တင်းနိုင်တယ်။ အဲ့ဒါအပြင် ကျွန်တော်တို့ လှုပ်ရှားဗျူဟာတွေ၊ ကွန်မန်ဒိုအဖွဲ့တွေ၊ တပ်ဖွဲ့တွေလည်း အများကြီး ဆောင်ရွက်နိုင်ခဲ့တယ်”

PDF လူငယ်တွေ လက်နက်ဝယ်နိုင်ဖို့ ချိတ်ဆက်ပေးနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ်တော့ မပြောပါဘူး။
ရှမ်းပြည်မြောက်ပိုင်းက TNLA နယ်မြေမှာ အခုဆိုရင် တပ်သား ခုနစ်ထောင်ကျော် ရှိနေပါပြီ။
AK-47, M-22 သေနတ်တွေကို ကိုင်ပြီး မြစ်ကြောင်းတလျှောက် ဖြတ်သန်းရင်း ရန်သူ့အသံကို နားစွင့်နေရသလို တိုက်ပွဲတွေကြား ပြည်သူလူထု အထိအခိုက်နည်းအောင်လည်း ကြိုးစားရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကျိုးအမြတ်ရလိုက်တာ တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘာကြောင့် မြန်မာစစ်တပ်ကို တိုက်နေရလဲဆိုတာ ပြည်သူတွေ သဘောပေါက်လာတာပဲလို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုပါတယ်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ အဓိကရတာက လူထုရဲ့ စာနာနားလည်ထောက်ခံမှု၊ တော်လှန်ရေးအပေါ်မှာ ပိုပြီး သဘောပေါက်လာတယ်။ ခုနက ကျွန်တော်ပြောသလို ကျွန်တော်တို့ လူမျိုးတွေ၊ ကျွန်တော်တို့ လူငယ်တွေ မြို့ထဲမှာရှိနေတဲ့သူတွေ ပညာတတ်တယ်လို့ တစ်စုံတစ်ရာ ပြောလို့ရတဲ့သူတွေ တပ်ထဲ အများကြီး ပြန်ဝင်လာတယ်။ တော်လှန်ရေးလုပ်ငန်းတွေ ပြန်ပြီးတော့ ပူးပေါင်းထမ်းဆောင်တယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် တကယ့်ကို အမြတ်လို့ ပြောလို့ရတယ်။”

တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်တလျှောက်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ ထောင်ပေါင်းများစွာသော PDF တွေကို လက်နက်နဲ့ စစ်သင်တန်းတွေ ပံ့ပိုးကူညီပေးနေပါတယ်။
ဒါဟာ တော်လှန်ရေးအတွက် ထိရောက်မှုရှိပြီး၊ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှု တစ်ရပ်လည်း ဖြစ်လာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း သုံးပုံတစ်ပုံကျော်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ဝန်ခံထားပါတယ်။