ခရီးသည်တွေ မလာတော့တဲ့ သံတောင်ကြီး

2022.05.31
ခရီးသည်တွေ မလာတော့တဲ့ သံတောင်ကြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့မှ ကလေးတွေကို ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

ကရင်ပြည်နယ် သံတောင်ကြီးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ သုံးထောင်ကျော်မှာ တည်ရှိတာကြောင့် ရာသီဥတုအေးမြပြီး တောတောင်သဘာဝအလှ တွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆွဲဆောင်နိုင်တဲ့မြို့ ဖြစ်ပါတယ်။

ပူပြင်းတဲ့နွေရာသီကို ကာကွယ်ပေးနိုင်တဲ့ အေးမြတဲ့တောင်ပေါ်ရာသီနဲ့ စိမ်းစိုတဲ့သဘာဝ အလှတွေကြောင့် ၁၉၂၀ ကိုလိုနီခေတ်ကတည်းက ဗြိတိသျှလူမျိုးတွေ မျက်စိကျပြီး ဒီမြို့လေးကို တည်ဆောက်ခဲ့တာပါ။

ဒါပေမဲ့ ကရင်လူမျိုး အများစုနေထိုင်တဲ့ ဒီမြို့လေးမှာ လွတ်လပ်ရေးရချိန်ကစလို့ ကရင် အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်တပ်အကြား ကာလကြာရှည် ပြည်တွင်းစစ် ဖြစ်ခဲ့တာကြောင့် မငြိမ်းချမ်းတဲ့ အမည်းရောင်၊ အညိုရောင် နယ်မြေအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။

၂၀၁ဝ ပြည့်နှစ် သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ KNU နဲ့ စစ်တပ်အကြား နားလည်မှု တွေ စယူချိန်ကစလို့ ဒီမြို့လေးမှာ ငြိမ်းချမ်းရေးက တဖြည်းဖြည်းချင်း စတင်လာပါတယ်။ ၂၀၁၄ မှာတော့ ထူးခြားလှပတဲ့ ဒီဒေသမှာ ခရီးသွားလုပ်ငန်းတွေ စတင်ခဲ့ပြီး ၂၀၁၆ NLD အစိုးရကာလမှာတော့ နိုင်ငံတစ်ဝန်းက လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ ခရီးသွား လုပ်ငန်း အရှိန်မြင့်တက်လာခဲ့ပါတယ်။

၂၀၂၀ ကိုဗစ် ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အရှိန်ရနေတဲ့ သံတောင်ကြီး ဒေသခရီးသွားလုပ်ငန်းဟာ သမိုင်းတစ်ပတ်ပြန်လည်ပြီး အတိတ်က အခြေအနေဆီ ချက်ချင်း ပြန်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဆို သံတောင်ကြီးဒေသကို လာရောက်လည်ပတ်သူ မရှိတော့ဘဲ စီးပွားရေးက လုံးဝချွတ်ခြုံကျသွားတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ နာစိန်ပန်း က ပြောပါတယ်။

“နိုင်ငံရေးအခြေအနေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေ ပိုဆိုးသွားတာပေါ့။ အဲ့တော့ လုံးဝ ချွတ်ခြုံကျသွားပါတယ်။ ခရီးသွားလည်း မရှိတော့ဘူး။ ဒီအပြင်မှာ ဒေသထွက်ပစ္စည်းလည်း မရောင်းရတော့ဘူး။ အစားအသောက်လည်း မရောင်းရတော့ဘူးဆိုတော့ ဒီဒေသမှာထွက်တဲ့ ဒေသထွက်ကုန်ပစ္စည်းတွေကလည်း မရောင်းရတော့ဘူး။ ကျမတို့ မဝယ် နိုင်တော့ဘူးပေါ့နော်။ ဈေးကွက်မရှိတော့ဘူးဆိုတော့ သူတို့ကလည်း စီးပွားရေးတစ်ခုက ကျသွားတာပေါ့”

လက်တွေ့မှာ သံတောင်ကြီးဒေသဟာ ငြိမ်းချမ်းနေပေမယ့် အတိတ်ကရှိခဲ့ဖူးတဲ့ အရိပ်မဲတွေကြောင့် လူတွေက စိုးရိမ်ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာ လာရောက် လည်ပတ်သူ မရှိတော့ဘူးလို့ ရှင်ဂျော့ဂျက် အသင်းတော်က ခရစ်ယာန်ဘုန်းတော်ကြီး ဆရာတော်တင်အုန်း က မိန့်ပါတယ်။

“ငြိမ်းချမ်းပြီး စိတ်အေးသက်သာစွာ သွားလာနိုင်မှပဲ၊ ၂၀၂၀ နိုင်ငံရေးအပြောင်းအလဲ ရောက်လာတဲ့အခါမှပဲ။ ဒီသံတောင်ကြီးမြို့က အေးချမ်းသော်ငြားလည်း လူတွေက လာဖို့ မဝံ့မရဲဖြစ်တယ်။ အရင်တုန်းကပုံစံ ပြန်ရောက်သွားမှာ အရမ်း စိုးရိမ်ကြတယ် ပေါ့နော်။ ဒီသံတောင်ကြီးမြို့က တကယ့် တကယ်တော့လည်း ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ခရီးသွားပြည်သူတွေအတွက်တော့ အများကြီး စိတ်အနှောင့်အယှက်ဖြစ်ရ ပါတယ်။ စိတ်မလုံခြုံမှုကို ခံစားရတယ်"

ဒီမြို့လေးမှာ ကရင်လူမျိုးအများစု နေထိုင်တာမို့ ခရစ်ယာန်ဘုရားကျောင်းတွေဟာ မြို့ရဲ့သင်္ကေတ ဖြစ်နေပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ ဆုတောင်းလေ့ရှိတဲ့ နော်ဘူဘောတောင်ဟာ သံတောင်ကြီးကိုလာတဲ့ ဧည့်သည်တိုင်း မဖြစ်မနေ သွားရောက် လေ့ရှိတဲ့နေရာတစ်ခုပါ။

ဆောင်းရာသီ မနက်ခင်းတွေမှာ တိမ်ပင်လယ်လို လှပတဲ့ရှုခင်းတွေကို တအံ့တဩ ကြည့်ရှုနိုင်တာကလည်း သံတောင်ကြီးဒေသကို ဧည့်သည်တွေ လာရောက်စေခဲ့တဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုပါတယ်။

"သံတောင်ကြီးမြို့က အေးချမ်းသော်ငြားလည်း လူတွေက လာဖို့ မဝံ့မရဲဖြစ်တယ်"

ခေတ်အခြေအနေအရ ရုတ်တရက် ဖွံ့ဖြိုးလာတဲ့ သံတောင်ကြီးမှာ ဧည့်သည်တွေအတွက် တည်းခိုစရာ ဟိုတယ်ကြီးကြီးမားမား မရှိဘဲ အိပ်စရာနဲ့ မနက်စာပဲ ရနိုင်တဲ့ တည်းခိုခန်း အသေးလေးတွေပဲ ရှိပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေမှာလည်း ယာယီတည်းခိုလို့ ရပါတယ်။

အခုတော့ သံတောင်ကြီးဒေသမှာ အေးချမ်းနေပေမယ့် နိုင်ငံတစ်ဝန်း အနယ်နယ်အရပ်ရပ် ကနေ လာရောက်မယ့် ဧည့်သည်တွေအတွက် လမ်းခရီးက လုံခြုံမှုမရှိတော့ဘူးလို့ (B & B) တည်းခိုခန်းပိုင်ရှင် နော်ဟဲကလိုစေး က ပြောပါတယ်။

"တချို့ကကျတော့လည်း လာချင်တယ်။ ဒီမှာတော့ ဘာမှမဖြစ်ပေမယ့် လမ်းခရီးမှာ တော့ ကျမတို့လည်း တာဝန် မယူနိုင်ဘူး။ ကျမဆို အမြဲပြောတယ်၊ တကယ်လို့ ဒီကိုရောက်လာရင် လက်ခံပေးမယ်။ လမ်းခရီးပိုင်းကျ ကျမ ဘာမှပြောပြလို့ မရဘူးပေါ့။ ဒီလုပ်ငန်းကို ပြန်လည်စတင်ဖို့ဆိုတာကတော့ တစ်နိုင်ငံလုံး အေးချမ်းမှရမယ်။ ဒီတစ်ဒေသလောက်ပဲ အေးချမ်းလို့တော့ မရဘူး။ တစ်နိုင်ငံလုံး အေးချမ်းမှရမယ်။ ဆိုတော့ အဓိက ကတော့ အေးချမ်းမှုတစ်ခု၊ ငြိမ်းချမ်းမှုတစ်ခုပါပဲ"

သံတောင်ကြီးမြို့ရှိ နော်ဘူဘောတောင်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာ တွေ့ရစဥ်
သံတောင်ကြီးမြို့ရှိ နော်ဘူဘောတောင်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာ တွေ့ရစဥ်

ခရီးသွားတွေရှိတုန်းက တည်းခိုသူ များပြားခဲ့လို့ ဝန်ထမ်းတွေကို အလုပ်ပေးနိုင်သလို ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်တွေလည်း အရောင်းအဝယ်ကောင်းပြီး မြို့ရဲ့ စီးပွား ရေးပါ အတော်တိုးတက်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဧည်သည်မလာတော့တာကြောင့် ဝင်ငွေလုံးဝ မရှိတော့ဘဲ ထွက်ငွေပဲရှိနေတယ်လို့ နော်ဟဲကလိုစေး က ဆိုပါတယ်။

အခုတော့ သံတောင်ကြီးရဲ့ အခြေအနေက သမိုင်းအစကို ပြန်ရောက်သွားတာမို့ တိုင်းပြည်ငြိမ်းချမ်း မယ့်အချိန်ကိုပဲ မျှော်လင့်နေရတယ်လို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေတဲ့ TTD Working Group အဖွဲ့ အတွင်းရေးမှူး စောထီးဝေ က ဆိုပါတယ်။

“ဒီခရီးသွားလုပ်ငန်း စဖြစ်တဲ့အကြောင်းရင်းကလည်း ငြိမ်းချမ်းရေးကို အခြေပြု ပြီးတော့ စတာပေါ့နော်။ ဒီသံတောင်ကြီး အညိုရောင်နယ်မြေလို့ သတ်မှတ်တဲ့အချိန် ကစပြီး ကျနော်တို့ ဒီခရီးသွားလုပ်ငန်းကနေတစ်ဆင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွား အောင်လို့ စပြီး အကောင်အထည်ဖော်ခဲ့တာပေါ့။ ဆိုတော့ အဲ့အပိုင်းကို ပြန်သွားမယ် ဆိုရင်တော့ အစကနေ ပြန်စရမယ့်အပိုင်းကို ပြန်သွားတယ်။ ငြိမ်းချမ်းရေးကို အခြေ ခံပြီး ခရီးသွားလုပ်ငန်းကို လုပ်တာဖြစ်တာကြောင့် တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်မှပဲ၊ ဒေသ အေးအေးချမ်းချမ်း ဖြစ်သွားတဲ့အချိန်မှပဲ လုပ်ငန်းတွေကို ပြန်လည် လည်ပတ်လို့ရမယ်လို့ ကျနော်ထင်ပါတယ်”

ဗြတိသျှတွေက သံတောင်ကြီးကို နွေရာသီမှာ အပူရှောင်တဲ့ တောင်ပေါ်အပန်းဖြေ စခန်းလေး တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရွာကြီးတစ်ရွာအဖြစ် ရှိလာခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်ကစလို့ မြို့ပေါ်ရပ်ကွက် ငါးခုရှိတဲ့ တောင်ပေါ်မြို့လေး အဖြစ် ဖွံ့ဖြိုးလာတာပါ။

အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း အထီးကျန်မြို့လေး ပြန်ဖြစ်သွားတာမို့ တိုင်းပြည်အခြေအနေ ပြန်ကောင်းလာမှပဲ ခရီးသွားလုပ်ငန်း ပြန်တိုးတက်လာမယ့် အခြေအနေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။