မော်လမြိုင်မှာ တိုင်းရင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းဆန္ဒပြ

2021.02.11

အာဏာရှင်အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်နယ်က မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားအင်အားစု သုံးစုက ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့ မှာ ဆန္ဒပြကြပါတယ်။

မွန်ပြည်နယ်လွှတ်တော်ရုံးရှေ့ကနေ စုရပ်သတ်မှတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေး၊ မတရားဖမ်းဆီးခံရသူတွေ အမြန်ဆုံး လွှတ်ပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက် ခဲ့ကြပါတယ်။

အာဏာရှင်မှန်သမျှကို တိုက်ထုတ်ဖို့ တိုင်းရင်းသားတွေရဲ့ ဘုံရပ်တည်ချက်ပဲလို့ ဆန္ဒပြပွဲမှာ ပါဝင်လာခဲ့တဲ့ နိုင်စဝေါမွန်က ပြောပါတယ်။

"အာဏာရှင်ကို တိုက်ဖျက်ရမယ်ဆိုတဲ့ဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘုံရပ်တည်ချက်ဖြစ် တယ်။ ဒါကြောင့် ဒီနေ့ ကရင်၊ မွန်၊ ပအိုဝ်းတွေက ညီမျှတဲ့ဘုံသဘောတူညီချက်တွေက အတူတူရပ်တည် ကြပြီးတော့ ကျွန်တော်တို့ အာဏာရှင်ကို တိုက်ဖျက်ကြမယ်ဆိုပြီးတော့ ဒို့အရေးလာပြောတာပါ"

အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးတယ်လို့ ပအိုဝ်းလူငယ် ခွန်အောင်မျိုးသိန်းက ပြောပါတယ်။

"ကျွန်တော်တို့ယုံကြည်ချက်က ဒီပြည်ထောင်စုက တိုင်းရင်းသားတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင် စုမို့လို့ ပြည်ထောင်စုရဲ့အရွေ့ကို တွန်းတဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေက အခြားအရာတွေထက် ပိုပြီး အရေးပါတယ်။ နိုင်ငံတည်ဆောက်တဲ့အခါမှာ ပိုပြီးအရေးပါတယ်လို့ ကျွန်တော်တို့မြင်တယ်။ ခေတ် အဆက်ဆက်မှာ ဒီအမြင်မျိုးကို ပြည်သူတွေမှာရော အုပ်ချုပ်သူ လူတန်းစားတွေမှာပါ ဒီလိုမျိုးမြင်ကြတာ က ရှားတယ်။ ရှားတဲ့အတွက် ဆန္ဒကို ထုတ်ဖော်ပြသဖို့အတွက် အခြေအနေမပေးခဲ့ဘူး။ ဒါကြောင့်မို့ လက်ရှိအခြေအနေမျိုးမှာ ပြည်သူတွေ အုံအုံကြွကြွဆန္ဒပြကြတာ ကိုယ့်အတွေးနဲ့ကိုပေါ့။ ဒီအပေါ်မှာ ကြိုဆိုတယ်"

ကရင်လူငယ်တိုင်းရင်းသား နန်းခိုင်လဲ့လဲ့စိုးကတော့

"ကျွန်မတို့အနေနဲ့ကတော့ အာဏာသိမ်းတဲ့ အာဏာရှင်စနစ်ကို မကြိုက်ဘူး။ အဲဒါကြောင့်မို့ ဒါကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတယ်။ ကျွန်မတို့ ကရင်လူမျိုးအနေနဲ့လည်း ဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုတွေ စစ်အာဏာရှင်လက်အောက်မှ ဖိနှိပ်ရတာတွေ မလိုချင်လို့ ဆန္ဒလာပြတယ်" လို့ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော်ရှေ့ကနေ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းထားတဲ့ဆန္ဒပြအဖွဲ့ဟာ စတင်လမ်းလျှောက်လာခဲ့တာဖြစ်ပြီး အောက်လမ်းကြီး၊ ကျားတံတားလမ်းဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ကြပါတယ်။

အောက်လမ်းမကြီးအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က မောရဝတီ ပန်းခြံအနား မှာ စခန်းချခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ ဦးဆောင်တဲ့စစ်ကြောင်းနဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး မိန့်ခွန်းပြောကြား ခဲ့ကြပါတယ်။

မိန့်ခွန်းပြောအပြီးမှာ နေပြည်တော်က ဆန္ဒပြပွဲမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင် အတွက်လည်း ၁ မိနစ်ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ လူစုခွဲခဲ့ကြပါတယ်။

ရန်ကုန်ရောက် မွန်လူငယ်တွေကလည်း ဒီကနေ့ အာဏာရှင်ဆန့်ကျင်ရှုတ်ချရေးအတွက် ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။