စစ်ကောင်စီရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲ တောင်ကြီးမြို့ခံတွေ သပိတ်မှောက်ခဲ့
2023.12.06

ကိုဗစ်ကာလနောက်ပိုင်းကစလို့ သုံးနှစ်ကြာရပ်နားခဲ့ရတဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၂၀၂၃ မှာ ပြန်ကျင်းပခဲ့ပေမယ့် တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ သဘောဆန္ဒမပါဘဲ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေက ပြောကြပါတယ်။
"ရိုးရာမီးပုံးပျံပွဲတော် မဟုတ်ပါဘူး၊ စကစ ဦးဆောင်ပြီးပြုလုပ်တဲ့ မီးပုံးပျံပွဲတော်ကြီးပါ"
စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာကို လက်မခံနိုင်သလို စစ်ဘေးရှောင်နေရသူတွေကို ဥပက္ခာမပြုနိုင်ဘူးလို့ မြို့ခံတစ်ဦးဖြစ်တဲ့ နန်းခင်ထူး က ပြောပါတယ်။
"အခုလွိုင်ကော်မှာလည်း စစ်တွေဖြစ်နေတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုလည်း စစ်တွေဖြစ်နေတယ်၊ စစ်ဘေးရှောင်တွေဆိုတာလည်း အများကြီးပေါ်ပေါက်နေတဲ့ အချိန်မှာ တောင်ကြီးသူ၊ တောင်ကြီးသားတွေ အနေနဲ့လည်း ဥပေက္ခာပြုပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ သွားဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ပါဘူးရှင့်၊ တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ သဘောဆန္ဒမပါဘဲနဲ့ စကစ ဘက်ကနေပြီးတော့ တိုင်းပြည် အေးချမ်းနေတယ် ဆိုတာမျိုးကို ဟန်ဆောင်ပြီးတော့ ပြစေချင်တဲ့အတွက် ပိုက်ဆံငွေကြေး အကုန်ကျခံပြီး ပြုလုပ်ထားတဲ့ ပွဲဖြစ်တဲ့အတွက် ညီမတို့အနေနဲ့လည်း ပွဲကိုလုံးဝမသွားခဲ့ပါဘူး၊ ညီမတင် မဟုတ်ပါဘူး၊ တောင်ကြီးသူ၊ တောင်ကြီးသားတွေ အကုန်လုံးက မသွားခဲ့ကြပါဘူး"
ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာမသိမ်းခင်က တောင်ကြီးမြို့ခံတွေ ဦးဆောင်ကျင်းပခဲ့တဲ့ ရိုးရာမီးပုံးပျံပွဲလောက် မစည်ကားခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။
ဒီနှစ်မီးပုံးပျံပွဲတော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပတဲ့ မီးပုံးပျံပွဲဖြစ်ပေမယ့် ရိုးရာမီးပုံးပျံပွဲတော် မဟုတ်ဘူးလို့ တောင်ကြီးမြို့ခံ တစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ် က ပြောပါတယ်။
"တောင်ကြီး တန်ဆောင်တိုင်ဆိုတာ ရိုးရာပွဲတော်ပါ၊ ရိုးရာပွဲတော်ဆိုတာ တစ်အိမ်ဝင်တစ်အိမ်ထွက် မီးပုံးပျံအတွက် မီးစုခံပြီး ပွဲကိုကျင်းပကြတာဖြစ်ပါတယ်၊ ဒီနှစ်ကတော့ စကစက ဦးဆောင်ပြီး ငွေကြေးသိန်းပေါင်း ဘယ်လောက်ဆိုပြီး ထုတ်ပေးတယ်၊ မီးပုံးပျံပွဲကို ကျင်းပတယ်၊ အဲဒါကြောင့် ရိုးရာပွဲတော် မဟုတ်ဘူးလို့ ပြောတာပါ၊ နာမည်ကြီးတဲ့ မီးဆရာတွေနဲ့ မီးပုံးပျံတွေလည်း မပါဘူး၊ ကျွန်တော်တို့ တစ်ခါမှမကြားဖူးတဲ့ နာမည်တွေနဲ့ ဝင်ပြိုင်နေကြတာ ကြားရပါတယ်၊ အဲဒါကြောင့် ဒါဟာ ရိုးရာမီးပုံးပျံပွဲတော် မဟုတ်ပါဘူး၊ စကစ ဦးဆောင်ပြီးပြုလုပ်တဲ့ မီးပုံးပျံပွဲတော်ကြီးပါ"
စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲကို မြန်မာပြည်အနှံ့ကနေ လာရောက်လည်ပတ်သူတွေရှိခဲ့ပြီး တောင်ကြီးမြို့ စစ်ကောင်စီအဖွဲ့ကလည်း လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ တောင်ကြီးနဲ့နီးတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေကိုတော့ လက်မခံဘူးလို့ လွိုင်ကော် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခွန်အားမာန်က ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။
"တောင်ကြီး တန်ဆောင်တိုင်ပွဲကျ မြန်မာပြည်အနှံ့က မိတ်ဆွေတွေကို လက်ခံထား ပြီးတော့ ကျွန်တော်တို့ ကရင်နီမှာရှိတဲ့ လွိုင်ကော်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို တောင်ကြီး စကစ အစိုးရက ဘာလို့လက်မခံတာလဲပေါ့နော်၊ တောင်ကြီးမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ အသိတွေက စစ်ဘေးဒုက္ခသည်တွေကို လက်ခံပေး နေရဲ့သားနဲ့ တောင်ကြီး စကစ အစိုးရက ဘာလို့လက်မခံတာလဲ"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
၂၀၂၃ နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပခဲ့တဲ့ တန်ဆောင်တိုင်ပွဲဟာ ပွဲကျင်းပခဲ့တဲ့ ညတိုင်းစည်ကားခဲ့တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း လူမှုကွန်ရက်စာမျက်နှာ Facebook Page ကနေ တိုက်ရိုက်လွှင့်ပြီး ပြသခဲ့ပါတယ်။
ဒါပေမဲ့ တောင်ကြီးမြို့ထဲမှာတော့ မီးပုံးပျံကွင်းကိုလာဖို့ လုံခြုံရေးတွေပေးထားတဲ့ အကြောင်း ပွဲတော်ကျင်းပတဲ့ နေ့တိုင်း (စပီကာ) လော်နဲ့ လိုက်အော်နေရတယ်လို့ တောင်ကြီး ဒေသခံတစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်က ပြောပါတယ်။
"ဒီနှစ် တန်ဆောင်တိုင်ပွဲကို တောင်ကြီးကသူတွေ အကုန်လုံးက boycott လုပ်ထား တယ်ပေါ့နော်၊ ကျွန်တော်တို့ လူငယ်တွေဆိုလည်း မသွားကြဘူး၊ တန်ဆောင်တိုင်ပွဲကို ရောက်နေကြတဲ့ သူတွေအကုန်လုံးက တခြားနယ်က သူတွေများပါတယ်၊ ပွဲမစည်လို့ တောင်မှ မြို့ထဲမှာလာပြီး လော်နဲ့ လိုက်ပြီးအော်နေရတယ်ပေါ့နော်၊ ပွဲလည်ဖို့လာဖို့ လော်နဲ့ လိုက်ဖိတ်ခေါ်နေရတယ်၊ အော်တဲ့အထဲမှာဆိုရင်လည်း သူတို့ လုံခြုံရေးအပြည့် ပေးထားပါတယ်ဆိုတဲ့ သဘောမျိုးတွေနဲ့ လိုက်ပြီးအော်နေတာပါ"
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ လေးရာနီးပါး လွှတ်တင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပတဲ့ စစ်ကောင်စီလက်ထက် ဒီနှစ် ၂၀၂၃ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ မီးပုံးပျံအလုံးရေ ၁၂၆ လုံးသာ လွှတ်တင်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ မီးပုံးပျံပွဲ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့တဲ့ တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။