ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လားရှိုးမှာ ဒုက္ခသည်တစ်သောင်းကျော်ရှိလာ
2023.12.05

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ကြား တိုက်ပွဲတွေ ပြင်းထန်နေတာ တစ်လကျော်လာပါပြီ။
ဒေသခံတွေလည်း ဘေးလွတ်ရာကို နေ့စဉ် ထွက်ပြေးနေရပြီး ဒုက္ခသည်အရေအတွက်က ၁၃,၀၀၀ ကျော်နေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲက မြို့ပေါ်ရော ကျေးလက်မှာပါ ဖြစ်ပွားနေတာကြောင့် သိန္နီမြို့ပေါ်နဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ သန္နီနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ မိုင်းပါးနဲ့ မိုင်းလီကျေးရွာတွေဘက်ကို ထွက်ပြေးနေရတာပါ။ ဒါကြောင့် လားရှိုးမြို့ပေါ်က ပရဟတိအဖွဲ့တွေက အလံဖြူထောင်ထားတဲ့ အိမ်စီးကားတွေကို အသုံးပြုပြီး အဲဒီကျေးရွာတွေအထိ ဒုက္ခသည်တွေကို သွားရောက်ခေါ်ယူနေရပါတယ်။
နောင်အွမ်ရွာကနေ ထွက်ပြေးလာသူ ဒေါ်နန်းခမ်းမြင့်က တိုက်ပွဲကြောင့် သုံးရက်လောက် ထမင်းငတ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ ရွာမှာနေတယ်ဆိုတော့ နောင်အွမ်ရွာက နမ္မတူတံတားနဲ့ နီးနီးလေး နေရတယ်လေ။ ဗုံးကြဲတာလည်း အကျယ်ကြီး ကြားရတယ်၊ သေနတ်သံလည်း ကြားရတယ်။ ကြောက်လို့ ကျွန်မတို့ တွင်းတူးပြီးမှ တွင်းထဲမှာ သုံးညလုံးလုံး အိပ်ရတယ်။ ထမင်းလည်း မစားရဘူး။ ကျွန်မတို့က သိန္နီ နောင်အွမ်ရွာကနေ မိုင်းပါးဘက် စစ်ဘေးရှောင်ရတယ်။ မိုင်းပါမှာ သုံးည၊ လေးညလုံးလုံး အိပ်ရတယ်။ နောက် ပြန်အဆင်မပြေလို့ အစားအစာ ငတ်တယ်။ ဒီနေ့မှ လားရှိုး ပြန်ရောက်တာပေါ့နော့်"
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာကို မြင်တွေ့ခဲ့ရပြီး ရိတ်သိမ်းလက်စ စပါးခင်းတွေကို ဒီအတိုင်း ပစ်ထားခဲ့ရတယ်လို့ သီန္နီမြို့နယ် နားချက်ရွာသူ အသက် ငါးဆယ်အရွယ် ဒေါ်နန်းက ပြောပါတယ်။
"ဗုံးကြဲတော့ ကျွန်မတို့က စပါးရိတ်နေတဲ့အချိန်ကို ပြေးရှောင်လိုက်ရတာ။ ဒီမိုင်းလီရဲ့ ဘုန်းကြီးကျောင်းအထိကို ပြေးလိုက်ရတာရှင့်။ စပါးတွေကတော့ ရိတ်ပြီး စုပုံထားတဲ့သူတွေကတော့ နှစ်အိမ်လောက်ပဲ ပုံထားရတယ်။ ကျန်တဲ့သူတွေကတော့ ဒီအတိုင်းပဲ ထားလိုက်ရတာရှင့်။ အဲဒါ သေနတ်သံတွေနဲ့ ဘာတွေနဲ့ဆိုတော့ ကြောက်နေရတာရှင့်။ ညမိုးချုပ်ဆိုရင် သေနတ်သံတွေကလည်း ကြားရသေးတယ်။ နိမ့်နိမ့်လေးလားမသိဘူး၊ ရင်တောင်တုန်သွားတာပဲ၊ အိမ်ခေါင်မိုးပေါ်ကနေ ဖြတ်သွားတာ အိမ်ပေါ်ကျခဲ့သလိုပဲ ထင်ရတယ်။ ကြောက်လိုက်ရတာ၊ လန့်လိုက်ရတာရှင့်"
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက သိန္နီမြို့ပေါ်ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး၊ သိန္နီနဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
မြို့တစ်ဘက်ကမ်း ကျောင်းခမ်းရွာအနီးမှာ စစ်ကောင်းစီရဲ့ စကခ (၁၆) တပ်အပြင် တခြား တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိနေပြီး MNDAA တပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲကြောင့် သိန္နီမြို့ခံတွေအပြင် လားရှိုးနဲ့ သိန္နီကြားမှာရှိတဲ့ နမ့်ဟူး၊ ပန်ဖတ်၊ မိုင်းလီ၊ ပန်စုံ၊ ပိန်းဆာ၊ ကောင်းဆာ၊ နောင်အွမ်၊ ကျောင်းခမ်း၊ ပန်စုံ၊ နားချက် စတဲ့ကျေးရွာတွေက ဒေသခံတွေပါ လားရှိုးမြို့ကို ထွက်ပြေးခိုလှုံနေရတာပါ။
စစ်ကောင်စီတပ်စခန်းတွေနဲ့နီးတဲ့ သိန္နီမြို့ ကျောင်းခမ်းရွာဘုန်းတော်ကြီးကျောင်းမှာတော့ ဒုက္ခသည် ၁၃၀၀ ကျော် ပိတ်မိနေပါတယ်။
အဲဒီပိတ်မိနေသူတွေ စားစရာပြတ်လပ်ပြီး ဆန်ပြုတ်သောက်နေရတယ်လို့ သိန္နီမြို့ခံ ကိုစိုင်းက ပြောပါတယ်။
"၁၁ လပိုင်း ၁၃ ရက်နေ့နောက်ပိုင်းဆိုရင် အဲမှာ စားသောက်ဖို့ဆိုရင်လည်း ရှားသထက် ရှားလာတာပေါ့နော်။ သုံးရက်၊ လေးရက်လောက်ရှိပြီ၊ ဆန်ပြုတ်ပဲ သောက်နေရတာပေါ့။ ဆန်ပြုတ်တောင်မှ အကြာဆုံး တောင့်ခံနိုင်တယ်ဆိုရင် နောက်ထပ် ဆယ်ရက်လောက်ဆိုရင် စားဖို့တောင် မရှိတော့ဘူး။ အဲလိုမျိုး ဖြစ်နေတာ။ အဲမှာ ပြောင်းရွှေ့ခွင့်မရဘူးဆိုရင် စစ်ဘေးရှောင်အတွက် သူများလှူဒါန်းပေးတဲ့ဟာတွေ၊ ထောက်ပံ့ပေးတဲ့ဟာတွေ သူတို့ကို ရစေချင်တာပေါ့နော်။ အဲလိုမျိုး တောင်းဆို ချင်ပါတယ်"
မူလက ဒုက္ခသည် သုံးထောင်လောက် အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။ တိုက်ပွဲပြင်းထန်ချိန် ဒုက္ခသည်တွေပါ ထိခိုက်ဒဏ်ရာရလာတာကြောင့် လားရှိုးဘက်ကို ထပ်မံပြောင်းရွှေ့ခဲ့ရတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး သိန္နီမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။
"ကျွန်တော့်ဆန္ဒကတော့ အဲဒီစစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်စေချင်တာပေါ့။ ဘာလို့လဲဆိုရင် အခုလည်း သူတို့ ဒုက္ခရောက်နေတယ်။ ဆန်ပြုတ်သောက်နေရတယ်လို့ ကျွန်တော် သတင်းကြားထားပါတယ်"
ဒါ့ကြောင့် ကျောင်းခမ်းရွာမှာရှိတဲ့ မိဘ၊ ဘိုးဘွားတွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး စိုးရိမ်ပူပန်နေရတယ်လို့ သိန္နီမြို့ခံ စိုင်းရီက ပြောပါတယ်။
"ကျွန်တော့်မိဘတွေတော့ ကျန်ခဲ့တယ်။ အမေရယ်၊ အဖေရယ်၊ ညီလေးရယ်၊ အဘိုး၊ အဘွားရယ် ကျန်ခဲ့ပါတယ်။ ကျောင်းထဲမှာ ထွက်လို့မရဘူးပေါ့ဗျာ။ ကျွန်တော့်ဆန္ဒ ကတော့ အဲဒီစစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်စေချင်တာပေါ့။ ဘာလို့လဲဆိုရင် အခုလည်း သူတို့ ဒုက္ခရောက်နေတယ်။ ဆန်ပြုတ်သောက်နေရတယ်လို့ ကျွန်တော် သတင်းကြားထားပါတယ်။ ကျွန်တော်လာတာလည်း ကြာပြီဆိုတော့ အိမ်ကိုလည်း ဖုန်းဆက်လို့လည်း မရဘူး။ အဆက်အသွယ် ပြတ်နေတယ်ဆိုတော့လေ"
သိန္နီမြို့ပေါ်မှာ ရပ်ကွက် လေးခုရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်ပါတယ်။ ကျေးရွာအုပ်စု ၃၂ စု ရှိပြီး လူဦးရေ လေးသောင်းခွဲကျော် နေထိုင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် မြို့ပေါ်လူဦးရေ ထက်ဝက်နီးပါးနဲ့ အနီးအနား ကျေးရွာတွေက လူဦးရေ တစ်သောင်းနီးပါး လားရှိုးမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေရတာပါ။
လားရှိုးမြို့နယ် ကျေးရွာတွေကတိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပေါင်းရင် အခုလ ၂၄ ရက်နေ့အထိ လားရှိုးမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်လာသူ တစ်သောင်းကျော်ရှိနေပါပြီ။ သူတို့ကို ဒုက္ခသည်စခန်း သုံးဆယ်နီးပါး ဖွင့်လှစ်ပြီး ကူညီပေးနေရတယ်လို့ စေတနာ့ဝန်ထမ်း ကူညီပေးနေသူတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်က လားဟူ ခရစ်ယာန်ဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ သီန္နီမြို့နယ် ပိန်းဆာရွာကနေ ထွက်ပြေးလာသူ မနားရှေ ကတော့ သူတို့စခန်းမှာ သုံးရေနဲ့ အိမ်သာ လိုအပ်တယ်လို့ ဆိုပါတယ်။
"ရွာမှာကတော့ သူတို့ကို မကြောက်ရဘူးဆိုရင် ကိုယ့်ဒေသနဲ့ ကိုယ်ဆိုတော့ ပျော်တာပေါ့နော်။ ဒါပေမဲ့ ဒီမှာက လူအများနဲ့ဆိုတော့ အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့။ စားတာ၊ သောက်တာတွေ ရေတွေလည်း မလောက်ဘူးလေနော်၊ လူက များတယ်ဆိုတော့။ ဒါက မိုးရွာရင် မိုးယိုတာပေါ့နော်။ အိပ်လို့လည်း မရဘူး။ ထိုင်ပဲ ထိုင်နေရတာ။ မိုးမရွာရင်တော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့"
အဲဒီစခန်းမှာ လောလောဆယ် ဒုက္ခသည် ခုနစ်ရာနီးပါး ခိုလှုံနေပါတယ်။
ဆောင်းတွင်းကာလ ရာသီဥတုအေးတာကြောင့် ဖျားနာသူတွေ ရှိလာပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ လားဟူ ခရစ်ယာန်ဘုရားကျောင်းက ဒုက္ခသည်အရေး ကူညီပေးနေသူ ဆရာ AZ က ပြောပါတယ်။
"ဆေးဝါးက ရာသီဥတုကလည်း အေးလာတဲ့အတွက်ကြောင့်မို့ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ ခေါင်းကိုက်တယ်။ ပြီးတော့ အစာအိမ်နဲ့ပတ်သက်တဲ့ အရာပေါ့လေ။ ဝမ်းကိုက်၊ ဝမ်းလျှော အဲဒါမျိုးတွေရှိတယ်။ တချို့ကျတော့လည်း ကျန်းမာရေးက တုပ်ကွေးပေါ့လေ အဲဒါမျိုးတွေ ရှိတယ်။ ဒါ့ကြောင့်မို့ ဒီဆေးဝါးတွေက လိုအပ်ပါတယ်။ အရမ်းအရေးကြီးတဲ့ လူနာမျိုးဆိုရင်တော့ ကျွန်တော်တို့ ဆေးရုံကြီးကို ပို့လိုက်တဲ့ အနေအထားတွေတော့ ရှိပါတယ်"
လတ်တလောမှာ ဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ စေတနာရှင် တချို့က လာရောက်ကူညီနေပေမယ့် ဒုက္ခသည်စခန်းအားလုံးကို လွှမ်းခြုံနိုင်ဖို့ ခက်ခဲတယ်လို့လည်း စေတနာ့ဝန်ထမ်း ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သိန္နီမြို့နယ်တစ်မြို့နယ်တည်းမှာတင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး၊ နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာ လားရှိုး၊ သီန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် အပါအဝင် ရှမ်းမြောက် ဒေသ မြို့နယ် ၁၂ ခုကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းနီးပါး ရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။