ရပ်တည်ဖို့ ခက်ခဲလာတဲ့ အင်းလေးက ရိုးရာပန်းထိမ်လုပ်ငန်း
2024.03.22

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမကျေးရွာက ပန်းထိမ်လုပ်ငန်းတစ်ခုပါ။
ရိုးရာငွေပန်းထိမ်အပြင် ကြေးပြားကို လိုသလောက်ဖြတ်တောက်၊ လက်လုပ်တူနဲ့ အချိန်ဆမှန်မှန် ထုဆစ်၊ မီးအပူပေးပြီး ကြေးနန်းကြိုးမျှင်နဲ့ ချိတ်ဆက်ပုံဖော်ထားတဲ့ ငါးရုပ်လေး တစ်ကောင်ကို ပန်းထိမ်ခုံပေါ်မှာတင် လှုပ်ခတ်ပြီး အသက်ဝင်အောင် ဖန်တီးရတဲ့ ဒီပညာကို ကိုမြင့်ထွန်းဟာ သူအသက် ၁၆ နှစ်အရွယ်ကတည်းက သင်ယူတတ်မြောက်ခဲ့တာပါ။
ဒီလို အနုပညာလက်ရာမြောက်အောင် ထုဆစ်ရတဲ့ ငါးရုပ်လေးတွေက အင်းလေးဒေသထွက် မြန်မာမှု လက်ရာတွေထဲမှာတော့ ထင်ရှားပါတယ်။
ခရီးသွား အလာများလို့ ရောင်းအားကောင်းတဲ့ အချိန်တွေမှာ နေ့မအား ညမနား လုပ်ခဲ့ရပြီး ငါးရုပ်လေးတွေကို ကြေးပြားအစား ငွေထည်နဲ့ ထုဆစ်ပုံဖော်ရတဲ့အချိန်မှာ လုပ်ရတာ ပိုလက်ဝင်ပေမယ့် လုပ်အားခ ပိုရကြပါတယ်။
"ဒါမျိုးဆိုရင် တစ်နေ့ကို နှစ်ကောင်လောက်ပဲ ပြီးတာပေါ့။ တစ်ကောင်ကို ခုနစ်ထောင်ပဲထား၊ နှစ်ကောင် ၁၄,၀၀၀ ပေါ့။ ညရောလုပ်ရင် ၁၅,၀၀၀ လောက် ပိုရတာပေါ့။ ဒါကို ဧည့်သည်ကို ရောင်းတဲ့ လှေဆွဲသမားတွေ လှေနဲ့ ရောင်းတဲ့သူတွေကို လက်လီပေးရတာပေါ့။ နောက်ပြီးတော့ ဧည့်သည်များတဲ့အချိန်တွေဆို ဆိုင်တွေကို ပြန်သွင်းတာပေါ့၊ ဆိုင်ကြီးကို ငွေသားအစစ်နဲ့ဆိုရင်။ တချို့တွေဆို ဧည့်သည်များတဲ့အချိန်ဆို အိမ်မှာ လာမှာ တယ်။ လုပ်အားခကတော့ ဆိုင်ကို ပြန်သွင်းတော့ ငွေနဲ့လုပ်တော့ ပိုရတာပေါ့။ ငွေနဲ့ကျတော့ ဒီလို ကြေးလို မဟုတ်ဘူး။ သူက လက်ဝင်တယ်၊ လုပ်အားခတော့ ပိုရတာပေါ့"
အခုအချိန်မှာတော့ ငွေထည် မဟုတ်ဘဲ ကြေးထည်နဲ့တောင် အနိုင်နိုင် လုပ်နေရတယ်လို့ ကိုမြင့်ထွန်းက ပြောပါတယ်။
ဒီငါးရုပ်လေးတွေ အပါအဝင် အင်းလေးဒေသထွက် ရိုးရာလက်မှုပစ္စည်းတွေကို ကိုမြင့်ထွန်းတို့လို ရိုးရာလက်မှုပစ္စည်း ထုတ်လုပ်သူတွေဆီက ငါးရက် တစ်စျေးကျ ခေါက်ပြန်ပေးစနစ်နဲ့ လက်လီ ဝယ်ယူပြီး ဒေသခံတချို့က လှေငယ်ပေါ်မှာ စျေးဗန်းခင်းပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ အင်းလေး ဖောင်တော်ဦးဘုရားမှာ လှေနဲ့ သွားရောင်းကြတာပါ။
ဒေသထွက် ရိုးရာလက်မှုပစ္စည်းတွေကို တန်ဖိုးထား ဝယ်ယူလေ့ရှိတဲ့ ပြည်ပခရီးသွားတွေ မရှိသလောက် နည်းပါးသွားတဲ့ အခုလိုအချိန်တွေမှာ တစ်နေကုန်အောင် ရောင်းပေမယ့်လည်း စျေးဦး မပေါက်တဲ့နေ့တွေ ရှိလာတယ်လို့ ရိုးရာလက်မှုပစ္စည်းတွေကို လှေပေါ်မှာတင်ပြီး ရောင်းချတဲ့ အသက် ၂၆ နှစ်အရွယ် မအေးကျင်စိုးက ပြောပါတယ်။
"ညီမက အိမ်ကနေ မနက် ကိုးနာရီလောက်ထွက်ပြီး အဝန် ပစ္စည်းတွေတင်ပြီး ဖောင်တော်ဦး ဘုရားမှာ သွားရောင်းတယ်ရှင့်။ ဖောင်တော်ဦးဘုရားမှာက ပြည်တွင်းခရီးသွားဧည့်သည်တွေ ဘုရားဖူးလာကြတာရှိတော့ ညီမတို့ အင်းလေးရိုးရာ လက်မှုပစ္စည်းတွေ သွားရောင်းပါတယ်။ တစ်ခါတလေကျတော့လည်း တစ်နေကုန်အောင်ရောင်းမှ စျေးဦး မပေါက်တဲ့ ရက်လည်းရှိတယ်"
ငါးရုပ်လုပ်ရာမှာ အဓိက ကုန်ကြမ်းအဖြစ်သုံးတဲ့ ကြေးပြားကို ကိုမြင့်ထွန်းတို့ အရင်က မန္တလေးမြို့ကနေ ပိဿာလိုက် မှာယူလုပ်ကိုင်ကြတာပါ။
"အဓိက ကုန်ကြမ်းပစ္စည်း ကျွန်တော်တို့ လုပ်နေတာက ကြေးပေါ့။ ကြေးက လွန်ခဲ့တဲ့ သုံးနှစ်ကဆိုရင် တစ်ပိဿာ တစ်သိန်းခွဲလောက်ပဲရှိမယ်။ အခုဟာက လေးသိန်းခွဲ၊ ငါးသိန်းလောက်ရောက်နေပြီ။ ခုဆိုရင် ကျွန်တော်တို့ ပိဿာနဲ့ မဝယ်လုပ်နိုင်ဘူး"
အရောင်းအဝယ်ဖြစ်ရုံသာ အသက်ဆက်နေရတဲ့ ရိုးရာလက်မှုပစ္စည်း ထုတ်လုပ်ရောင်းချမှုက လက်ရှိမှာတော့ ပြည်တွင်းခရီးသွားကိုသာ မှီခိုနေရတယ်လို့ မအေးကျင်စိုးက ပြောပါတယ်။
"အရင်တုန်းကတော့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေလာတော့ ရောင်းရတယ်ရှင့်။ အခုက နိုင်ငံခြား ခရီးသွားဧည့်သည်တွေလည်းနည်းပါးသွားတယ်ရှင့်။ ပြည်တွင်း ဧည့်သည်တွေကိုပဲ အားကိုးပြီး ရောင်းရပါတယ်။ ဒါပေမယ့် ရောင်းအားက နိုင်ငံခြားသား ဧည့်သည်တွေလောက် မရောင်းရဘူးရှင့်"
လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စလို့ အရောင်းအဝယ်ပါးပြီး ကုန်ကြမ်းပစ္စည်းစျေးတွေအပြင် အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်လာတာကလည်း သူတို့အတွက် ပိုခက်ခဲစေပါတယ်။
နိုင်ငံခြားသား ခရီးသည် မတွေ့ရလောက်အောင် နည်းပါးတဲ့ အခုလိုအချိန်မှာတော့ ကိုမြင့်ထွန်းတို့ လက်မှုလုပ်ငန်းတွေ အရင်လို မတွင်ကျယ်တော့ဘဲ ဘဝရပ်တည်ရေးအတွက် ပိုခက်ခဲလာပါတယ်။
"ဧည်သည်တွေလည်း မကျဘူးလေ၊ အရောင်းအဝယ်လည်း မဖြစ်ဘူးပေါ့။ ကြေးကို ပိဿာနဲ့ ဝယ်ပြီး အလုပ်ကမဖြစ်တော့ ကျပ် တစ်ဆယ်ပဲဝယ်ပြီး တစ်လလောက်မှ ကျပ် တစ်ဆယ်က ကုန်တယ်။ အရှေ့ သုံးလေးနှစ်ကဆိုရင် တစ်ပိဿာဝယ်ရင် တစ်လလောက်ဆို ကုန်သွားပြီ။ အရောင်းအဝယ်တွေ ဘာမှမဖြစ်တော့ မှာသလောက်ပဲ လုပ်ပေးနေရတာပေါ့။ ဧည့်သည် များများကျမှပဲ ကျွန်တော်တို့ အလုပ်ပိုဖြစ်တာပေါ့"
အင်းလေးဒေသဟာ တိုင်းပြည်ဝင်ငွေကို မြန်မာနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှု အခန်းကဏ္ဍကနေ အဓိကအထောက်အပံ့ဖြစ်စေပြီး ခရီးသွား ဝန်ဆောင်မှုကလည်း ဒေသခံတိုင်းရင်းသားတွေရဲ့ လူမှု စီးပွား ဖွံ့ဖြိုးရေးအတွက် အသက် သွေးကြောလည်းဖြစ်ခဲ့ပါတယ်။
"အရောင်းအဝယ်တွေ ဘာမှမဖြစ်တော့ မှာသလောက်ပဲ လုပ်ပေးနေရတာပေါ့။ ဧည့်သည် များများကျမှပဲ ကျွန်တော်တို့ အလုပ်ပိုဖြစ်တာပေါ့"
ကိုဗစ်ရောဂါ ပျံ့နှံ့ခဲ့တဲ့အချိန်ကစလို့ တဖြည်းဖြည်း ကျဆင်းသွားတဲ့ မြန်မာပြည်ရဲ့ ခရီးသွားဝန်ဆောင်မှု အခန်းကဏ္ဍဟာ ကိုဗစ်အလွန်ကာလ အိမ်နီးချင်းနိုင်ငံတွေမှာ ခရီးသွားဝန်ဆောင်မှုတွေ ပြန်လည်စတင်နိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ မလုံခြုံမှုတွေကြောင့် မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။
ဒေသခံတွေကတော့ တိုင်းပြည်အေးချမ်းပြီး အရင်ကလို ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်ဖွံ့ဖြိုးလာဖို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ မှားယွင်းတဲ့ ဖမ်းဆီးမှုတွေကြောင့် ခရီးသွားလာမှုအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှု အမြင့်ဆုံး အနီရောင်အဆင့် နံပါတ်(၄) အဖြစ် ၂၀၂၄ ခုနစ် ဇန်နဝါရီလ ၂၂ ရက်နေ့က သတ်မှတ်ထားပါတယ်။