စွန့်ပစ်ခံကလေးငယ်တွေကို စောင့်ရှောက်နေတဲ့ ဆရာလေးများ

RFA Burmese
2023.08.30
စွန့်ပစ်ခံကလေးငယ်တွေကို စောင့်ရှောက်နေတဲ့ ဆရာလေးများ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေရတနာပရဟိတ သီလရှင် စာသင်တိုက်မှ သီလရှင်များအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်က ရွှေရတနာ ပရဟိတ သီလရှင်စာသင်တိုက်က သီလရှင်ဆရာလေးတွေဟာ စွန့်ပစ်ခံကလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးနေတာ ၁၁ နှစ်ရှိပါပြီ။

တစ်ဖက်က လသားအရွယ်ကလေးငယ်တစ်ဦးကို ချီပိုးရင်း ဆော့ကစားနေတဲ့ ကလေးငယ်တချို့ကို အမှိုက်ကောက်ပြီး စနစ်တကျ စွန့်ပစ်တတ်အောင် သင်ပေးနေသူ ကတော့ ရွှေရတနာပရဟိတ သီလရှင်စာသင်တိုက်ရဲ့ ကျောင်းထိုင်ဆရာကြီးဖြစ်တဲ့ သက်တော် ၅၀ အရွယ် ဒေါ်ပညာစာရီဖြစ်ပါတယ်။

ရွှေရတနာ ပရဟိတ သီလရှင်စာသင်တိုက်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ သံဒင်းတံတားအကျော် မကွေးလမ်းမှာရှိတာပါ။

ဒီကျောင်းတိုက်ကို ၂၀၀၇ ခုနှစ်မှာ စတည်ထောင်ခဲ့တာဖြစ်ပြီး ကျောင်းတည်ထောင်ပြီး ငါးနှစ်အကြာမှာ စွန့်ပစ်ခံ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

အရင်ကတော့ “ကလေးမွေးတဲ့အလုပ်က သီလရှင်အလုပ် မဟုတ်ဘူး” ဆိုပြီး ငြင်းပယ်ခဲ့ပေမယ့် ကလေးငယ်တွေရဲ့ အသက်အန္တရာယ်နဲ့ နောင်ရေးကို စိုးရိမ်ပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ကျောင်းထိုင်ဆရာကြီး ဒေါ်ပညာစာရီက မိန့်ပါတယ်။

"ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုပြီးနေရင် လူတွေ ဒုက္ခရောက်မှာကို ကြည့်ပြီးတဲ့ အခါကျတော့ လမ်းဘေးမှာလည်း အဲလိုမျိုးပစ်ထားခဲ့မှာလေးတွေကို စိုးရိမ်တဲ့ အတွက်ကြောင့်ပေါ့နော်။ ဆရာလေးတို့လက်မခံရင် လမ်းဘေးမှာပစ်ထားခဲ့မှာ စိုးတယ်ပေါ့နော်"

ဒီလိုနဲ့ပဲ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ကလေးငယ်တွေကို လက်ခံပြုစု စောင့်ရှောက် ပေးခဲ့တာ အခုဆိုရင် ကလေးငယ် ၂၈ ဦးထိရှိခဲ့ပါပြီ။ ဒီအထဲမှာ သင်္ကန်းစည်းပေးထားတဲ့ ကိုရင် ၁၁ ပါးရှိပြီး မိန်းကလေးဆိုရင်တော့ အသက် ငါးနှစ်ကျော်တာနဲ့ သီလရှင် ဝတ်ပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လေးလသားအရွယ် ကလေးငယ် နှစ်ဦးနဲ့ ခုနစ်လသားအရွယ် တစ်ဦးအပါအဝင် ငါးနှစ်အောက် ကလေးငယ် ကိုးဦး ရှိပါတယ်။ ကျန်တာကတော့ ဆရာလေးတွေနဲ့ ကိုရင်တွေဖြစ်နေပါပြီ။ အကြီးဆုံးက အသက် ၂၂ နှစ်အရွယ် သီလရှင်ဖြစ်ပြီး အခုတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားပြီးပြီလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေရတနာပရဟိတ သီလရှင် စာသင်တိုက်မှ သီလရှင်တစ်ပါးနှင့် ရက်လုပ်ထားသည့် လက်ဆွဲခြင်းများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေရတနာပရဟိတ သီလရှင် စာသင်တိုက်မှ သီလရှင်တစ်ပါးနှင့် ရက်လုပ်ထားသည့် လက်ဆွဲခြင်းများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့အခါ အခက်အခဲက မွေးကင်းစနဲ့ ငါးနှစ်အောက် ကလေးငယ်တွေအတွက် နို့မှုန့်ဖိုးနဲ့ မုန့်ဖိုးပါ။ ဒီအခက်အခဲကို ဖြေရှင်းဖို့ ဆရာလေးတွေက လက်မှုပညာလေးတွေ သင်ယူခဲ့ပါတယ်။ ခြင်းလေးတွေ ရက်လုပ်ရောင်းချပြီး နို့မှုန့်ဖိုး ရှာဖွေခဲ့ကြတယ်လို့ ကျောင်းထိုင်ဆရာကြီး ဒေါ်ပညာစာရီက ရှင်းပြပါတယ်။

"နှစ်နှစ်၊ သုံးနှစ်ရှိပြီ။ ဒီကလေးတွေမွေးတော့ အခက်အခဲရှိလို့ဆိုပြီး ခြင်းလေးတွေ ရက်တာပေါ့။ ခြင်းလေးတွေ၊ လက်မှုပညာလေးတွေ ခြင်းတွေရက်တယ်။ နောက် တဘက်လေးတွေထိုးတယ်။ အဲဒါလေးတွေကို ဒီကိုလာတဲ့ အလှူရှင်တွေကနေပြီးတော့ စိတ်ဝင်စားပြီးတော့ ဝယ်တယ်ဆိုရင် ရောင်းပေးလိုက်တယ်။ အဲက မြတ်တဲ့ အမြတ်လေးတွေစုပြီးတော့ နို့မှုန့်ဖိုး ဖြေရှင်းတာပေါ့"

၂၀၁၈ ခုနှစ်က ဆရာလေး ငါးပါးသာ လက်မှုပညာ သင်ယူခဲ့တာဖြစ်ပြီး အခုတော့ ပညာပြန်မျှဝေရင်း လက်မှုပညာတတ်ကျွမ်းတဲ့ ဆရာလေး အပါး နှစ်ဆယ်ထိရှိနေပါပြီ။ လက်မှုပညာနဲ့ ကလေးတွေအတွက် နို့မှုန့်ဖိုး ရှာဖွေနေတဲ့အထဲမှာ ဆရာလေး မရူပစန္ဒာလည်း ပါဝင်ပါတယ်။

"တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာပေါ့နော်။ အမြဲတမ်းကြီး မပြောချင်လို့ပါ၊ အလှူခံတယ်ဆိုတာကိုလေ။ အဲလိုမျိုး ဆရာလေးတို့ ကလေးတွေ၊ သားသမီးတွေ အတွက် အဲလိုမျိုး ထုတ်ပြီးတော့ အလှူမခံချင်လို့ပါ။ ခြင်းထိုးတယ်ဆိုတာကကျတော့ အဓိကတော့ မုန့်ဖိုးအတွက် သူတို့အတွက် ကူညီပေးဖို့ပေါ့နော်"

ဒီစာသင်တိုက်မှာ ဆရာလေးတွေကို တရားဓမ္မစာပေအပြင် အတန်းကျောင်းစာပေ၊ လက်မှုလုပ်ငန်းဖြစ်တဲ့ ချည်ထိုးနဲ့ စက်ချုပ်လည်း သင်ပေးနေပါတယ်။ အဓိကတော့ သာသနာ့ဘောင်မှာ မပျော်တော့လို့ လူဝတ်ကြောင် ပြန်လဲမယ်ဆိုရင်လည်း တတ်ကျွမ်းထားတဲ့ပညာနဲ့ ရပ်တည်နိုင်အောင်ဖြစ်တယ်လို့ မိန့်ပါတယ်။

"ဒီကလေးလေးတွေရဲ့ နို့မှုန့်ဖိုးတွေ အဆင်ပြေအောင်၊ မုန့်ဖိုးလေးတွေ အဆင်ပြေအောင် အဲလို ရည်ရွယ်ချက်နဲ့ ဆရာလေးတို့ လုပ်ပြီးတော့ ရောင်းတာပေါ့"

အခုလို လက်မှုပညာသင်ပြီး လုပ်ကိုင်တာဟာ စီးပွားဖြစ်လုပ်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ သက်တော် ၃၄ နှစ်အရွယ် စာချဆရာလေး ဒေါ်တိက္ခဝတီက မိန့်ပါတယ်။

"ဒီခြင်းတွေလုပ်ရလို့မို့လို့ တစ်လကို ဘယ်လောက်ထွက်ရမယ်။ ရောင်းကိုရောင်းရမယ်။ အဲလို စိတ်ကြီးနဲ့တော့ မဟုတ်ဘူးပေါ့။ ဒီကလေးလေးတွေရဲ့ နို့မှုန့်ဖိုးတွေ အဆင်ပြေအောင်၊ မုန့်ဖိုးလေးတွေ အဆင်ပြေအောင် အဲလို ရည်ရွယ်ချက်နဲ့ ဆရာလေးတို့ လုပ်ပြီးတော့ ရောင်းတာပေါ့"

ဆရာလေးတွေ ရက်လုပ်တဲ့ လက်မှုခြင်းတွေကို အနည်းဆုံး ကျပ် ခြောက်ထောင်ကနေ တစ်သောင်းခွဲထိ အရည်အသွေးနဲ့ ဒီဇိုင်းပေါ်မူတည်ပြီး ရောင်းပါတယ်။

ရွှေရတနာပရဟိတ သီလရှင်စာသင်တိုက်မှာ မွေးစကလေးငယ်တွေကို ပြုစုစောင့်ရှောက် ထားသလို မိဘတွေက ပညာသင်ဖို့သပ်သပ် အပ်ထားတဲ့ သီလရှင်တွေလည်းရှိပါတယ်။ စုစုပေါင်း စာသင်သား သီလရှင် ၇၅ ပါးထိရှိပါတယ်။ ပြုစုသူမရှိလို့ ခက်ခဲနေတဲ့ သက်ကြီးဝါကြီး သီလရှင် ၁၅ ပါးကိုလည်း ပင့်ပြီး ပြုစုစောင့်ရှောက်ပေးထားပါသေးတယ်။

ဒါ့အပြင် ကျောင်းဝင်းထဲမှာလည်း နှစ်ထပ်ကျောင်းဆောင်နဲ့ ကိုရင်၊ သီလရှင်နဲ့ ကျောင်းပြင်ပက ကလေးငယ် စုစုပေါင်း ဦးရေ ၅၅၀ ကို သူငယ်တန်းကနေ ရှစ်တန်းထိ အခမဲ့ စာသင်ပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။