ဟာသဗီဒီယိုက ဝင်ငွေနဲ့ နွမ်းပါးသူတွေကို ကူညီနေတဲ့ နောင်စိန်ပရဟိတအဖွဲ့

RFA Burmese
ဟာသဗီဒီယိုက ဝင်ငွေနဲ့ နွမ်းပါးသူတွေကို ကူညီနေတဲ့ နောင်စိန်ပရဟိတအဖွဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွင် အကူညီလိုအပ်နေသူများအား ထောက်ပံ့ပစ္စည်း ပေးအပ်နေသည့် နောင်စိန်ပရဟိတအဖွဲ့ကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့က လူငယ်တစ်စုဟာ နောင်စိန်ပရဟိတဆိုတဲ့အဖွဲ့ကို ဖွဲ့ထားပါတယ်။ သူတို့အဖွဲ့က ၂၀၂၁ ကစလို့ ဟာသဗီဒီယိုတိုလေးတွေ ဖန်တီးပြီး ဖေ့စ်ဘွတ်နဲ့ ယူကျုမှာတင်လို့ ရလာတဲ့ဝင်ငွေလေးနဲ့ ချို့တဲ့သူတွေကို တစ်ပိုင်တစ်နိုင်ကူညီနေပါတယ်။

"ဆန်တစ်အိတ်ကို အကြာကြီးစားရမှာဆိုပြီး မျက်ရည်ကျပြီးတော့ အရမ်းရင်ထဲမှာ ခံစားရတယ်"

အဖွဲ့ကိုဦးဆောင်တဲ့ ကိုနောင်စိန်ဟာ တိုက်ကွမ်ဒို နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ Nau Sing ဖေ့စ်ဘွတ်စာမျက်နှာကို Like နဲ့ Follow လုပ်ထားတဲ့သူ ခုနစ်သောင်းခွဲကျော် ရှိနေပြီး ယူကျုမှာတော့ နှစ်ထောင့်ခြောက်ရာကျော် ရှိပါတယ်။ အဲဒီကနေရတဲ့ ဝင်ငွေလေးနဲ့ တတ်နိုင်သလောက် ကူညီနေတာလို့ ကိုနောင်စိန်က ပြောပါတယ်။

“ကျွန်တော် ငယ်ငယ်ကတည်းက ပရဟိတလုပ်တာဝါသနာပါတယ်။ video စရိုက်တဲ့အချိန်က ကြိုးစားပြီးမှ သုံးနှစ်လောက် ပိုက်ဆံရလာတယ်။ အဲကနေ ဝင်ငွေနည်းနည်းရှိတာပေါ့။ ဝင်ငွေရှိလာတဲ့ အချိန်ကစပြီး ကျွန်တော် တတ်နိုင်သလောက် လက်လှမ်းမီသလောက် ကျွန်တော်ရတဲ့ ဝင်ငွေနည်းနည်းနဲ့ပေါ့၊ အလှူငွေတွေ သွားပေးတာပေါ့၊ ပရဟိတစလုပ်ခဲ့တာဖြစ်ပါတယ်”

ဗီဒီယိုတွေဖြစ်အောင် တယ်လီဖုန်းကိုပဲအသုံးပြုပြီး ရိုက်ကူးတည်းဖြတ်ရတာကြောင့် ကွန်ပျူတာနဲ့ လုပ်ရသလောက်အဆင်မပြေဘဲ၊ အခက်အခဲရှိပေမယ့် အားပေးတဲ့သူတွေရှိတဲ့အတွက် အခုလို ဝင်ငွေရပြီး လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်တာလို့ နောင်စိန်အဖွဲ့က ပြောပါတယ်။

သူတို့အဖွဲ့က မဆန်းဆန်းဟာလည်း Online ကနေ အလှကုန်ပစ္စည်းရောင်းရင်း တစ်ဖက်ကလည်း နောင်စိန်အဖွဲ့ရဲ့ ဖျော်ဖြေရေးဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင် ပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ရတဲ့ဝင်ငွေလေးနဲ့ အမှန်တကယ်နွမ်းပါးတဲ့ မိသားစုတွေကို လှူဒါန်းတာဖြစ်တဲ့အတွက် အကူအညီရတဲ့သူတွေလည်း ဝမ်းသာသလိုပီတိလည်း ဖြစ်ရတယ်လို့ Nau Sing ပရဟိတအဖွဲ့ဝင် မဆန်းဆန်းက ပြောပါတယ်။

“ကျွန်မတို့ သွားလှူတဲ့အခါကျတော့ ကျွန်မတို့ ပေးလိုက်တဲ့ ဆန်တစ်အိတ်ဆိုလို့ရှိရင် သူတို့က မျက်ရည်ကျပြီးတော့မှကို ငါတို့ အဲလိုဆန်အိတ်လိုက် မဝယ်ဖူးဘူး၊ ဘူးလိုက်ပဲဝယ်ရတယ်၊ တောင်းစားတယ်။ ဆန်တစ်အိတ်ကို အကြာကြီးစားရမှာဆိုပြီး မျက်ရည်ကျပြီးတော့ အရမ်းရင်ထဲမှာ ခံစားရတယ်၊ ပီတိဖြစ်မိတယ်”

ဟာသဗီဒီယိုလေးတွေကနေ ရတဲ့ဝင်ငွေအပြင် နိုင်ငံခြားက အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေဆီက အကူအညီတချို့လည်းရလာလို့၊ အခုနောက်ပိုင်း ပိုပြီးလှူဒါန်းလာနိုင်တယ်လို့ ကိုနောင်စိန်က ပြောပါတယ်။

“ကျွန်တော်တို့က Nau Sing page နာမည်နဲ့ပေါ့၊ ရတဲ့ဝင်ငွေလေးနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ပုံမှန်တစ်လတစ်ခါလောက် ပေးဖို့ရှိတယ်။ ကျွန်တော်တို့နဲ့ လာပေါင်းတဲ့ လှူချင်တဲ့သူရှိရင်လည်း ကျွန်တော်တို့က လက်ခံမှာပါ။ တခြားက လာလှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ ကျွန်တော်တို့က တစ်လမှာတစ်ခါ လှူသွားဖို့ အစီအစဉ်ရှိပါတယ်”

နောင်စိန်အဖွဲ့ဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ မိသားစုတစ်စုကို တစ်လ ၁ သိန်းနှုန်းနဲ့ မိသားစု ငါးစုစာ လှူဒါန်းနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် အကူညီလိုအပ်နေသူများအား ထောက်ပံ့ပစ္စည်း ပေးအပ်နေသည့် နောင်စိန်ပရဟိတအဖွဲ့ကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ကလေးမြို့တွင် အကူညီလိုအပ်နေသူများအား ထောက်ပံ့ပစ္စည်း ပေးအပ်နေသည့် နောင်စိန်ပရဟိတအဖွဲ့ကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

သူတို့ဟာ အထူးသဖြင့် တစ်ယောက်တည်း ရုန်းကန်ရပြီး သားသမီးတွေကို စောင့်ရှောက်နေတဲ့ မိခင်တွေကို ဦးစားပေးပြီး လှူဒါန်းနေတယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဝင်းထဲမှာခိုလှုံနေရတဲ့ ကလေးငါးယောက်အမေ မမန်လန်ညောင်ကို နောင်စိန် (Nau Sing) အဖွဲ့က စားနပ်ရိက္ခာလှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

သူတို့သားအမိတွေ စားစရာမရှိလို့ ခက်ခဲနေတဲ့အချိန်မှာ နောင်စိန် Nau Sing အဖွဲ့က ကူညီတဲ့အတွက် ကျေးဇူးတင်တယ်လို့ မမန်လန်ညောင်က ပြောပါတယ်။

“ညစာချက်ဖို့ ထမင်းမရှိလို့ တောင်းစားဖို့ ကျွန်မတို့ သားအမိသုံးယောက် ရပ်ကွက်ထဲသွားတယ်၊ မရှက်တတ်တော့ဘဲနဲ့ရှိမယ်၊ ပေးနိုင်မယ်ထင်တဲ့ အိမ်တိုင်းကို ဝင်ပြီးတော့တောင်းခဲ့တယ်။ အဲလိုအချိန်မှာ Nau Sing အဖွဲ့က ကုလားပဲ၊ ဆန်၊ ဆီ၊ ဆား လာလှူသွားတာ သူတို့ကိုလည်း အရမ်းကျေးဇူးတင်တယ်”

ဟာသဗီဒီယိုတွေ ရိုက်ကူးဖန်တီးရင်း ဝင်ငွေပိုရလာအောင် ကြိုးစားနေပြီး ပိုရခဲ့ရင် ပိုလှူမယ်လို့ နောင်စိန် Nau Sing အဖွဲ့က ရည်မှန်းထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။