ဆောမြို့နယ်က ဒုက္ခသည် ၅၀၀ ခန့် စားနပ်ရိက္ခာအခက်ကြုံနေ

2022.09.21
ဆောမြို့နယ်က ဒုက္ခသည် ၅၀၀ ခန့် စားနပ်ရိက္ခာအခက်ကြုံနေ မကွေးတိုင်း၊ ဆောမြို့နယ် အညာကတင်းကျေးရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း၊ ဆောမြို့နယ် အညာကတင်းကျေးရွာက စစ်ဘေးဒုက္ခသည် ၅၀၀ ခန့်ဟာ အကူအညီတွေ မရတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အညာကတင်း စစ်ဘေးဒုက္ခသည်စခန်းဟာ ဆောမြို့နဲ့ သုံးမိုင်ခန့်အကွာမှာရှိတာဖြစ်ပြီး ချင်းပြည်နယ်နဲ့ မကွေးတိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ခိုလှုံနေတဲ့စခန်းလည်းဖြစ်ပါတယ်။

"အဓိက လိုအပ်ချက်က စားနပ်ရိက္ခာပါ။ ဆန်၊ ဆီ၊ ဆား၊ ငါးပိ အဲဒါလေးတွေ စားနပ်ရိက္ခာတွေ တအားအရေးကြီးတာပေါ့"

အလှူရှင်တွေ မရောက်တာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာလို့ ဆောမြို့ နယ် လယ်ကြီးအိုင် ကျေးရွာကနေ ထွက်ပြေးရောက်ရှိနေတဲ့ မသီတာက RFA ကို ပြော ပါတယ်။

"အဓိက လိုအပ်ချက်က စားနပ်ရိက္ခာပါ။ ဆန်၊ ဆီ၊ ဆား၊ ငါးပိ အဲဒါလေးတွေ စားနပ် ရိက္ခာတွေ တအားအရေးကြီးတာပေါ့၊ အလှူရှင်တွေလည်း အခုနောက်ပိုင်းက မလာဘူး။ အငှားအရမ်း လေးတွေနဲ့ ဝယ်စားလို့ စားနေရတာ"

မသီတာဟာ သူတို့ရွာတွေအနီးအနားမှာ စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းတွေ ထိုးပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒီဒုက္ခသည်စခန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကတည်းက ထွက်ပြေးလာတာ အခုဆို အချိန်တစ်နှစ်ပြည့်ခဲ့ပါပြီ။ သူထွက်ပြေးလာစဉ်က ပါလာတဲ့ ကိုယ်ဝန်ကိုလည်း ဒီဒုက္ခသည်စခန်းမှာပဲ မွေးခဲ့ရ တယ်လို့ မသီတာက ပြောပါ တယ်။

သူ့လိုပဲ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ထွက်ပြေးလာတဲ့ ဒေါ်တင်တင်မိုးက လည်း စခန်းမှာ အကူအညီတွေမရလို့ ဖြစ်သလို စားသောက်နေရတယ်လို့ ပြောပါတယ်။

"လက်နက်ကြီးတွေ တအားကျလို့ ကျမတို့ မနေရဲလို့။ အပစ်အခတ်တွေ အများကြီး။ ကြောက်လို့ ပြေးလာကြတာ။ ဘာမှ အဆင်မပြေဘူး စားဖို့သောက်ဖို့လည်း မပြည့်စုံဘူး။ နေ့စားလေးတွေ လိုက်ပြီးမှ စားနေရတာ။ အငှားလေးတွေ တစ်ရက် နှစ်ရက်လိုက်ပြီး တော့ အဲဒါလေးတွေနဲ့ပဲ စားပြီးနေ နေရတာ"

ရခိုင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်တင်တင်မိုးဟာ ကန်ပက်လက်က ချင်းအမျိုးသားနဲ့ အိမ်ထောင်ကျပြီး သားသမီးသုံးဦးနဲ့အတူ အေအေးချမ်းချမ်းနေထိုင်ခဲ့သူပါ။ အာဏာသိမ်း ပြီးနောက် သူတို့ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာသလို အရပ်သားတွေနေထိုင်ရာ အနီး အနားမှာ လက်နက်ကြီးတွေပါ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လွန်ခဲ့တဲ့ ခြောက်လ လောက်ကတည်းက မိသားစုနဲ့အတူ ဒီစခန်းကို ထွက်ပြေးရောက်ရှိ လာကြတာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် နောက်တစ်ဦး ဖြစ်တဲ့ ဦးလိန်နှိုင်းကလည်း စခန်းမှာ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ပြော ပါတယ်။

"ကျန်းမာရေး ကိစ္စက ဆေးလုံးတွေလည်း မရှိဘူး။ ဆေးလုံးထောက်ပံ့မယ့်သူတွေလည်း မရောက်လာဘူး။ တအား ခက်ခဲနေတယ်။ ရေကတော့ ချောင်းမှာပဲ ကိုယ့်ဟာနဲ့ကို သွားခပ်ရတယ်။ တအားခက်ခဲနေတယ်။ လမ်းတွေလည်း မကောင်းဘူး"

ဦးလိန်နှိုင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထွက်ပြေးရောက်ရှိလာသူပါ။ လက်ရှိမှာ ဆိုင်ကယ် ကယ်ရီဆွဲပြီး ဝမ်းရေးကို ဖြေရှင်းဖို့ ကြိုးစားနေရပေမယ့် လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

Saw Refugees2.jpg
မကွေးတိုင်း၊ ဆောမြို့နယ် အညာကတင်းကျေးရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ ရစဉ်။ (Photo: Citizen Journalist)

အညာကတင်း စစ်ဘေးဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့ထဲက ဒေသခံတွေရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားတာပါ။ ဒီစခန်းမှာ ဒုက္ခသည်အိမ်ထောင်စု ၁၁၇ စု၊ လူဦးရေ ၅၀၀ ခန့် ရှိပါတယ်။ အဲဒီ ဒုက္ခသည်တွေ အထဲမှာ အသက် ငါးနှစ်အောက်ကလေး ၇၂ ဦး၊ ကိုယ်ဝန်ဆောင် ခုနစ်ဦးနဲ့ မသန်စွမ်းသုံးဦးပါဝင်တယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် လုံးချင်းအိမ် ၉၇ လုံး၊ တန်လျားရှည်သုံးလုံးနဲ့ အခြား အဆောက်အအုံတွေနဲ့ ဆို စုစုပေါင်း ၁၀၃ လုံး ဆောက်လုပ်ပေးထားတာကြောင့် နေထိုင် ရေးအတွက် အဆင်ပြေပေမယ့် သူတို့ရဲ့ စားနပ် ရိက္ခာအတွက် ပြင်ပအလှူရှင်တွေနဲ့ အလှမ်းဝေးနေတာကြောင့် အခက်အခဲဖြစ်နေကြရတာလို့ ဒုက္ခသည်တွေက ပြောကြ ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA Myanmar) ရဲ့ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁.၃ သန်းကျော်ရှိလာနေပြီး အဲဒီ အထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မကွေးတိုင်းမှာ ထွက်ပြေးရသူပေါင်း ၉၈,၁၀၀ ဦး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။