အကူအညီလိုအပ်နေတဲ့ အညာဒေသက တိရစ္ဆာန်ဘေးမဲ့ခြံ

2022.08.15
အကူအညီလိုအပ်နေတဲ့ အညာဒေသက တိရစ္ဆာန်ဘေးမဲ့ခြံ ရေစကြိုမြို့နယ် မေတ္တာစိမ့်စမ်း နွားဘေးမဲ့ဥယျာဉ်တည်ထောင်သူ ဒေါ်ဥမ္မာသန်း။
Photo: RFA

“ကျမက မေတ္တာစိမ့်စမ်းဂေဟာကို ဖွင့်တာ ၁ဝ နှစ်ရှိပါပြီ။ ဒီနှစ်လောက် စိုးရိမ်ပူပန်ရတာ မကြုံဖူးဘူး။ ဘာကြောင့်လဲဆိုတော့ နွားစာအခက်အခဲတွေပေါ့နော်။ ရှေ့ဆက်ပြီး ဒီသတ္တဝါလေးတွေကို အထူးသဖြင့် နွားသတ္တဝါလေးတွေကိုပေါ့နော်။ ရှေ့ဆက်ပြီး ဘယ်လိုခရီးဆက်ရမလဲ စဉ်းစားလို့မရနိုင်အောင် စိတ်ဒုက္ခရောက်လို့ပါပဲရှင်”

ဒါကတော့ မေတ္တာစိမ့်စမ်းလို့အမည်ရတဲ့ ဘေးမဲ့ဥယျာဉ်ကို ဦးစီးနေတဲ့ဒေါ်ဥမ္မာသန်းရဲ့ ပူပန်နေမှုပါ။ ပခုက္ကူမြို့နဲ့ ၇ မိုင် လေးဖာလုံအကွာ ရေစကြိုမြို့နယ်၊ ပန်းတိုင်းခြုံရွာမှာ (၁၅ ) ဧက ကျယ်ဝန်းတဲ့ မေတ္တာစိမ့်စမ်းဟာ နွားဘေးမဲ့ဥယျာဉ်အဖြစ် စတင်ရည်ရွယ်တည်ထောင်ခဲ့ပေမယ့် အခုတော့ ဆိတ်၊ သိုး၊ ကျွဲ၊ မြင်း၊ မျောက်၊ ကြောင် အစရှိတဲ့ တိရစ္ဆာန် ၁၃ မျိုးကို စောင့်ရှောက်ကျွေးမွေးထားပါတယ်။

“နွားက ၂၂၁ ကောင်ပါ။ ခွေးက ၆၈ ကောင်ပါ။ ကျွဲက ၁၂ ကောင်ပါ။ သိုးနဲ့ဆိတ်က ၂၁ ကောင်ပါ။ မြင်းက ၂ ကောင်ပါ။ သူတို့ရဲ့ ကျန်းမာရေး၊ နေရေးစားရေး သုံးရပ်လုံးတာဝန်ယူရတာ တစ်လကို သိန်း ၇၀ ကုန်ပါတယ်။ ဝန်ထမ်းအမျိုးသား ၁၁ ယောက် ရှိတယ်။ အမျိုးသမီးနှစ်ယောက် ရှိတယ်။ ဝန်ထမ်းလစာက ၁၈ သိန်း လောက်ကုန်တယ်။ နွားခြံစရိတ်က တစ်လကို သိန်း ၇၀ လောက်ရှိတာ”

မေတ္တာစိမ့်စမ်း ဘေးမဲ့ဥယျာဉ်မှာ ရောက်နေတဲ့ ကျွဲနွားအများစုဟာ အသက်အရွယ်ကြီးရင့်လို့ လယ်ယာလုပ်ငန်းခွင်ကနေ အနားပေးခံရတဲ့ နွားအိုတွေကို ပိုင်ရှင်တွေနဲ့ ဇီဝိတဒါနအလှူရှင်တွေ လာရောက် ပို့ဆောင်ထားကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အင်္ဂါချွတ်ယွင်းလို့ လယ်ယာလုပ်ငန်းခွင်မှာ မသုံးနိုင်တဲ့ မသန်စွမ်းနွားတွေကိုလည်း မေတ္တာစိမ့်စမ်းဘေးမဲ့မှာ စောင့်ရှောက်ထားပါတယ်။ နွားမိခင်ကွယ်လွန်ပြီး ကျန်ရစ်တဲ့ နွားငယ်ကလေးတွေကို ဘေးမဲ့ဥယျာဉ်က နို့ဘူးတိုက် စောင့်ရှောက်ပေးခဲ့ပါသေးတယ်။ အဲဒီလို နွားတွေကို အဓိကထားကယ်တင်စောင့်ရှောက်နေတဲ့ ဘေးမဲ့ဥယျာဉ်ကို တည်ထောင်သူက ဒေါ်ဥမ္မာသန်းပါ။ အသက် ၆၁ နှစ်အရွယ် အသားညိုညို ပိန်ပိန်ပါးပါး အမျိုးသမီးဟာ အဲဒီဘေးမဲ့ခြံမှာ နေထိုင်ပြီး မိုးလင်းမိုးချုပ် တိရစ္ဆာန်တွေနဲ့အတူ နေထိုင်စောင့်ရှောက်ပေးနေသူပါ။ သူရဲ့ ထူးခြားတဲ့သဒ္ဓါတရားနဲ့ မေတ္တာစိမ့်စမ်း ဘေးမဲ့ဥယျာဉ် ဖြစ်လာခဲ့ရတာပါ။

"ကျမ ၃၂ နှစ်ကြာအောင် စီးပွားရေးလုပ်ငန်းလုပ်ခဲ့တဲ့ ဝိုင်းမြေ၊ တိုက်တာအဆောက်အအုံနဲ့ ရွှေလဝန်းဆီစက်ကို ပယ်ဖျက်ရောင်းချပြီးတော့ ဒီဘေးနဲ့ ဥယျာဉ်ကြီးကို ဖွင့်ခဲ့တာပါ။ ကျမ မွေးဖွားတဲ့အချိန်မှာ မေမေက သွေးဆုံးသားဆုံးပေါ့နော်။ နေမကောင်းဖြစ်ပြီး ကျမကို နို့ဘူးတိုက်ပြီး မွေးရတာပါ။ နွားမိခင်ကြီးနဲ့ နွားသားလေးကို အဖေက ဝယ်ပြီးတော့ ကျမ ကို နို့တိုက်ခဲ့ရတာပါ။ နွားအမေရဲ့နို့ကို သောက်ပြီးတော့ ဒီအချိန်အထိ ကြီးပြင်းခဲ့ရတဲ့အတွက် ကျမအတွက် ဂန္ထဝင်မိခင်လို့ အောက်မေ့ပြီးတော့ နွားကျေးဇူးဆပ်ချင်တဲ့အတွက် နွားဘေးမဲ့ဥယျာဉ် ဖြစ်ပေါ်လာခဲ့ရတာပါ။၂၀၁၁ ဆယ့်နှစ်လပိုင်းက ဒီဘေးမဲ့ဥယျာဉ်ကို ခြိမ့်ခြိမ့်သဲသဲ ဖွင့်ခဲ့တာပါရှင်"

ကိုယ်ထူကိုယ်ထ တည်ထောင်ထားရတဲ့ မေတ္တာစိမ့်စမ်းမှာ စောင့်ရှောက်ရတဲ့ တိရစ္ဆာန်တွေအတွက် အလှူရှင်တွေပံ့ပိုးတာနဲ့ပဲ ရပ်တည်ရတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့ရတဲ့ကာလရယ် အခုလို အညာဒေသကို ခရီးသွားလာရ ခက်ခဲတဲ့အချိန်မှာ ဘေးမဲ့ခြံကို လာရောက်လည်ပတ် လှူဒါန်းတာတွေ မရှိသလောက် ဖြစ်ခဲ့ရတဲ့အချိန်မှာတော့ ကယ်တင်ထားရတဲ့ သတ္တဝါတွေရဲ့ ရိက္ခာအတွက် စိုးရိမ်စရာဖြစ်လာတဲ့အကြောင်း ဒေါ်ဥမ္မာသန်းက ပြောပါတယ်။

"ဟိုးအရင် တစ်နှစ်က သိန်း ၁၂၀ ဝယ်နိုင်ခဲ့တယ်။ မနှစ်က ၆၅ သိန်း၊ ဒီနှစ်တော့ ၂၅ သိန်းဖိုးပဲ ဝယ်နိုင်သေးတယ်။ နွားစာတွေအတွက် မဖူလုံတော့ဘူး။ ကလေးတွေအတွက် အတော်ပူလောင်နေတာ။ ကျမ အတော်စိတ်ဆင်းရဲတယ်။ အလှူငွေလည်း အတော်နည်းပါးနေတယ်။ ဒီဘေးမဲ့ခြံကို ရေရှည်ခိုင်မာချင်လိုက်တာ"

ဘေးမဲ့ဥယျာဉ်ရဲ့ လတ်တလောအနေအထားမှာ အခက်အခဲ ကြုံတွေ့နေရပေမယ့် ဂေဟာတည်ထောင်သူနဲ့ ဝန်ထမ်းတွေကတော့ ဘေးမဲ့ခြံထဲမှာရှိတဲ့ တိရစ္ဆာန်တွေအတွက် အချိန်ပြည့် တာဝန်ယူစောင့်ရှောက်ကျွေးမွေးနေကြပါတယ်။

"ကိုယ့်ရဲ့စည်းစိမ်ဥစ္စာ သွေးသားတွေ ခန်းခြောက်ပြီး တကယ်ကို နေ့မအိပ် ညမအိပ် ဒီနွားတွေကို စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ပေါ့နော်။ လွတ်သွားရင် ပြန်မရမှာကြောက်၊ ဝမ်းနည်းပက်လက်နဲ့ပေါ့။ ကျမ ကိုယ်အလေးချိန် ၃၂ ပိဿာခွဲနဲ့ ဒီခြံရောက်ခဲ့တာ။ ပေါင်ချိန်တော့ မပြောတတ်ဘူး။ အခုတော့ ၂၆ ပိဿာ အစိတ်သားပဲ ရှိတော့တယ်။ ဒီ ဘေးမဲ့စိမ့်စမ်းဥယျာဉ်က ကျမက တသွင်သွင်စီးဆင်းနေပေမယ့် တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ ဆိုသလို ဝိုင်းပံ့ပိုးမှသာ ရေရှည်ရပ်တည်နိုင်မှာပါ။

animal4.jpg
ရေစကြိုမြို့နယ် မေတ္တာစိမ့်စမ်း နွားဘေးမဲ့ဥယျာဉ်တွင် စောင့်ရှောက်ထားသော ကျွဲတချို့။ (Photo: RFA)

မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်ဟာ နယ်မြေမငြိမ်သက်မှုဖြစ်နေတဲ့ နေရာဒေသတွေနဲ့ အနည်းငယ်အလှမ်းဝေးပေမယ့်လည်း မြို့ပြနဲ့ အနည်းငယ် ခရီးကွာဝေး နေတာကလည်း လာရောက်ကူညီချင်တဲ့ စေတနာရှင်တွေအတွက် အခက်အခဲ ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘေးမဲ့ဂေဟာကို ဦးစီးနေတဲ့ ဒေါ်ဥမ္မာသန်းကတော့ သူ့ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ စိမ့်စမ်းမြိုင်မှာ ခိုလှုံခွင့်ရတဲ့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်မယ့်အကြောင်း ပြုံးပြုံးရွှင်ရွှင် မျှဝေခဲ့ပါတယ်။

"စီးပွားရေးလုပ်ငန်းရှင်လုပ်တုန်းက လှလှပပ ဝတ်ခဲ့ရတယ်။ ဘုရားအစ်မ ကျောင်းအစ်မပေါ့။ ရဟန်းအစ်မ ကျောင်းအစ်မပေါ့။ ပြည့်စုံအောင် လုပ်ခဲ့ပြီးပြီ။ ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ တိရစ္ဆာန်ပရဟိတကို အနှစ်သက်ဆုံး အပျော်ရွှင်ဆုံး ပီတိအဖြစ်ဆုံးပါ။ အဲဒီတော့ ကျမ ဒီဘေးမဲ့ဥယျာဉ်ကြီးကို မြတ်နိုးတွယ်တာတယ်။ ဒီဘေးမဲ့ရေရှည်ရပ်တည်နိုင်အောင်က အလှူရှင်တွေအပေါ်မှာ မူတည်ပါတယ်ရှင်။ ကျမ ဒါကို မပျက်ပြယ်စေချင်ပါဘူး။ ကျမ အမြဲဖက်တွယ်ထားမှာပါ။ ကျမအသက်ဆုံးသည်အထိ လုပ်သွားမယ့် အခိုင်အမာဆုံး အသေချာဆုံး တိ-ပရဟိတပါပဲလို့ ပြောပါရစေရှင်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။