ရိုက်တာ သတင်းထောက်တွေအမှု အယူခံပယ်ချ


2019.01.11

 

ရိုက်တာသတင်းထောက် နှစ်ဦးအမှုကို အင်းစိန်ခရိုင်တရားရုံးက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ အမိန့်ချမှတ်ခဲ့တဲ့အတိုင်း ရန်ကုန်တိုင်း တရားလွှတ်တော်တရားရုံးကလည်း ပြင်ဆင်မှုမရှိဘဲ အတည်ပြုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အယူခံကို ပယ်ချလိုက်ပါတယ်။

RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။

~~~~~~~~~~

ရိုက်တာ သတင်းထောက်တွေအမှု အယူခံပယ်ချ

(ထက်အာကာ၊ ကျော်ဇောဝင်း)

■ ရိုက်တာ သတင်းထောက်၂ ယောက်အမှုကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာကို မိသားစုဝင်တွေနဲ့ ရှေ့နေတွေက တိုင်းတရားရုံးကို အယူခံ လျှောက်ထားရာမှာ တိုင်းတရားရုံးက အယူခံကို ပယ်ချလိုက်ထာဖြစ်ပါတယ်။

အယူခံပယ်ရတဲ့ အကြောင်းရင်းကို ပြောဆိုရာမှာ သတင်းထောက်တွေရဲ့ ဖုန်းထဲမှာ ရက္ခိုင့်တပ်မတော် (AA) က ဖုန်းနံပါတ်တွေရှိနေတယ်ဆိုတဲ့ အကြောင်းရာကို တရာသူကြီး ဦးအောင်နိုင်က ထပ်ခါထပ်ခါပြောကြားခဲ့ပေမယ့် မူလက စွဲချက်ဖြစ်တဲ့ ရဲလျှို့ဝှက်စာရွက်စာတမ်းတွေ တေ့ွရှိလို့ဆိုပြီး နိုင်ငံတော် လျို့ဝှက်အက်ဥပဒေနဲ့ စွဲခဲ့တဲ့အကြောင်းကိုတော့ တစ်ခွန်းလောက်သာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

အဲဒီအပေါ်ကို ရိုက်တာ သတင်းထောက်၂ ဦးရဲ့ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ဒီကနေ့အယူခံ အမိန့်ချအပြီးမှာ တရားလိုရှေ့နေဖက်က မူလစီရင်ချက်နဲ့ပတ်သက်လို့ သက်သေမပြနိုင်တဲ့ အကြောင်းရာတွေကို အခုလို ပြောပါတယ်။

"ဝလုံးတို့ ဖုန်းစာအုပ်ထဲက ဖုန်းနံပါတ်တွေဟာ AA ရဲ့ ဖုန်းနံပါတ်တွေပါလို့ တရားလိုတွေဖက်က ဘယ်သူမှ သက်သေမပြနိုင်ပါဘူး"

တရားသူကြီး ဦးအောင်နိုင်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ရိုဟင်ဂျာ မွတ်စလင် ၁၀ ဦး အသတ်ဖြတ်ခံရတာကို ဖော်ထုတ်ရေးသားရာမှာ သတင်းမီဒီယာ ကျင့်ဝတ်နဲ့မညီဘူးလို့ဆိုပြီး တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

ဒီသတင်းထောက်တွေအမှုကို အမြဲသတင်းရယူနေတဲ့ ဖရန်တီးယားသတင်းဌာနကကို ကိုရီမွန်ထွန်းက တရားသူကြီးရဲ့ ပြောကြားချက်ကို အခုလို မှတ်ချက်ပြုပါတယ်။

"ပြီးခဲ့တဲ့ အောက်ရုံးမှာလည်း တရားသူကြီးက သတင်းမီဒီယာကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ပြောတယ်၊ အကြီးကြီးတော့လွဲနေပြီ၊ အခုလည်း အပေါ်ရုံးက ဒီလိုထပ်ပြောတယ်၊ အဲဒါကြောင့် တရားသူကြီးတွေအနေနဲ့ သတင်းမီဒီယာကျင့်ဝတ်ကို နားလည်အောင်ဖတ်ထားသင့်ပြီ၊ ကိုဝလုံး သတင်းရယူတာဟာ သတင်းသမားအလုပ်လုပ်တာ ကျင့်ဝတ်ဖောက်တာမရှိဘူး"

ဒီကနေ့ အယူခံအမိန့်ချအပြီးမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့မိခင် ရိုက်တာ သတင်းဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဒီနေ့ တရားရုံးရဲ့ စီရင်ချက်ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ခံစားရင်ဆိုင်နေရတဲ့ တရားမမျှတမှုတွေထဲက နောက်ထပ် အထောက်အထားတစ်ခုပဲဖြစ်ကြောင်း သူတို့ အကျဉ်းထောင်ကျနေရတာဟာ အကြောင်းရင်းတစ်ခုသာရှိပါကြောင်းနဲ့ အဲဒီအကြောင်းရင်းကတော့ အာဏာလက်ဝယ်ရထားသူတွေက အမှန်တရားကို နှုတ်ဆိတ်သွားစေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သတင်းဖော်ထုတ်ရေးသားတင်ပြတာဟာ ပြစ်မှုမဟုတ်ကြောင်း မြန်မာနိုင်ငံအနေနဲ့ ဒီကြောက်စရာကောင်းတဲ့ အမှားကြီးကို မပြင်နိုင်သေးသရွေ့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းတွေဟာ ဘယ်တော့မှာ လွတ်လပ်မှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံက ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီထွန်းကားရေး ဆိုတာတွေကလည်း သံသယဖြစ်စရာအခြေအနေမှာပဲ ရှိနေဦးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးနဲ့ ဇနီးသည်တွေက အခုချိန်ထိ သူတို့ပြန်လွတ်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီကနေ့ အိမ်ကိုအတူပြန်မယ်လို့ မျှော်လင့်ထားခဲ့တာလို့ ပြောပါတယ်။

"စိတ်မကောင်းဖြစ်မိတယ်၊ သူတို့ လွတ်မယ်လို့ မျှော်လင့်ထားတာ၊ ဒီနေ့ ထောင်ရှေ့မှာ သူတို့ကို သွားကြိူမယ်၊ အိမ်ကို အတူတူပြန်မယ်လို့ မျှော်လင့်ထားတာ၊ ဒီကနေ့အထိ သူတို့ လွတ်မြောက်မယ် ယုံကြည်ထားတယ်"

တရားခွင်မှာ တရားသူကြီး ဦးအောင်နိုင်ရဲ့ ပြောကြားချက်တွေထဲမှာလည်း သတင်းသမား၂ ဦး အောင်သပြေစစ်ကြောရေးမှာ နှိပ်စက်ခံရတယ်ဆိုတာ သက်သေမပြနိုင်ကြောင်းနဲ့ ထောင်ဒဏ် ၁၄ နှစ်ကျနိုင်တဲ့အမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ထောင်ဒဏ် ၇ နှစ်ဟာ သင့်မြတ်တယ်လို့ ပါရှိပါတယ်။

ဒီကနေ့ အယူခံအမိန့်ချတာကို နိုင်ငံတကာ သံတမန်တွေ လာရောက်နားထောင်ကြတဲ့အထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးလည်း ပါဝင်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်ကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ပြောပါတယ်။

"ဒါဟာ မြန်မာတရားရုံးအတွက် မှားယွင်းစွာဆုံးဖြတ်ခဲ့တာကို ပြန်ပြင်ဖို့အတွက် ဆုံးရှုံးသွားတဲ့ အခွင့်အရေးတရပ်ပါပဲ။ EU အနေနဲ့ အလွန်စိတ်ပျက်ရပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက်လည်း အလွန်စိုးရိမ်စရာဖြစ်စေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက တရားစီရင်ရေး လွတ်လပ်မှုအပေါ်မှာလည်း သံသယဖြစ်စေပါတယ်။ နိုင်ငံတော်သမ္မတကြီးကို ဒီမှားနေတဲ့ တရားစီရင်မှုကို ပြင်ပေးဖို့ မိမိတို့အနေနဲ့ အခုအချိန်မှာ တောင်းဆိုပါတယ်။ EU အနေနဲ့ အမှုအစကတည်းက အတိုင်းပဲ ဒီအမှုနောက်ဆက်တွဲ အခြေအနေကို ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့ သံအမတ်ကြီးက ပြောသွားတာဖြစ်ပါတယ်"

အမှုအတွက်ဆက်လက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ရုံးမှာ အယူခံဆက်ဝင်မယ်ဆိုပါက ရက်ပေါင်း ၆၀ အတွင်း အယူခံကို တင်ရမှာဖြစ်ပါတယ်။
အဲဒီလို ဆက်လက်ပြီး အယူခံတင်မတင်ကို သတင်းထောက်တွေရဲ့ မိသားစုတွေနဲ့ ရှေ့နေတွေ တိုင်ပင်ကြမယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။