တော်လှန်ရေးသမားဖြစ်လာတဲ့ သတင်းထောက်

2022.01.14
တော်လှန်ရေးသမားဖြစ်လာတဲ့ သတင်းထောက် စစ်အာဏာရှင်ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ ကိုစစ်ကိုနိုင်ထွန်းကို တွေ့ရစဥ်
Photo: Siss Ko Naing Htun's Facebook

အသက် ၂၇ နှစ်သာရှိသေးတဲ့ ကိုစစ်ကိုနိုင်ထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်က ကလောင်သွေးစ ကဗျာဆရာ၊ စာရေးဘဝကနေ အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ဇာတိဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက် အလွတ်သတင်းထောက်အဖြစ် ပြည်တွင်းပြည်ပ သတင်းမီဒီယာကြီးတွေအတွက် လူထု ဆန္ဒပြပွဲတွေနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေအကြောင်း သတင်းတွေ ရေးသားပေးပို့ခဲ့သူဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ လက်နက်မဲ့ဆန္ဒပြသူတွေကို လက်နက်ကိုင် ရဲနဲ့ စစ်သားတွေက ဖိနှိပ်သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တွေ့ရချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ တာလို့ ကိုစစ်ကိုနိုင်ထွန်း က ပြောပါတယ်။

“သေမှာမကြောက်ဘူးလားဆိုတော့ ဘယ်သူမဆို သေမှာက ကြောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုပေါ့ လက်ရှိခံနေရတဲ့ စစ်ကျွန်ဘဝ ပေါ့နော် ဒီဘဝကို နိုင်ငံတော်နဲ့ ပြည်သူတွေ သေသွားမှာကိုတော့ ကျွန်တော် ပိုကြောက်တယ်။ တိုင်းပြည် အတွက် အပြောင်းအလဲဖြစ်သွားအောင်ပေါ့နော်၊ ကိုယ်က အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ရတဲ့ စစ်သားဖြစ် တယ်ပေါ့။ မရှိသင့်တော့တဲ့ မိစ္ဆာစစ်တပ်ကို ချေးမှုန်းရေးတိုက်ပွဲဖြစ်တဲ့အတွက် ကိုယ်သေရတာထက် နိုင်ငံတော်နဲ့ တိုင်းသူပြည်သားတွေပေါ့နော် သေမသွားဖို့ဘဲ ကျနော်တို့က အဆုံးစွန်ထိ တွေးထားပြီး ပြင်ဆင်ထားပါတယ်။”

စစ်အာဏာသိမ်းပြီးစကာလက ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့တဲ့အတွက် သေဆုံးခဲ့သူ အများအပြားကို ကိုယ်တိုင်မြင်ခဲ့ရပြီးပြီလို့ သူက ဆိုပါတယ်။ လက်နက်မပါတဲ့ ကျောင်းသား လူငယ်တွေ၊ အပြစ်မဲ့အရပ်သားတွေကို လက်နက်ကိုင်ထားတဲ့ ရဲနဲ့ စစ်သားတွေက တစ်ဖက်သတ်ပစ်ခတ် သတ်ဖြတ်လို့ ဒီတိုင်းအသက်ပေးလိုက်ရတာဟာ မတန်ဘူး၊ ဒါကြောင့် လက်နက်ကိုင်ပြီး သူသေကိုယ်သေ ပြန်တိုက်နိုင်မယ့်လမ်းကို ရွေးခဲ့တာလို့ ကိုစစ်ကိုနိုင်ထွန်းက ဆိုပါတယ်။

သူဟာ သတင်းထောက်မဖြစ်ခင်က ကလောင်သွေးစ စာရေးဆရာ ကဗျာဆရာတစ်ဦးအဖြစ် ကဗျာပေါင်းချုပ် နဲ့ ဝတ္တုတိုတချို့ရေးသားခဲ့သလို သူ့ဒေသ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီနယ်က မြို့ပြနဲ့ ကျေးရွာတွေအထိ ရပ်ကွက်စာကြည့်တိုက်အသင်းလေးတွေ ထူထောင်ရင်း လူငယ်တွေ ဗဟုသုတရစေဖို့အတွက် စာပေဟော ပြောပွဲတွေကို ဦးဆောင်စီစဥ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ မြန်မာနိုင်ငံ စာရေးဆရာအသင်းက အသိ အမှတ်ပြုဖွဲ့စည်းပေးထားတဲ့ ယင်းမာပင်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းခဲ့ ပါတယ်။

ကေသရာဇာ (ယင်းမာပင်) ဆိုတဲ့ ကလောင်အမည်နဲ့ ၂၀၁၇ မှာ “သူအလွဲ မလုပ်မိစေဖို့” ဘာသာပြန်ဝတ္ထုတို ပေါင်းချုပ်၊ ၂၀၁၈ မှာ “ပြာလဲ့လဲ့ မိုးကောင်းကင်ထက်က တောင်ပံနီငှက်ကလေးများ” ကိုယ်တိုင်ရေး ဝတ္ထုတိုနဲ့ သမိုင်းကျမ်းတချို့ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။

"ကျွန်တော်တို့ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ရဖို့ ဒါဟာနောက်ဆုံးတိုက်ပွဲဖြစ်တယ်"

အခုချိန်မှာတော့ သူဟာ စာရေးဆရာနဲ့ ကဗျာဆရာဘဝ၊ သတင်းထောက်ဘဝတွေကို စွန့်လွှတ်ပြီး တိုင်းရင်း သားလက်နက်ကိုင်နယ်မြေတစ်ခုမှာ စစ်ရေးလေ့ကျင့်မှုတွေကို သင်ယူနေပါတယ်။ ခက်ခဲပင်ပန်းတဲ့ စစ်ပညာ တွေကို သင်ယူရသလို မီးမရှိ၊ အင်တာနက်မရှိတဲ့အပြင် စားစရာနဲ့ နေထိုင်စရာပါ ခက်ခဲတဲ့ တော်လှန်ရေး သမားဘဝကို ကြုံနေရပေမဲ့ ခံနိုင်ရည်ရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သူ့မိသားစုရှိရာ ဇာတိမြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ပြည်သူတွေရဲ့ ခုခံစစ်တွေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ မိသားစုနဲ့လည်း လုံးဝအဆက်အသွယ် မရဘူးလို့ ကိုစစ်ကိုနိုင်ထွန်းက ပြောပါတယ်။

“စစ်တပ်က ကျွန်တော်တို့မြို့နယ်တွေကို ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ပိတ်ပင်ခဲ့တယ်ပေါ့၊တစ်ခါ တလေ ကျွတော်တို့ကိုယ်တိုင်ကလည်း ဆက်သွယ်ရေးဧရိယာပြင်ပကို ရောက်သွားတဲ့အချိန်တိုင်းမှာ ရေဒီယိုကနေ သတင်းတွေ နားထောင်လို့ရတဲ့အချိန်မှာပေါ့နော်၊ ဘယ်မြို့နယ်တွေမှာ ဘာတွေဖြစ်တယ် ဘယ်လိုတွေ ပြင်းထန်းနေတဲ့အသံတွေကြားရင် ကိုယ်လည်း ကိုယ့်မိသားစုကိုတော့ စိတ်ပူမိတာအမှန်ပဲ၊ သို့ပေမဲ့ ကျွန်တော်တို့ အခြေအနေက စိတ်ပူရုံသက်သက်ပဲ။ စိတ်ပူတာကလွဲပြီး ဘာမှလုပ်ပေးနိုင်တာမျိုး မရှိဘူး။ နောက်ဆုံး အဆက်အသွယ်လည်းလုပ်ပြီး နေကောင်းလား၊ ကျန်းမာလား၊ အဆင်ပြေရဲ့လားဆိုတဲ့ သတင်းစကားမျိုးတောင် မမေးနိုင်ဘူး”

သတင်းထောက်ကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ကိုစစ်ကိုနိုင်ထွန်း
သတင်းထောက်ကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ကိုစစ်ကိုနိုင်ထွန်း

 အခုတစ်ကြိမ်ဟာ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ရင် အောင်မြင် နိုင်တယ်လို့လည်း ကိုစစ်ကိုနိုင်ထွန်းက ပြောသွားပါတယ်။

“နိုင်ငံတော်မှာ တရားမျှတတဲ့နေ့မရှိသ၍ တော်လှန်ရေးနေ့ဖြစ်တယ် ဒီတစ်ကြိမ်ဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်၊ ဒီတိုက်ပွဲဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးတိုက်ပွဲဖြစ်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ထောင်ဖို့အတွက် ဒါနောက်ဆုံးတိုက်ပွဲဖြစ်တယ်၊ ကျွန်တော်တို့ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ရဖို့ ဒါဟာနောက်ဆုံးတိုက်ပွဲဖြစ်တယ်၊ ဒီနောက်ဆုံးတိုက်ပွဲကို ကျွန်တော်တို့အောင်မြင်မှသာ ကျွန်တော်တို့ တိုင်းပြည် အနာဂတ်တွေ ကျွန်တော်တို့ မျိုးဆက်သစ်အတွက် စဉ်းစားထားချက်တွေဟာ အဆင်ပြေမှာပေါ့ နော်၊ ဒါကြောင့် ခက်ခဲမှုတွေကို ရင်ဆိုင်ပြီးတော့ ကျွန်တော်တို့ စည်းလုံးညီညွတ်စွာနဲ့ပဲပေါ့၊ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘဲနဲ့ ဒီမအလရဲ့ စစ်တပ်ကို အမြန်ဆုံးနည်းနဲ့ အထိရောက်ဆုံးနည်းနဲ့ အားလုံး ပူးပေါင်းပြီး ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရအောင်လို့ ပြောချင်ပါတယ် အရေးတော်ပုံအောင်ရမယ်”

သူဟာ ကဗျာပေါင်းချုပ်တစ်အုပ်နဲ့ ရှေးဟောင်းသမိုင်းသုတေသန ကျမ်းစာအုပ်ထုတ်ဖို့ စီစဉ်ခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မထုတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး လက်နက်ကိုင်တော်လှန်ရေး ပြီးဆုံးသွားရင်တော့ သူဝါသနာပါတဲ့ သတင်းထောက်အလုပ်နဲ့ စာပေအလုပ်ကို ဆက်လုပ်နိုင်ဖို့ ကိုစစ်ကိုနိုင်ထွန်းက မျှော်လင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။