စစ်ကောင်စီတပ်သားကနေ PDF လက်ဖြောင့်တပ်သားဖြစ်လာသူ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2025.02.23
စစ်ကောင်စီတပ်သားကနေ PDF လက်ဖြောင့်တပ်သားဖြစ်လာသူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ.
Photo: Lounglone PDF

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီးနောက် အတင်းအကျပ် စစ်သင်တန်းအပို့ခဲ့ရလို့ စစ်ကောင်စီတပ်ကနေ ထွက်ပြေးခဲ့သူတွေထဲမှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ပုသိမ်လည်း ပါဝင်ပါတယ်။

"အဲဒီအချိန်မှာ တော်လှန်ရေးလုပ်ဖို့ ကျွန်တော် စိတ်က ဆုံးဖြတ်လိုက်တယ်၊ ဟိုမှာသေတာထက်စာရင် ဒီဘက်မှာသေတာက မွန်မြတ်တယ်"

အသက်သုံးဆယ်အရွယ် ရဲဘော်ပုသိမ်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့နှစ်စလောက်အထိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း မိသားစုရဲ့သားကြီးတစ်ယောက် တာဝန်ကျေပွန်အောင် ကြိုးစားခဲ့သူပါ။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးပေမဲ့ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့တော့ သူအရင်က မစဉ်းစားခဲ့ဖူးပါဘူး။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအစမှာ စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက် ပထမဆုံး စစ်မှုထမ်းအပတ်စဉ် ၁ အတွက် သူနေထိုင်ရာရပ်ကွက်မှာ စစ်ထဲဝင်မဲ့သူတွေကို မဲနှိုက်ရွေးချယ်တာတွေ လုပ်လာခဲ့ပါတယ်။ အဲဒီချိန်မှာ စစ်အာဏာရှင်ကို မနှစ်မြို့တဲ့သူက စစ်ထဲဝင်ဖို့ မဲပေါက်ခဲ့ပါတယ်။

"မတ်လ ၃၀ ရက်နေ့မနက်မှာ ရပ်ကွက်ရုံးကို သွားခဲ့တယ်။ ဟိုရောက်တော့ မဲပေါက်တဲ့လူတွေကိုစုပြီးတော့ ကားနဲ့ခေါ်သွားပါတယ်။ ရန်ကုန်စစ်ကြောရေးရုံး (ဘုရင်နောင်စစ်ကြောရေး) ရောက်ပါတယ်၊ အဲမှာသုံးရက်လောက်နေပြီး သင်တန်းကျောင်းကို တိုက်ရိုက်ပို့တယ်"

စစ်ကောင်စီအတွက် စစ်မှုမထမ်းချင်တာကြောင့် ထွက်ပြေးနိုင်ဖို့ သူ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီအချိန်က မိဘနှစ်ပါးရယ် ညီတစ်ယောက်၊ ညီမတစ်ယောက်ရယ်နဲ့ မိသားစုလိုက် ထွက်ပြေးဖို့ မဖြစ်နိုင်တာကြောင့် စစ်သင်တန်းတက်ဖို့ပဲ သူဆုံးဖြတ်လိုက်ရပါတယ်။

သူအပါအဝင် စစ်သင်တန်းအပတ်စဉ် ၁ မှာ သင်တန်းသား ၆ဝဝ နီးပါးရှိပြီး ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ဗထူးတပ်က အရာခံနဲ့အကြပ်ကြီးသင်တန်းကျောင်း(ရကသ)မှာ စစ်သင်တန်း သုံးလ တက်ခဲ့ရတာပါ။အဲဒီထဲမှာ ရန်ကုန်တိုင်းက လူငယ်တွေ အများဆုံးဖြစ်တယ်လို့ ရဲဘော် ပုသိမ်က ပြောပါတယ်။ သူ့ပြောပြချက်အရ သင်တန်းသားတွေထဲမှာ သူ့လိုပဲ မဲပေါက်လို့ ရောက်လာရသူတွေပါသလို စစ်မှုမထမ်းချင်သူတွေဆီကနေ အခကြေးငွေယူပြီး လူစားထိုးဝင်ရောက်လာသူတွေလည်း ရှိပါတယ်။

စစ်သင်တန်းပြီးသွားတဲ့နောက် သူနဲ့အတူ သင်တန်းဆင်း ၂၅ ယောက်က ထားဝယ်ကို တာဝန်ကျခဲ့ပါတယ်။

"သင်တန်းသုံးလပြီးတေ့ာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်က ခလရ ၂၅ ကို တာဝန်ကျပါတယ် လုံးလည်ချာလည်နဲ့ တစ်လလောက်နေခဲ့ရပါတယ်"

အဲဒီချိန်မှာ ဖုန်းသုံးခွင့်ရခဲ့ပြီး စစ်တပ်ကနေ ထွက်ပြေးနိုင်ဖို့အတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကို သူ ဆက်သွယ်ပြီး အဲဒီကတစ်ဆင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၄ ရက်နေ့မှာ စစ်တပ်ကနေ ထွက်ပြေးခဲ့ပါတယ်။

"သူတို့ရက်စက်မှုတွေကို အရင်က နားနဲ့ပဲကြားရုံပဲ ကြားခဲ့ရတာ၊ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့လည်း သူတို့ရက်စက်မှုတွေ၊ တရားမျှတမှုမရှိတဲ့လုပ်ရက်တွေကို ကိုယ်တွေကြုံတွေခဲ့ရတာပေါ့နော်၊ နဂိုကတည်းကလည်း မကြိုက်တာလည်းပါတယ်"

လောင်းလုံးမြို့နယ်က လွတ်မြောက်နယ်မြေကို သူ ရောက်ချိန်မှာ စနိုက်ပါသင်တန်းပေးနေတာကြောင့် စနိုက်ပါသမားဖြစ်ချင်တဲ့ သူ့အတွက် အဆင်သင့်ဖြစ်ခဲ့ပြီး စစ်ကောင်စီကို ပြန်ပြီးလက်နက်ကိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သုံးလသင်တန်းတက်ခဲ့ပြီးနောက် အခုဆို အရန်တပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေပါပြီ။

"ကျွန်တော်ရဲ့ စနိုက်ပါတပ်သားဘဝမှာတော့ လောလောဆယ် ထိတွေ့မှုက သိပ်မရှိသေးဘူး၊ နောက်သွားမဲ့ စစ်ဆင်ရေးတွေမှာတော့ ကိုယ်တတ်စွမ်းသလောက်တော့ ရှေ့တန်းမှာ စနိုက်ပါနဲ့အဆင်ပြေမဲ့ဟာလေးတွေ အကောင်အထည်စဖော်နေပါတယ်"

တစ်ဖက်မှာလည်း စစ်ကောင်စီဘက်ကနေ ပြည်သူ့ဘက်ကူးပြောင်းချင်သူတွေကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။

"ကျွန်တော်တို့က လူသားတွေ၊ အနာဂတ်တွေရှိတယ်၊ အဲ(စစ်မှုထမ်း)မှာပိတ်မိနေမယ့်အတူတူ ဒီဘက်မှာ စွန့်စားပြီး လွတ်မြောက်ဖို့အတွက် ကြိုးစားဖို့ကို ဖိတ်ခေါ်ပါတယ်၊ ကျွန်တော်အာမခံပါတယ်၊ ဒီဘက်မှာ အဖွဲ့အစည်းတွေရှိတယ်၊ ကောင်းကောင်းမွန်မွန်ထားပေးတယ်၊ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်တွေ့ပေါ့"


ဆက်နွှယ်သောသတင်းများ

ကယားပြည်နယ်ထဲက တောတွင်းလျှို့ဝှက်ဆေးရုံ

သုံ့ပန်းနဲ့ တော်လှန်ရေးသမားအဖြစ် စစ်မြေပြင်မှာ ပြန်ဆုံရတဲ့ ညီအစ်ကို

ပြည်သူ့ဘက်ကူးပြောင်းတဲ့ ရဲနဲ့ စစ်သားတွေ များလာ


အာဏာရှင်တော်လှန်ရေးအောင်မြင်မယ်လို့ယုံကြည်တဲ့ ရဲဘော်ပုသိမ်က တော်လှန်ရေးမပြီးမချင်း ကျရာတာဝန်ကို ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

"ကျွန်တော်က တော်လှန်ရေးကို ပြီးဆုံးမယ်လို့လည်း ယုံကြည်ထားတယ်၊ ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ တစ်ခါတလေတော့ ကျွန်တော်လည်းလူသားဆိုတော့ စိတ်ညစ်တဲ့အခါလည်းရှိပါတယ်၊ ကျွန်တော်ထက်ဒုက္ခရောက်တဲ့လူတွေအများကြီးရှိတယ်ဆိုတာတွေးပြီးတော့ ဒါလေးနဲ့နှစ်သိမ့်ပြီး တော်လှန်ရေးအောင်မြင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုအထောက်အကူပြုရမလဲလောလောဆယ်အဲဒါတွေပဲ အမြဲစဉ်းစားထားပါတယ်၊ တော်လှန်ရေးပြီးဆုံးအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား တစ်သောင်းခွဲနီးပါးရှိပါတယ်။ အဲဒီထဲကနေ NUG စစ်ရုံးချုပ်အပါအဝင် တော်လှန်ရေးမှာ ပြန်ပြီးတာဝန်ထမ်းဆောင်နေတဲ့ (CDM) တပ်သားနဲ့ရဲ အယောက်ငါးရာကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။