ဝါသနာကို စွန့်လွှတ်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အားကစားသမားတစ်ယောက်
2024.11.29

ရဲဘော် ခေးယူက အာဏာမသိမ်းခင်က အားကစားတက္ကသိုလ်မှာ ပညာသင်နေတဲ့ တတိယနှစ် ကျောင်းသားတစ်ယောက်ပါ။ အားကစားမှာ ထူးချွန်တဲ့သူဟာ အရှေ့တောင်အာရှ ကျောင်းသား အားကစားပြိုင်ပွဲမှာ ကျွမ်းဘား အားကစားအတွက် တတိယဆုရခဲ့သလို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နှင်းလျှောစီးစကိတ်ပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြိုင်ပွဲတွေမှာ ရခဲ့တဲ့ ဆုတံဆိပ်တွေလည်း အများအပြားပါ။ ဒီလို ထူးချွန်တဲ့ သူ့အတွက် အာဏာမသိမ်းခင်က ဘဝရှေ့ရေးဖြောင့်ဖြူးနေခဲ့တာပါ။
“ဖြစ်နိုင်ချေရှိတာက ကျွန်တော်တို့က အားကစားတက္ကသိုလ်တက်တယ်။ ဘွဲ့ရပြီဆိုတာနဲ့ ပြန်တမ်းဝင်အရာရှိ၊ ဦးစီးအရာရှိအနေနဲ့ အရင်ကအားကစားဝန်ကြီးဌာန၊ ဌာနမှာ ဦးစီးအရာရှိအနေနဲ့ပြန်ပြီး ရာထူးခန့်အပ်မှုတွေ ရှိတယ်။ ပြီးရင်ပညာရေးထူးချွန်တဲ့အပေါ်လည်း အားကစားတက္ကသိုလ် လေးနှစ်တက်၊ ဂုဏ်ထူးတန်းပါရင်လည်း အမ်အက်စ်စီထပ်တက်မယ်။ နောက်ပိုင်း ပီအိတ်ချ်ဒီယူမယ်ဆိုရင်လည်း နိုင်ငံခြားတက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီး အားကစားမေဂျာကို ပီအိတ်ချ်ဒီယူရမယ့်အခွင့်အလမ်းတွေရှိခဲ့ပါတယ်”
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာတော့ အဲဒီအခွင့်အရေးတွေကို သူစွန့်လွှတ်လိုက်ပါတော့တယ်။
အာဏာစသိမ်းချိန်ကာလမှာတော့ ခေးယူဟာ အများနည်းတူ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် သူ့သူငယ်ချင်းတွေ အသက်ဆုံးရှုံးသွားချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို သူရွေးချယ်ခဲ့ပါတော့တယ်။
“ကိုယ့်ဘဝတက်လမ်းအတွက် အများကြီးရှိတယ်ဆိုပေမယ့်လည်း ဒီအရာကို ကျွန်တော်တို့ရဲ့ အချိန်မှာ ဒီလိုကိစ္စရပ်ပေါ်လာတဲ့အပေါ် တာဝန်ကျေချင်တယ်၊ ဒီအပေါ်ကိုလည်း တာဝန်ယူချင်တယ်။ အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးလုပ်ရတဲ့အကြောင်းအရင်း ဖြစ်ပါတယ်”
သူဟာ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ လက်အောက်က ၃၇၀၃ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။
သူ့ရဲ့ တပ်ရင်းဟာ ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပတ်ဝန်းကျင်မှာ အခြေစိုက်ပြီး စစ်ကောင်စီနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒါကြောင့် အန္တရာယ်များတဲ့ တိုက်ပွဲအတွေ့အကြုံတွေကို အရွယ်နဲ့မမျှအောင် ကြုံတွေ့ခဲ့ရဖူးပါတယ်။
“မှတ်မှတ်ရရဆိုလို့ရှိရင် ဂိတ်စခန်းတစ်ခုကိုဝင်တိုက်တဲ့အချိန်မှာ ကျွန်တော်တို့က ဆေးနဲ့ ကျည်ထောက်ပို့ လမ်းကြောင်းတွေပါတယ်။ ပါတဲ့အချိန်မှာ ရဲဘော်တွေ ရန်သူနဲ့ပစ်ခတ်နေတဲ့အချိန်မှာ တချို့မှန်တယ် သို့ပေမယ့် ကပ်သီလေးတွေ ကပ်လွတ်နေတယ်။ တချို့က ဦးခေါင်းတွေမှာ တချို့ဦးထုပ်တွေမှာ အပေါက်ရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြန်ရောက်လာတော့ ရဲဘော်တွေက ပြန်ကြည့်တော့မှ တချို့ငါတော့ သေနိုင်လောက်တဲ့ အခြေအနေတွေရှိတယ်။ အင်္ကျီတွေကြည့်လိုက်ရင် အသားသာလွတ်သွားတယ် အင်္ကျီတွေမှာ ကျည်ပေါက်ရာတွေနဲ့ အဲလိုအစမှန်တဲ့အရာတွေ အသားတော့လွတ်သွားတယ် ဘာမှ ထိခိုက်ဒဏ်ရာမရတဲ့ အခြေအနေမျိုးတွေပေါ့ ပြန်ရောက်လို့ရှိရင် ကိုယ့်ကိုယ်အံ့သြပြီး တော်တော်လေး ကိုရယ်စရာဖြစ်တယ် တကယ်တန်းဆိုရင် အဲ့မှာကိုယ့်ရဲ့ခန္ဓာကိုယ်က ကျန်ခဲ့ရမယ့်အနေအထားမှာ သေကံမပျောက်ဘဲ ပြန်ရောက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကို အံ့သြပြီတော့ အဲဒါလေးကတော့ အမှတ်တရလေးတွေပါ”
ခေးယူဟာ အသက် နှစ်ဆယ်ကျော် အရွယ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ပါ။ သူ့အိမ်မှာလည်း မောင်နှမ လေးယောက်ရှိတဲ့အထဲ အငယ်ဆုံးသားပါ။ ငယ်ငယ်ကတည်းက အားကစားကို ဝါသနာပါပြီး တစ်စိုက်မတ်မတ် လုပ်ခဲ့သူပါ။
ဆက်နွှယ်သောသတင်းများ
အနုပညာနဲ့ တော်လှန်ရေး လုပ်နေကြသူများ
ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်
ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
အခုတော့ မြန်မာနိုင်ငံတစ်ဝန်းက အခြား လူငယ်တွေနည်းတူ သူဝါသနာပါရာကို စွန့်လွှတ်ပြီး တိုင်းပြည်ရဲ့ အာဏာရှင်တော်လှန်ရေးမှာ သူ့ဘဝကို မြှုပ်နှံထားပါတယ်။
“ဝါသနာကတော့ ဒီဟာကို စလုပ်ပြီဆိုကတည်းက ကျွန်တော်ဝါသနာကို မေ့ထားတယ်။ ကျွန်တော့ခေါင်းထဲ မထည့်ထားဘူး။ လက်ရှိ ကျွန်တော်ဖြတ်သန်းနေတဲ့ နေရာမှာလည်း ကျွန်တော့်ဝါသနာတွေအကုန်လုံးကို နောက်ကွယ်မှာပဲ။ ပြီးခဲ့တာကို ပြီးခဲ့ပြီဟာပဲထားခဲ့တော့တယ်။ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့အပေါ်မှာပဲ ဘယ်လိုတာဝန်ယူရမယ်။ ဘယ်လိုတာဝန်ကျေအောင် ထမ်းဆောင်ရမယ်ဆိုတာပဲ တစ်စိုက်မတ်မတ်နဲ့ လုပ်နေတာပေါ့”
အဲဒီလို စွန့်လွှတ်ပြီး တော်လှန်ရေးမှာ ပါဝင်နေပေမယ့် တော်လှန်ရေး အောင်မြင်တဲ့အခါမှာ သူ့ဘဝအတွက် ရည်မှန်းချက်က ရိုးရှင်းလှပါတယ်။ သူဝါသနာပါပြီး ရည်မှန်းချက်ထားခဲ့တဲ့ အားကစားလောကကိုတောင် ပြန်မသွားတော့ဘဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ခေးယူ ရည်ရွယ်ထားပါတယ်။
သူ့အနာဂတ်အကြောင်းပြောချိန်မှာတော့ ခေးယူရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။
“တော်လှန်ရေးပြီးရင်တော့ ကျွန်တော်ကတော့ ဆိုင်လေးတစ်ခုနဲ့ အေးအေးချမ်းချမ်းလေးပြန်ပြီးနေချင်တယ် ဆိုင်လေး ဆိုတာ လဘက်ရည်ဆိုင်လေးဖြစ်ဖြစ် ထမင်းဆိုင်လေးဖြစ်ဖြစ် အဲ့လောက်လေးဖွင့်ပြီးအေးအေး ချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းချင်တယ် အားကစားတော့မလုပ်တော့ဘူး ကျွန်တော်အဲဒါကို အကုန်လုံးထားထားခဲ့ပြီ”