စစ်ဘေးဒုက္ခသည် သတင်းသမား

2021.12.27
စစ်ဘေးဒုက္ခသည် သတင်းသမား သတင်းကြေညာနေတဲ့ မထက်ထက်အိန္ဒြာအောင်ကို တွေ့ရစဉ်
Photo: RFA

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ၊ မိမိတို့ ကျွမ်းကျင်ရာ ဝါသနာပါရာ စိတ်ကူးအိပ်မက် ရည်မှန်းချက်တွေကို ဘေးဖယ်ထားပြီး အာဏာရှင် တော်လှန်ရေးမှာ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေကြတဲ့ လူငယ်တွေထဲမှာ သတင်းသမားလူငယ်တွေလည်း ပါဝင်ပါတယ်။

ကင်မရာရှေ့မှာ လှလှပပဝတ်စားဆင်ယင်ပြီး သတင်းတွေ ကြေညာပေးခဲ့တဲ့ မထက်ထက်အိန္ဒြာအောင်ဟာ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာသူ့တစ်ကိုယ်စာ ပစ္စည်းတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးလွယ်ရင်း ပြေးလွှားပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

“ရာသီဥတုဒဏ်ကို မခံနိုင်ဘူး၊ ဒီမှာ အရမ်းအေးတယ်။ ညလုံးပေါက် မအိပ်ဘဲနဲ့ ငုတ်တုတ်ထိုင် မိုးလင်း သွားတဲ့နေ့တွေရှိတယ်။ တစ်ညလုံး မီးဖိုနားနေပြီး နေ့လယ်မှ ပြန်အိပ်ရတယ်”

သူမဟာ ရန်ကုန်မြို့မှာရှိစဉ်က 7Day TV ရဲ့ သတင်းကြေညာသူတစ်ယောက်ပါ။

“7Day မှာ လုပ်ခဲ့တုန်းက မြို့ပေါ်မှာလည်းဖြစ်တယ်၊ ကျော့ကျော့မော့မော့လေး လုပ်ရတာပေါ့နော်၊ ဘာမှပူပန်စရာမရှိဘူး။ အဲကွန်းခန်းထဲမှာ တစ်နေကုန် အေးအေးဆေးဆေး အလုပ်လုပ်ရတယ်။ အလုပ်ပြီးရင် အပြင်လျှောက်သွားနဲ့ ပေါ့ပေါ့ပါးပါးပဲ ရှော့ပင်းတွေ ဘာတွေထွက်လိုက်တယ်၊ အဲလိုပဲပေါ့”

အဆို အက ဝါသနာပါပြီး အနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့ မထက်ထက်အိန္ဒြာအောင်ဟာ ရုပ်သံသတင်း တင်ဆက်သူဖြစ်လာခဲ့တဲ့အခါမှာလည်း သတင်းတွေ ကြေညာပေးနေရတာကို အနုပညာတစ်ရပ်ပဲလို့ ခံယူရင်း ပျော်ရွှင်နေခဲ့သူပါ။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှာ သတင်းသမားတွေကို စစ်တပ်က ဖိနှိပ်လာပြီး 7Day သတင်းဌာနအပါအဝင် သတင်းမီဒီယာတိုက်တွေ ထုတ်ဝေခွင့် ပိတ်သိမ်းခံလိုက် ရတဲ့နောက် မထက်ထက်အိန္ဒြာအောင် တစ်ယောက် အများပြည်သူ သိရှိနိုင်အောင် သတင်းတွေ တင်ဆက်ခွင့် မရတော့တဲ့အတွက် စိတ်ဓာတ်ကျခဲ့ရပါတယ်။

ကင်မရာရှေ့မှာထွက်ပြီး သတင်းကြေညာခဲ့ရသူတစ်ယောက်အနေနဲ့ စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထားလာတဲ့အခါမှာ စိတ်မလုံခြုံမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ကိုယ့်အိမ်မှာကိုယ်မနေရဲဘဲ နေရာရွှေ့ပြောင်းနေထိုင်ရင်း သတင်းအလုပ်တွေ ဆက်လုပ်နိုင်ဖို့ မထက်ထက်အိန္ဒြာအောင် နည်းလမ်းတွေ ရှာဖွေခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အလုပ်ပြီးရင် ဈေးဝယ်ထွက်လိုက်၊ ကော်ဖီဆိုင်ထိုင်လိုက်နဲ့ ဘဝကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြတ်သန်းခဲ့ရတဲ့ ရန်ကုန်မြို့ကြီးကနေ ထွက်ခွာပြီး တောတွင်းတစ်နေရာမှာ သတင်း အလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။

“ညီမမှာ အကိုနဲ့ အဖေပဲရှိတာ၊ သူတို့က ညီမလုပ်ချင်တာကို သူတို့လုံးဝမတားဘူး၊ အဖေ့ကိုပြောတယ် သမီး ဒီလို ဒီလိုသွားချင်တယ်၊ လုပ်ချင်တယ်၊ သမီး အိမ်ပြန်မလာရတာလည်း ဖြစ်နိုင်တယ်၊ အဆင် ပြေလား ခွဲနိုင်လား ရလားမေးတော့ အဖေက ရတယ် လုပ် အေးဆေး အဖေ့ကို ထည့်မတွက်နဲ့ဆိုပြီး လုံးဝခွင့်ပေးတယ်”

အသစ်အဆန်း အတွေ့အကြုံတွေ အမြဲတမ်းလိုချင်ခဲ့တဲ့ မထက်ထက်အိန္ဒြာအောင်အတွက် တောတောင်တွေ ထဲမှာနေပြီး သတင်းတွေ တင်ဆက်ရင်း ကြုံနေရတာတွေဟာ အခက်အခဲကြီးကြီးမားမားလို့ မဆိုသာပေမယ့် မြို့ပေါ်မှာလို လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိတာနဲ့ မြို့ပေါ်မှာနဲ့ မတူတဲ့ တခြားစိန်ခေါ်မှုတွေကြောင့် ရန်ကုန်မြို့ကြီးကို လွမ်းနေခဲ့ပါတယ်။

“ရန်ကုန်ကို လွမ်းတယ်၊ တစ်ဦးတစ်ယောက်ကို လွမ်းတာ မဟုတ်ဘဲ ရန်ကုန်က နေရာတွေကို လွမ်းတယ်၊ ညီမက ကော်ဖီဆိုင်တွေထိုင်ရတာ အရမ်းသဘောကျတယ်။ အဲဒါကြောင့် ကော်ဖီဆိုင်တွေကို လွမ်းတယ်၊ ဒီမှာတော့ ပျော်ပျော်နေတယ်။ စိတ်ထဲမှာ ဘာမှမရှိဘူး၊ အလုပ်လုပ်တဲ့အချိန်လုပ်တယ်။ ဒါပေမဲ့ မသိစိတ် က လွမ်းတယ်နဲ့တူတယ်။ အိပ်မက် ခဏခဏ မက်တယ်။ အိပ်မက် မက်တဲ့အခါမှာ ရန်ကုန်မြို့ထဲမှာ ဘယ်သူမှ မရှိဘဲ ကိုယ်က တစ်ယောက်တည်း ဆွေးဆွေးကြီး လျှောက်သွားနေတဲ့ဟာမျိုး။ တကယ်ဆိုရင် အရမ်းတွေ ပျော်စရာကောင်းနေမယ့် အချိန်ပေါ့နော်။ ပျော်ပျော်ရွှင်ရွှင် လှလှပပနဲ့ မြို့မှာ သွားလာနေ ရမယ့်အချိန်မှာ ဒီလို လာနေနေရတယ်။ အဲဒီလိုအိပ်မက်မက်ပြီး နိုးလာတဲ့အခါမျိုးကျရင်တော့ စိတ်မ ကောင်းဖြစ်တယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင်အသီးသီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘဆွေမျိုး မိသားစုတွေကို စွန့်ခွာခဲ့ရသူတွေဟာ မထက်ထက်အိန္ဒြာအောင်လို စိတ်ဒဏ်ရာတွေ၊ လွမ်းဆွတ်မှုတွေနဲ့ ရှေ့ဆက်နေကြတာပါ။

"ဒီမှာ အရမ်းအေးတယ်။ ညလုံးပေါက် မအိပ်ဘဲနဲ့ ငုတ်တုတ်ထိုင် မိုးလင်းသွားတဲ့နေ့တွေရှိတယ်"

လွတ်မြောက်နယ်မြေလို့ သိထားခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာနယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ် လေးကေ့ကော်မှာ နေထိုင်ရင်း Delta News Agency နဲ့ PVTV Myanmar အွန်လိုင်းသတင်း ဌာန နှစ်ခုအတွက် မထက်ထက်အိန္ဒြာအောင် သတင်းတွေ ဆက်လက်ကြေညာပေးခဲ့ပါတယ်။

သူ ခိုလှုံရာ လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်တွေ ဒီဇင်ဘာလလယ်က တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါမှာတော့ မထက်ထက်အိန္ဒြာအောင် တစ် ယောက် ဘဝတူ သတင်းသမားတွေ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးငယ်တွေနဲ့အတူ ထွက်ပြေးခဲ့ ရပါတော့တယ်။

“မွေးကင်းစကလေးလေးကို တွေ့ရတဲ့အခါမှာ အရမ်းစိတ်မကောင်းဘူး။ သူ ၈ ရက်ပဲ ရှိသေးတယ်။ ကလေးရော မိခင်ရော ပြေးနေရတယ်။ နောက်တစ်ခုက သက်ကြီးရွယ်အိုတွေ ကိုယ့်အဖွားလောက်အရွယ် တုန်ချိတုန်ချိနဲ့ ပြေးတဲ့အထဲ ပါလာတယ်။ ညီမတို့လို လူငယ်တွေတောင် ဒီအအေးဒဏ်ကိုမခံနိုင်တာ၊ ဒီအဖွားအရွယ် ဘယ်လိုခံနိုင်မလဲ”

လုံခြုံရေးအခြေအနေကြောင့် မထက်ထက်အိန္ဒြာအောင်လိုပဲ တောထဲရောက်သွားတဲ့ သတင်းသမားတွေ၊ မြန်မာပြည်ကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေဆီ ဒုက္ခသည်တွေအဖြစ် ရောက်သွားကြတဲ့ သတင်းသမားတွေ ရှိသလို မြန်မာပြည်တွင်းမှာ ရှောင်တိမ်းပုန်းအောင်း လုပ်ကိုင်ရင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သတင်း သမားတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကစလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၂၀ ရှိပြီး အဲဒီထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထား ရဆဲ ၅၃ ယောက်နဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ဓာတ်ပုံသတင်းထောက် တစ်ယောက် ရှိပါတယ်။

တောထဲမှာ ရေဒီယိုနားထောင်နေတဲ့ မထက်ထက်အိန္ဒြာအောင်ကို တွေ့ရစဉ်
တောထဲမှာ ရေဒီယိုနားထောင်နေတဲ့ မထက်ထက်အိန္ဒြာအောင်ကို တွေ့ရစဉ်

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတဲ့ အဆိုးဝါးဆုံးနိုင်ငံတွေထဲမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။ စစ်အာဏာရှင်စနစ် အမြန် ဆုံးချုပ်ငြိမ်းကာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ပြီး သတင်းအလုပ်တွေ ပြန် လုပ်ခွင့်ရဖို့ မထက်ထက်အိန္ဒြာအောင် ဆုတောင်းနေခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အရင်လို ရန်ကုန်မြို့ထဲ လွတ်လွတ်လပ်လပ်သွားလာပြီး အပူအပင်ကင်းကင်း အကြောက်တရားကင်းကင်းနဲ့ သတင်းအလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်နေသူပါ။

မထက်ထက်အိန္ဒြာအောင် က သူ့ရဲ့ယုံကြည်ချက်၊ ခံယူချက်နဲ့ အလုပ်ကို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင် ခွင့်ပေးခဲ့တဲ့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ပြောချင်တဲ့ ရင်ထဲက စကားတချို့လည်း ရှိနေခဲ့ပါတယ်။

“ညီမက သမီးမိန်းကလေးတစ်ယောက်တည်းရှိတယ်၊ အမေလည်း မရှိတော့ဘူးဆိုပေမယ့် အဖေရော အစ်ကိုရောက ညီမဖြစ်ချင်တာ လုပ်ချင်တာကို ယုံယုံကြည်ကြည်နဲ့ လုပ်ခွင့်အများကြီးပေးထားတယ်။ အဖေနဲ့ အစ်ကိုကို အများကြီး ကျေးဇူးတင်တယ်။ ဒါပေမဲ့ အဲဒါကို ထုတ်ပြီးမပြောမိဘူး။ အခွင့်ရလို့ရှိရင် ကျေးဇူးတင်စကားပြောချင်တယ်”

လောလောဆယ်မှာတော့ စစ်ဘေးတိမ်းရှောင်ရင်း ဘေးလွတ်ရာကိုရောက်တဲ့အခါ ကင်မရာရှေ့ပြန်ထွက်ပြီး သတင်းတွေ ပြန်လည်တင်ဆက်နိုင်ဖို့ မထက်ထက်အိန္ဒြာအောင် ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။