ချိုင်းထောက်နှစ်ဖက်နဲ့ သတင်းသမား
2023.08.17

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ အများစု ပိတ်သိမ်းခံရသလို အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းထောက်တွေ၊ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေရှိသလို တချို့သတင်းစာတိုက်တွေကလည်း ရေရှည်ရပ်တည်နိုင်ဖို့ သတင်းထောက်တွေကို လစာလျှော့ချလိုက်တာတွေ ရှိလာပါတယ်။
အဲဒီလိုရပ်တည်ဖို့ ခက်ခဲလာတဲ့ သတင်းလောကထဲမှာ သတင်းအလုပ်ကို စွန့်လွှတ်ပြီး ကြုံရာကျပန်း လုပ်ကိုင်နေရတဲ့ သတင်းသမားတွေရှိသလို ကြိုးစားရုန်းကန်ပြီး သတင်းထောက်အလုပ် ဆက်လက်လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။
"စာမူခ ချီးမြှင့်တဲ့ငွေကလွဲပြီး အပြင်က အခကြေးငွေ တစ်ပြားမှ မယူခဲ့ပါဘူး"
အဲဒီထဲမှာ ချိုင်းထောက်အသုံးပြုရင်း သွားလာ၊ သတင်းလိုက်ရင်း အလွတ်သတင်းထောက် အနေနဲ့ ရပ်တည်နေတဲ့ သတင်းထောက် ကိုမြင့်မြတ်အောင်မြင်လည်း ပါဝင်ပါတယ်။
"သတင်းဆိုတာ ပြည်သူတွေရဲ့ မျက်လုံးနဲ့ နားပါပဲ၊ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သတင်းကို ဒီခေတ်ကာလမှာ ရေးလို့ရမယ့် ပုံစံမျိုးတွေ၊ ရေးလို့ရမယ့် အရာတွေကို ကျွန်တော်တို့ ပြည်သူတွေထံကို အချိန်နဲ့တစ်ပြေးညီရေးတယ်၊ ရေးပြီးတော့ သက်ဆိုင်ရာသတင်းဌာနတွေဆီကို ပို့ပေးတယ်"
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကိုမြင့်မြတ်အောင်မြင်ဟာ မွေးချင်းခုနစ်ယောက်ထဲက ငါးဦးမြောက် သားထွေးဖြစ်ပါတယ်။
သူဟာ မွေးစဉ်က သန်မာသူ၊ သန်စွမ်းသူဖြစ်ခဲ့ပေမယ့် တစ်နှစ်သားအရွယ်မှာ ဆေးထိုးမှားပြီး မသန်စွမ်းတဲ့ဘဝကို ရောက်ခဲ့ရတာပါ။
အဖေ မရှိတော့ပေမယ့် အမေ၊ အစ်ကို၊ ညီမနဲ့အတူတူ ရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာမှာ နေထိုင်ပြီး မိသားစုစီးပွားရေးအဖြစ် အကြော်ရောင်းသလို ထမင်းဆိုင်လေးလည်း ဖွင့်ထားပါတယ်။
တက္ကသိုလ် ပထမနှစ် ကျောင်းသားဘဝကတည်းက သတင်းထောက်အလုပ်ကို သူ စတင်ခဲ့တာဖြစ်ပါတယ်။
"အခကြေးငွေပေးမှ သတင်းဖော်ပြခံရမယ် ပြောတော့ အဲလိုမျိုး အချို့သော သတင်းထောက်တွေရဲ့ လုပ်ရပ်ကို မကြိုက်ဘူး၊ အရမ်းလည်း စိတ်မကောင်းဖြစ်ရတယ်၊ ဒီလိုငွေပေးမှ သတင်းတစ်ပုဒ် ဖော်ပြခံရမယ်ဆိုတာကို ကျွန်တော် လက်မခံနိုင်လို့ ကိုယ်တိုင်အများပြည်သူနဲ့ သက်ဆိုင်တဲ့ သတင်းမှန်သမျှကို ဌာနဆိုင်ရာ ကျောင်းပွဲတွေ၊ စာပေပွဲတွေကို လိုက်တက်တယ်၊ ရတဲ့သတင်းမှန်သမျှကို သက်ဆိုင်ရာသတင်းဌာနက အယ်ဒီတာတွေဆီ ကျွန်တော် ပို့ခဲ့တယ်၊ အဲဒီလိုပို့ခဲ့တဲ့ သက်တမ်းဟာ ပထမနှစ် ကတည်းက ပို့ခဲ့တယ်၊ အခုချိန်ထိဆို ၂၂ နှစ်ထဲ ရောက်ခဲ့ပါပြီ၊ သတင်းရေးလာတာ၊ တိုက်က စာမူခ ချီးမြှင့်တဲ့ငွေကလွဲပြီး အပြင်က အခကြေးငွေတစ်ပြားမှ မယူခဲ့ပါဘူး"
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ကနေ စီးပွားရေးဘွဲ့နဲ့ ကျောင်းပြီးခဲ့ပေမယ့်လည်း သတင်းထောက်အလုပ်ကိုပဲ သူ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
သတင်းမီဒီယာလောကထဲကို ကြော်ငြာကမ္ဘာ သတင်းဂျာနယ်မှာ စတင်ဝင်ရောက်ခဲ့ပြီး မီဒီယာဝမ်း၊ Express Times ဂျာနယ်၊ ဒို့တောင်သူဂျာနယ်၊ New Watch (စောင့်ကြည့်) ဂျာနယ်၊ သူရိယအလင်း သတင်းဂျာနယ်တို့မှာ အကြီးတန်း သတင်းထောက်၊ သတင်းထောက်ချုပ်နဲ့ သတင်းအယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
ကိုမြင့်မြတ်အောင်မြင်ဟာ ခြေထောက်နှစ်ဖက်လုံး မသန်ပေမယ့် သတင်းထောက်အပြင် ကဗျာဆရာ၊ စာရေးဆရာအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။
ကိုမြင့်မြတ်အောင်မြင်အတွက် သူ့ရဲ့ မိသားစုကလည်း ဂုဏ်ယူနေတယ်လို့ ညီမဖြစ်သူ မမျိုးသူဇာက ပြောပါတယ်။
"အစ်ကိုက ကျွန်မထက် လေးနှစ် ကြီးတယ်ပေါ့နော်၊ သူက ကျွန်မမွေးလာကတည်းက ချိုင်းထောက်လေးနဲ့၊ သူဝါသနာပါတဲ့ဟာကို လုပ်တယ်၊ သတင်းထောက်၊ စာရေးဆရာ ဝါသနာပါတာကို သူလုပ်တယ်၊ ပြီးတော့ သူက စိတ်လည်းမာတယ်၊ လူလည်း မာတယ်၊ သူ့ဘဝကို သူ တိုးတက်အောင်လုပ်တယ်၊ ပြီးတော့သူက အမြဲတမ်း စိတ်မာမာ၊ လူမာမာနဲ့ အလုပ်တစ်ခုကို တိတိကျကျလုပ်တယ်၊ သူ့အတွက် ကျွန်မက ဂုဏ်ယူတယ်၊ သူလည်း သူ့ကိုယ့်သူ ဂုဏ်ယူရမှာ ဘာဖြစ်လို့လဲဆိုရင် သူခြေထောက် မသန်တဲ့ဟာကို စိတ်ထဲမထားဘဲနဲ့ စာရေးဆရာအလုပ်ကို ဟိုဆိုလည်း သူသွားနိုင်တယ်၊ ဒီဆိုလည်း သူသွားနိုင်တယ်၊ သူ့ဘာသာ သူ့ ခြေထောက်နဲ့ ရပ်တည်နိုင်အောင် ကြိုးစားပြီး သူ့လက်မ သူထောင်နိုင်အောင် နေနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်"
ကိုမြင့်မြတ်အောင်မြင်ဟာ သူ စာရေးလို့ရတဲ့ စာမူခတွေကို ဘဝတူ မသန်စွမ်းတွေ၊ စာပေလောကနဲ့ သတင်းသမားလောကက လိုအပ်နေသူတွေကို ကူညီဖို့အတွက် သုံးတယ်လို့ ကဗျာဆရာ မောင်မေခက ပြောပါတယ်။
"ခုလိုကာလမျိုးမှာပေါ့နော်၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ သတင်းစာဆရာတွေ အစစအရာရာ စားဝတ်နေရေးလေးအတွက် ခက်ခဲနေတဲ့ကာလမှာ ဆရာ မြင့်မြတ်အောင်မြင်က စာရေးလည်း မပျက်ဘူး၊ ကဗျာရေးလည်း မပျက်ဘူး၊ သတင်း လိုက်တာလည်း မပျက်ပါဘူး။ အဲဒီလိုမပျက်တဲ့ကြားထဲကနေ ရရှိလာတဲ့စာမူခတွေကို ဆရာက သူ့ကိုယ်ကျိုးအတွက် မသုံးပါဘူး၊ သက်ကြီးရွယ်အို စာရေးဆရာ၊ ဆရာမကြီးတွေ၊ အသက်အရွယ်ကြီးတဲ့ ဘိုးဘွားတွေ၊ နောက်ကလေး သူငယ်တွေ၊ ဆရာ့လိုပဲ မသန်စွမ်းတဲ့ ပုဂ္ဂိုလ်တွေကို ဆရာက သူ့ရဲ့ ရိက္ခာကိုမငဲ့ဘဲနဲ့ သိက္ခာအတွက်နဲ့ အမြဲတမ်းကူညီပံ့ပိုးနေတာကို တွေ့ရပါတယ်"
စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေပေါင်းပြီး ကလောင်စုံနဲ့ စာအုပ်ထုတ်နေတဲ့ သုတ၊ ရသ၊ စာပေပျိုးခင်း ရသစာစဉ်တွေကိုလည်း ကိုမြင့်မြတ်အောင်မြင် ဦးဆောင် စီစဉ်နေတာ အခုဆို ရသစာစဉ် နံပါတ်တစ်ကနေ ခြောက်အထိရှိပါပြီ။
ကိုယ်လက်အင်္ဂါမသန်စွမ်းပေမယ့် သတင်းသမားတစ်ယောက်အဖြစ် ရပ်တည်ရင်း ရသစာပေတွေ ရေးသားဖန်တီးနေတဲ့ ကိုမြင့်မြတ်အောင်မြင်အကြောင်း တင်ပြလိုက်ပါတယ်။