အလှူရှင်မျှော်နေရတဲ့ မြစ်ကြီးနားက မိဘမဲ့ဂေဟာ

2022.04.27
အလှူရှင်မျှော်နေရတဲ့ မြစ်ကြီးနားက မိဘမဲ့ဂေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားသည့် မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှ ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

ပြိုကျလုနီးပါးဖြစ်နေတဲ့ ဒီအိမ်ကလေးဟာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံခဲ့ရတဲ့ မိဘမဲ့ကလေး တွေကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုပေးထားတဲ့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာလေး ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပြင်က ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားတဲ့ ဒီဂေဟာလေးမှာ မြစ်ကြီးနားခရိုင် ကျေးရွာပေါင်းစုံက  မိဘမဲ့ ဒါမှမဟုတ် မိဘနှစ်ဦးလုံးရှိပေမယ့် မကျွေးမွေး မစောင့်ရှောက်နိုင်လို့ ပစ်ပယ်ခံထားရတဲ့ အသက် ၉ နှစ်ကနေ ၁၆ နှစ်ကြား ကလေး ၂၄ ယောက် ရှိပါတယ်။

မြစ်ကြီးနားမြို့သစ် မူရင်းနှစ်ခြင်းအသင်းတော်က ဘာသာရေးဆရာဖြစ်တဲ့ ဦးဒေါင်ဒိုင်ဟာ ၂၀၁၇ ကတည်းက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဒီဂေဟာလေးကို တည်ထောင်ထားတာပါ။ သူ့ရဲ့လစာ ကျပ်ငွေ တစ်သိန်းနဲ့ ဆန်တစ်အိတ်ကို ကလေးတွေအတွက် လစဥ် အသုံးပြု ပါတယ်။

အရင်ကတော့ ပြင်ပကရတဲ့ အလှူငွေတချို့ကြောင့် ကလေးတွေအတွက် စားဝတ်နေရေး အဆင်ပြေပါတယ်။   ဒါပေမဲ့ ၂၀၂၀ နှစ်ဆန်းကစခဲ့တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ နှစ်ဆန်း ပိုင်းမှာဖြစ်လာတဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အခုနောက်ပိုင်း အလှူငွေ လုံးဝ မရတော့ဘူးလို့ ဆိုပါတယ်။

နောက်ထပ် လအနည်းငယ်ဆိုရင် ကလေးတွေအတွက် အစားအစာ ပြတ်လပ်မယ့် အခြေအနေ ရှိနေတယ်လို့ ဦးဒေါင်ဒိုင်က ပြောပါတယ်။

 အခု နိုင်ငံရေး ဒီလိုမျိုးပုံစံအတိုင်း သွားမယ်ဆိုရင်တော့ အစားအသောက်ပိုင်းမှာ ခုနပြောသလို သုံးလနဲ့ ငါးလရဲ့ ဟိုဘက်အပိုင်းမှာတော့ နိုင်ငံရေးမတည်ငြိမ်ဘူးဆိုရင် ကျနော်တို့ မိသားစုက စားဝတ်နေရေးမှာ အခက်အခဲ ကြုံလာမယ့်သဘောမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်း၊ အသင်းတော်၊ လူပုဂ္ဂိုလ်က ဘယ်သူမှ မရှိဘူးလေ အမာခံပေါ့။ ကျနော်တို့ မိသားစုကပဲ ရတဲ့ လခလေးနဲ့ ခြိုးခြံ ချွေတာပြီးတော့မှ စားသောက်နေတယ်ဆိုတော့ စပါကျီက စပါးလည်း ကုန်တော့မယ် ဆိုတော့လေ

မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ်၊ ဘုတ်ဝေါ်ကျေးရွာကနေ ရောက်လာတဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဒေါင်ခေါင်ကတော့ သူနေတဲ့ဂေဟာရဲ့ အခြေအနေကို မသိရှာပါဘူး။

ရွာမှာနေတဲ့အချိန်တုန်းက ဆင်းရဲလွန်းလို့ နေ့စဥ် ထမင်းနပ်မှန်အောင် မစားရဘဲ ဒီဂေဟာကို ရောက်မှ ပျော်ရွှင်ရတယ်လို့  မောင်ဒေါင်ခေါင်က ပြောပါတယ်။

 ကျနော်တို့ ရွာမှာနေတဲ့အချိန်၊ ကျောင်းတက်တဲ့အချိန်တုန်းက အိမ်က ကျောင်းနဲ့ အရမ်းဝေးလို့ တစ်ရက် ရက် တစ်ခါတလေ ထမင်းမစားဘဲ မနက်ပိုင်း ကျောင်း သွားရတယ် အဲလိုမျိုးအချိန်တွေ ရှိခဲ့တယ်။ အဲဒါကြောင့် အဘွားက ဟိုမှာလည်း အရမ်းဆင်းရဲလို့ ဒီမေတ္တာပျိုးခင်းမှာ လာပို့ထားတာ။ ထမင်းလည်း မချက်တတ်ဘူး။ ချက်စားဖို့ ဆန်လည်း မရှိဘူး။ အဲချိန်မှာ အဖေလည်း ပြန်မလာဘူး။ အမဲလိုက် သွားတယ်။ အဖေလည်း တစ်ညတစ်ည တစ်ခါတလေ အိမ်ပြန်မလာဘူး

ဒီဂေဟာလေးမှာ ကျောင်းစာအပြင် ဂီတာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ဖို့ လေ့ကျင့်သင်ကြားနေတယ်လို့ မောင်ဒေါင်ခေါင်က ပြောပါတယ်။ သူက ကြီးလာရင် ဂီတာတီးတဲ့ အနုပညာသမားတစ်ယောက် ဖြစ်ချင်တာပါ။

" ဒီကိုရောက်လာတဲ့ သားသမီးတွေထဲမှာ အများဆုံးက စီးပွားရေး ပျက်ပြားတာကို အခြေခံပြီးမှ စားဝတ်နေရေးခက်ခဲလာတယ်"

မြစ်ကြီးနားခရိုင် ဂွေထုရွာကနေ ဒီဂေဟာလေးကို ရောက်လာတဲ့ အသက် ၁၅ နှစ်အရွယ် မဂျာဒင်ကတော့  သူကြီးလာရင် လူတွေကို ကူညီရတဲ့ သူနာပြုဆရာမတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောပါတယ်။

ကြီးလာရင် သူနာပြုဆရာမဖြစ်ချင်တယ်။ နိုင်ငံခြားသွားပြီး အလုပ်လုပ်မယ်။ အလုပ်လုပ်လို့ရလာတဲ့ ပိုက်ဆံတွေကို ဂေဟာအတွက် ပြန်လှူမယ်။ အိမ်ကိုလည်း ထောက်ပံ့မယ်။ ဒီမှာပဲ ပြန်ပြီး ပါဝင်ကူညီမယ်။ မေတ္တာပျိုးခင်းမှာလည်း ဆေးဆရာမ တစ်ယောက်လိုတယ်လို့ ဆရာက အမြဲပြောတယ်။ အပ်တော့ကြောက်တယ်။ ဒါပေမဲ့ သူနာပြုဆရာမဖြစ်အောင်ကြိုးစားမယ်

ရွာမှာနေရင် အရွယ်နဲ့မလိုက်အောင် အလုပ်ကြမ်းတွေ လုပ်ရပြီး ဆင်းရဲဒုက္ခမျိုးစုံ ခံခဲ့ရတယ်လို့ မဂျာဒင်က ဆိုပါတယ်။

မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာလိုပဲ မြစ်ကြီးနားမြို့မှာရှိတဲ့ မိဘမဲ့ဂေဟာအားလုံးနီးပါး အလှူငွေ မရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ မြစ်ကြီးနားမြို့မှာ မိဘမဲ့ ဂေဟာ ၂၀ ဝန်းကျင်ရှိပြီး ဂေဟာတစ်ခုစီတိုင်းမှာ အနည်းဆုံး ကလေး အယောက် ၂၀ ကနေ ၄၀ ကြား ခိုလှုံနေပါတယ်။

မြစ်ကြီးနားမြို့  ရှဒေါင်ရွာရှိ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှ ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA )
မြစ်ကြီးနားမြို့ ရှဒေါင်ရွာရှိ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှ ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA )

ကာလကြာရှည် ပြည်တွင်းစစ်ဒဏ်ကို ခံနေရတဲ့ ကချင်ပြည်နယ်မှာ ကလေးအများစုက စစ်ကြောင့် မိဘမဲ့သွားတဲ့ဒဏ်၊ စီးပွားပျက်တဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ မေတ္တာ ပျိုးခင်း မိဘမဲ့ဂေဟာ တာဝန်ခံ ဦးဒေါင်ဒိုင်က ပြောပါတယ်။

ကျနော်တို့ ကချင်ပြည်နယ်မှာကျတော့ စစ်ဘေးကြုံလာတဲ့ အချိန်ကာလက ကြာရှည်လာတဲ့အခါ မိသားစုတွေက စီးပွားရေး ပျက်ကြတယ်။ ဒီကိုရောက်လာတဲ့ သားသမီးတွေထဲမှာ အများဆုံးက စီးပွားရေး ပျက်ပြားတာကို အခြေခံပြီးမှ စားဝတ်နေရေးခက်ခဲလာတယ်။ နောက်ပြီးတော့ မိဘများက စစ်ရှောင်ရင်းနဲ့ ဆုံးသွားတဲ့ မိဘတွေရှိတယ်

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ စစ်တပ်အကြား ကာလကြာရှည် ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက်ရှိနေပြီး အဲဒီအထဲက ခြောက်သောင်းလောက်က KIO ဌာနချုပ် လိုင်ဇာမှာ ခိုလှုံနေတယ်လို့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) နဲ့ လူမှုရေးကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ကျန်တဲ့ ကိုးသောင်းလောက်ကတော့ မြစ်ကြီးနားအပါအဝင် မြို့နယ်အသီးသီးရှိ မေတ္တာ ပျိုးခင်းလို ကိုယ်ထူကိုယ်ထ မိဘမဲ့ဂေဟာလေးတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။