မဲမပေးရေး လှုပ်ရှားမှုနဲ့ ကပ်ဘေးကာလ ရွေးကောက်ပွဲ
2020.08.28
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းပါးနေတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ မဲပေးသူနည်းလာရင် ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်လို့ တချို့က ယူဆကြသလို တချို့ကတော့ အဲဒီလိုအခြေအနေမျိုး မဖြစ်လာနိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်ရှိလာတဲ့ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ နှစ်လကျော်ပဲ လိုပါတော့တယ်။
ကပ်ဘေးကာလနဲ့ တိုက်ဆိုင်နေတဲ့ ရွေးကောက်ပွဲအပေါ် လူထုရဲ့စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်တဲ့ မဲဆန္ဒရှင် အမည်စာရင်းနဲ့ ပတ်သက်ပြီး ပြည်သူအယောက် ၂၀၀ လောက်ကို မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် နယူးမြန်မာဖောင်ဒေးရှင်း ရဲ့ စစ်တမ်းအရ မဲဆန္ဒရှင် တဝက်လောက်ဟာ မဲစာရင်းကိုတောင် သွားပြီး မစစ်ဆေးကြဘူးလို့ သိရပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းပါးပြီး မဲမပေးမယ့်သူတွေ များလာမှာကို စိုးရိမ်နေတဲ့သူတွေရှိပါတယ်။
ဒါပေမဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ပြည်သူတွေ တစ်ခဲနက် မဲလာပေးကြမယ်လို့ ယုံကြည်နေပါတယ်။
မဲမပေးရေးသမားတွေလည်း အင်အားနည်းသွားမှာဖြစ်ပြီး ပြည်သူတွေကလည်း လက်ရှိမှာ မဲဆွယ်စည်းရုံးရေး ကာလ မရောက်သေးလို့သာ သိပ်စိတ်မဝင်စားသေးတာဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
“ပထမကတော့ No Vote ကို လှုံ့ဆော်တဲ့သူတွေ တော်တော်လေးများပါတယ်၊ အခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ မီဒီယာတွေကလည်းပြောလာကြတယ်၊ နောက်တခါ နိုင်ငံရေးလေ့လာသူတွေရော နောက်တခါ နိုင်ငံရေးပါတီတွေထဲကလည်း တချို့ ပြောလာကြတဲ့အခါကျတော့ No Vote ကိစ္စက တဖြည်းဖြည်းနဲ့ လျော့သွားပြီဗျ အဲဒါတစ်ချက်ပေါ့၊ နောက်တစ်ချက်က ရွေးကောက်ပွဲနီးလာရင်တော့ ရွေးကောက်ပွဲအောင်နိုင်ရေး လှိုင်းလုံးတွေကြားမှာ No Vote က ပျောက်သွားမှာပါပဲ၊ No Vote ပြဿနာ ကတော့ ကျွန်တော်တို့အနေနဲ့ သိပ်ပြီးတော့ ပူစရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။”
နောက်ထပ် စိတ်ဝင်စားမှုနည်းရတဲ့အကြောင်းကလည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု သတင်းတွေကြောင့်ဖြစ်ပြီး မကြာခင် ပြည်သူတွေရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအပြည့် ရှိလာမှာဖြစ်တယ်လို့ မုံရွာအောင်ရှင်က ခန့်မှန်းပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းကတော့ ပြည်သူတွေ မဲလာမပေးမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က အဲလိုစိုးရိမ်မှုတွေရှိခဲ့လို့ ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီးကိုယ်တိုင် သူ့ဖေ့စ်ဘွတ်ကနေပြီးတော့ နိုင်ငံသားတွေ လူ့အခွင့်အရေးကို မဆုံးရှုံးအောင်လို့ မဲလာပေးဖို့ သူကိုယ်တိုင်ရေးခဲ့သလို ကျွန်တော်တို့ ပြောရေးဆိုခွင့်ရှိသူတွေကလည်း နိုင်ငံသားအခွင့်အရေးအနေနဲ့ မဲပေးကြဖို့ ကျွန်တော်တို့တွေ တိုက်တွန်း ပြောဆိုနေပါတယ်၊ ပေးခြင်းမပေးခြင်းကတော့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မှာမူတည်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူတွေဟာ ကျွန်တော်တို့အခွင့်အရေးကို မိမိရရအသုံးချပြီးတော့ မိမိတို့ရဲ့ အနာဂတ် ဘဝတွေအတွက်ကို ပိုင်ပိုင်နိုင်နိုင်ရွေးချယ်နိုင်တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ လာရောက်မဲပေးကြဖို့ အစဉ်အမြဲ တိုက်တွန်းနေပါတယ်ခင်ဗျ”
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် မဲလာပေးတဲ့ ရာခိုင်နှုန်း ဘယ်လောက်ဆိုတာ သေချာသတ်မှတ် မထားတဲ့အတွက် တိတိကျကျ သတ်မှတ်ပေးဖို့ လိုတယ်လို့လည်း ဦးသိန်းထွန်းဦးက ဆိုပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထူးခန့်သော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲလုံးဝမပေးဘူးလို့ RFA ကိုပြောပါတယ်။
“ရွေးကောက်ပွဲတွေလုပ်နေမယ်ဆိုလည်း ဒီတိုင်းပြည်ရဲ့ဘဏ္ဍာဆုံးရှုံးတာပဲရှိမယ်၊ သိသားထင်ရှားတဲ့ ပြည်သူ လူထုအပေါ် တကယ်အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ဘူး၊ ပြည်သူလူထုအပေါ်မှာ ဒီရွေးကောက်ပွဲတွေက ကောင်းကျိုးတစ်စုံတစ်ရာ ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘူး၊ အဲတော့ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသမျှကာလပတ်လုံး ကျင်းပတဲ့ရွေးကောက်ပွဲတွေကို ကျွန်တော်တို့အနေနဲ့ လက်မခံဘူး၊ အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှ ရွေးကောက်ပွဲရလဒ် မည်သို့ပဲဖြစ်နေပါစေ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဖြစ်စေမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲမဲပေးတဲ့သူ များများနည်းနည်း ရလဒ်ကတော့ ဒီအတိုင်းဖြစ်နေမှာပဲ၊ အဲတော့ ကျွန်တော်တို့ အနေနဲ့ မဲမပေးတာကတော့ ဒီဖွဲ့စည်းပုံရှိနေတဲ့အတွက် ဒီနိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကိုမယုံကြည်တဲ့အတွက် ဗကသများအဖွဲ့ချုပ်အနေနဲ့ မဲမပေးတာပါ”
သူတို့ ဗကသအဖွဲ့က ဦးဆောင်ပြီး မဲမပေးရေးလှုပ်ရှားမှု (No Vote Campaign) လုပ်ဆောင်နေသလို ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မယ့်အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာထားပါတယ်။
နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းကတော့ မဲမပေးမယ့်သူတွေ များလာရင် ရွေးကောက်ပွဲရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲမှာ မဲမပေးမယ့်သူတွေများမယ်ဆိုလို့ရှိရင်တော့ ရွေကောက်ပွဲတစ်ခုရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်နေစနိုင်တာပေါ့၊ ဘယ်နှစ်ယောက်ပဲလာပေးပေး ရွေးကောက်ပွဲကတော့ ပြီးသွားမှာ ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက်ရာခိုင်နှုန်းရမှ ရွေးကောက်ပွဲအောင်မြင်မယ် ဆိုတဲ့ အခြေအနေမဟုတ်ဘူးလေ၊ ဥပဒေထဲမှာလည်း မရှိထားဘူးဆိုတော့ ဒီအခြေအနေဟာ ထိခိုက်နိုင်တယ် မထိခိုက်နိုင်ဘူးထက်စာရင် ကိုယ်စားပြုမှု အားနည်းသွားနိုင်တယ်ပေါ့နော်၊ ဘယ်သူတွေကို ထိခိုက်နိုင်မလဲ ပြောရမယ်ဆိုရင်တော့ အကုန်လုံးအပေါ်မှာ သက်ရောက်မှုတွေတော့ ရှိနေတာပေါ့နော်”
ရွေးကောက်ပွဲစောင့်ကြောင့်တဲ့အဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းပြီး ပြည်သူတွေ မဲပေးတာကို စိတ်ဝင်စားလာဖို့ ပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒေါ်မြနန္ဒာသင်းက ဆိုပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ အဆင်ပြေပြေ မဲပေးနိုင်ဖို့ စီစဉ်ပေးနိုင်ရင်တော့ မဲပေးမယ့်သူတွေများလာမယ့် အခြေအနေတွေ ပြောင်းသွားနိုင် တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကာလက မဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်း နီးပါး ရှိတဲ့အထဲမှာ ၆၉ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြပါတယ်။
ကပ်ဘေးကာလဖြစ်တဲ့ ဒီနှစ် ရွေးကောက်ပွဲကာလမှာ မဲပေးနိုင်သူ ဦးရေ ၃၇ သန်းကျော် ရှိနေပါတယ်။