ကိုဗစ်နဲ့ စစ်အာဏာသိမ်း စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲ

RFA Burmese
2022.12.01
ကိုဗစ်နဲ့ စစ်အာဏာသိမ်း စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ရန်ကုန်ဆိပ်ကမ်း အလုပ်ခွင်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ ၂၀၁၉ နှစ်ဆန်းပိုင်းကစလို့ ကိုဗစ်ကပ်ရောဂါဒဏ်ကို အပြင်းအထန် ခံစားရပြီးတဲ့နောက် ချစ်ခင် ရင်းနှီးသူတွေကို ဆုံးရှုံးခဲ့ရတာ၊ အခုချိန်ထိ ရောဂါကူးစက် ခံရမှာကို စိုးရိမ်နေရတာ၊ အပြင်ကို လွတ်လပ်စွာ သွားလာခွင့် မရ၊ မိတ်ဆွေသူငယ်ချင်း ဆွေမျိုးသားချင်းတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် မရတာတွေကြောင့် ပြည်သူတွေဟာ စိတ်ဒဏ်ရာရလာကြတယ်လို့ ကိုယ်တွေ့ကြုံသူတွေနဲ့ ဆေးပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်း နောက်ဆက်တွဲ ဒဏ်ကြောင့် ချစ်ခင် ရင်းနှီး သူတွေကို ဆုံးရှုံးမှု၊ ထောင်သွင်းအကျဉ်းချခံရမှု၊ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရမှု၊ အသက်အိုးအိမ် မလုံခြုံမှုနဲ့ စီးပွားရေး ချွတ်ခြုံကျမှုဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရပါတယ်။

ဒီကာလတွေမှာ လူတွေရဲ့ စိတ်ကျန်းမာရေးထိခိုက်မှု ပိုများလာတာ‌တွေ့ရတယ်လို့ စိတ်ဒဏ်ရာရသူတွေကို ရန်ကုန်မြို့မှာ စိတ်ကျန်းမာရေး ဆွေးနွေးနှစ်သိမ့်ပေးနေတဲ့ Talk with Me အဖွဲ့ တည်ထောင်သူ ဦးကောင်းမြတ် က ပြောပါတယ်။

“အထူးသဖြင့်တော့ နိုင်ငံရေးအခြေအနေတွေ စီးပွားရေးအခြေအနေတွေကြောင့် လူတွေရဲ့ စိတ်ကျန်းမာရေးက ထိခိုက်မှုတွေ များလာတယ်။ စိုးရိမ်ပူပန်မှုတွေ များလာတယ်။ အဲနောက်ဆက်တွဲရောဂါအနေနဲ့ စိတ်ဓာတ်ကျတဲ့ ရောဂါရှိတဲ့သူတွေ များလာတယ်။ ပြီးတော့ စိတ်ဓာတ်အတတ်အကျ မြန်တာတွေ ရှိတယ်။ ရေရှည်အားဖြင့် စိတ်ဒဏ်ရာ ရရှိတဲ့သူတွေ များလာတယ်၊ ဆိုတော့ ဒီလို လူအုပ်စုများလာတဲ့ အခါကျတော့ သူတို့အတွက် ထွက်ပေါက်သည် စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ရမယ် ဆိုတာမျိုးကို သိလာတဲ့သူတွေက ဒီကာလမှာ ပိုများလာတယ်။”

ပုံမှန်ရက်တွေမှာ တစ်ရက်ကို လူ ၁၀ ဦးကနေ ၁၅ ဦး အထိ ဆွေးနွေး နှစ်သိမ့်ပေးရလေ့ ရှိပေမယ့် အကျပ်အတည်းနဲ့ ကြုံတွေ့ရပြီး စိတ်ထိခိုက်စရာ သတင်းတွေ ကြားရတဲ့ ရက်တွေမှာတော့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဆက်သွယ်လာသူ တစ်ရက်ကို ၅၀ ကျော်အထိ ရှိလာတယ်လို့ သူက ပြောပါတယ်။

"နိုင်ငံရေးအခြေအနေတွေ စီးပွားရေးအခြေအနေတွေကြောင့် လူတွေရဲ့ စိတ်ကျန်းမာရေးက ထိခိုက်မှုတွေ များလာတယ်။"


ဇာတိနယ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့တဲ့ ကိုဝေဟာ ညဘက် သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး အိမ်ပြန်လာ ချိန်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လုံခြုံရေးစစ်ဆေးတဲ့ စစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ သူ့လက်ပေါ်မှာတင် အသက်ဆုံးခဲ့တာကို ကိုယ်တွေ့ကြုံခဲ့ရသူပါ။

နယ်မှာမနေရဲတော့လို့ ရန်ကုန်မှာ ပြောင်းရွှေ့နေထိုင်တဲ့အခါ လူတွေအားလုံး စီးပွားရေးနဲ့ လုံခြုံရေးအကျပ် အတည်းဒဏ်တွေ အပြင်းအထန် ခံစားနေရတာကို ကိုယ်တိုင်မြင်တွေ့ နေရတယ်လို့ ကိုဝေက ပြောပါတယ်။

“လက်လုပ်လက်စားတွေဆို ပိုဆိုးတာပေါ့။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ အခုဆို ပိုပိုပြီး ကျပ်တည်းသွားတယ်။ ကုန်စျေးနှုန်းတွေလည်း ပိုပြီးမြင့်လာတယ်။ အဲအတွက်ကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်နေရပေမယ့် လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ တချို့တစ်ခါတစ်လေဆို အပြင်သွားရင် တစ်နေရာရာမှာ ဘာဖြစ်မလဲ ဆိုပြီး စိုးရိမ်နေရတယ်။ ဗုံးပေါက်တာတို့ ဘာတို့ဆိုလည်း အဲနားမှာ ကိုယ်များ ရောက်နေမလား။ ကိုယ်များရှိနေမလား။ ဒါမှမဟုတ် အခုရန်ကုန်မှာဆိုရင် ကားစီးရင် တောင်မှ ခါးပိုက်ပဲ အနှိုက်ခံရမလား။ ဓါးပဲ အထောက်ခံရမလား။ အဲလိုကြုံတွေ့ နေရတော့ လူတွေက နေ့စဉ်သွားလာနေရပေမယ့် လွတ်လွတ်လပ်လပ် မရှိတော့ဘူးပေါ့။”

အပြင်ထွက်ဖို့ အန္တရာယ်ရှိတာကြောင့် လူမှုကွန်ရက်ကို အသုံးပြုတဲ့အခါမှာလည်း နိုင်ငံ တစ်ဝန်း ဖြစ်ပျက်နေတဲ့ သွေးထွက်သံယိုသတင်းတွေကို နေ့စဉ် မြင်တွေ့ နေရတာကြောင့် တစ်နေ့ထက်တစ်နေ့ စိုးရိမ်ပူပန်မှု ပိုများလာတယ်လို့ သူက ပြောပါတယ်။

အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုချိန်မှာ ခေတ္တပုန်းရှောင်နေရတဲ့ မောင်စကလည်း သူ့မှာ စိတ်ဒဏ်ရာရှိနေတာကို သတိထားမိလာတဲ့အတွက် အခုနောက်ပိုင်း ပျော်ရွှင်စရာတွေကို ဖန်တီးပြီး ကုစားနေရ တယ်လို့ ပြောပါတယ်။

“အိမ်ထဲမှာပဲ အနေများတယ်။ ဒီတော်လှန်ရေးကိစ္စနဲ့ စာဖတ်တာပဲ ကျနော့်မှာရှိတော့ ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ် သိပ်မလုပ်ဖြစ်ဘူး။ အဲဒါကြောင့် ကျနော်မှာ တစ်ယောက်တည်းပဲ နေတဲ့အချိန်တွေက များတယ်။ အဲဒါကြောင့် ဒီလိုစိတ်တွေက ဖြစ်လာခဲ့ရတယ်။ အရင်က Trauma သေးသေးလေးတွေကနေ နောက်ပိုင်းမှာ အင်မတန်ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျနော့်စိတ်ကို တိုက်ခိုက်လာပါတယ်။ ဒါကြောင့်လည်း ကျနော် သိသိချင်းမှာပဲ စတင်ပြီး ကုစားဖို့အတွက် ဖုန်းလုံးဝ မကိုင်ဘဲ နှစ်ပတ်လောက် ကျနော်ဘာသာ ပျော်ရွှင်စရာ အချိန်တစ်ခု ဖန်တီးပြီး ကုသခဲ့ရပါတယ်။”

စိုးရိမ်စိတ်တွေ များလာတဲ့အခါမှာ အိပ်မပျော်တာ၊ အစာ မစားချင်တာ၊ မပျော်ရွှင်တာ၊ ဒေါသထွက်လွယ်တာ၊ မိမိကိုယ်ကို အပြစ်တင်တာ၊ လူအများနဲ့ မဆက်ဆံတော့တာနဲ့ အလုပ်လုပ်ချင်စိတ် မရှိတဲ့တာတွေဟာ စိတ်ကျန်း မာရေး ထိခိုက်ဖို့အတွက် ကနဦးအစ ဖြစ်တယ်လို့ စိတ်ရောဂါကု ဆရာဝန်တွေက ပြောပါတယ်။

စိတ်ဓာတ်ကျလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဒဏ်ကို ခံစားလာရတဲ့အခါ တစ်ယောက်တည်း ဖြေရှင်းတာမျိုး မလုပ်ဘဲ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီတာ၊ အားပေးစကားပြောတာက စိတ်ဒဏ်ရာတွေကို ပိုပြီး သက်သာ စေတယ်လို့ Talk with Me အဖွဲ့ တည်ထောင်သူ ဦးကောင်းမြတ်က အကြံပေးပါတယ်။

“ပြည်သူပြည်သားချင်း၊ လူသားချင်း၊ အချင်းချင်း သွေးစည်းမှုဆိုတဲ့ ဒီစကားစုလေး တစ်ရပ်ပေါ့နော်။ နင့် အတွက် ငါရှိနေသေးတယ်။ ငါ့အတွက်လည်း နင်ရှိနေသေးပါလား ဆိုတဲ့ စိတ်သည် လူကိုအထီးကျန်စိတ် လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်က စိတ်ဓာတ်တွေ အရမ်းကျနေပြီး အဆင်မပြေမှုတွေ တစ်ခုခုဖြစ်နေ ပြီး ဒီကနေ ရုန်းထွက်ချင်လာပြီဆိုတဲ့ အနေအထားတွေမှာ ခုနကအတွေးလေးဝင်လိုက်ပြီဆိုရင် လူက လက်တွေ့ ဘဝကို ပြန်ရောက်သွားတယ်။ အကူအညီရနိုင်မယ့် နေရာတွေကို စဉ်းစားမိသွားတယ်။ ကိုယ့်ရဲ့ ကောက်ရိုး တစ်မျှင်တွေ အများကြီး ရှိလာတယ်။ အဲကနေမှတစ်ဆင့် ကျနော်တို့ ပြန်လည်ပြီး ထူတပ်လာနိုင်သူတွေ မြောက်များစွာ ရှိပါတယ်။”

covid-coup-trauma
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်နေသည့် မိသားစုတစ်စုကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာ ကျော်ကျော်ကလည်း ပုံမှန်အခြေအနေမျိုး မဟုတ်ဘဲ စိတ် အပြောင်းအလဲနဲ့ စိတ်အတက်အကျ မြန်လာတာ၊ စိတ်ထိခိုက်ခံစား နေရတာကို သတိထားမိလာတဲ့ အခါမျိုးမှာ တစ်ယောက်တည်း ဖြေရှင်းတာထက် စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာက ပိုပြိးသင့်တော်တယ်လို့ တိုက်တွန်းပါတယ်။

“စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ တိုင်ပင် ဆွေးနွေးပြီးနောက်ပိုင်းမှာ စိတ်ကျန်းမာရေးဆရာဝန်ဘက်က ကုသမှုအရ အကြံပေးတဲ့ မိသားစုတွေ၊ သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူနဲ့ ပတ်သက်နေတဲ့ဟာတွေပေါ့နော်၊ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဆီကနေ Emotional Support ကောင်းကောင်း ပေးဖို့ Social Support ကောင်းကောင်းပေးဖို့ ဒီလိုမျိုး ကိုယ်တစ်ယောက်တည်း ဖြေရှင်းနေတာထက်စာရင် အစုအဖွဲ့အင်အားနဲ့ ဖြေရှင်းတာက ပိုပြီးသင့်တော်ပါတယ်။”

စိတ်ကျန်းမာရေးဟာ လက်ဆုပ်လက်ကိုင် ပြလို့မရတာကြောင့် လူအများစုက သတိ မထားမိတတ်ဘူးလို့ သူက ဆိုပါတယ်၊ ဒါပေမဲ့ အခုကာလမှာတော့ မြန်မာပြည်သူတွေဟာ အတိုင်းအတာတစ်ခုအထိ ကျန်းမာရေး အသိပညာ အားကောင်းလာပြီး ဆွေးနွေး တိုင်ပင်မှုတွေ ပိုများလာတာကို တွေ့ရတယ်လို့ ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။ စိတ်ဒဏ်ရာ ရထားသူတွေအနေနဲ့ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်ဝါသနာ ပါတာကို တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်‌ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၃၃,၂၄၅ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၉,၄၈၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၅၅၃ ဦးနဲ့ အခုချိန်ထိ ဖမ်းဆီးခံထားရသူ ၁၃,၀၀၂ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။