ထောက်ပို့တပ်သား ကရင်တိုင်းရင်းသူ နန်းချောစုခင်

2022.05.28
ထောက်ပို့တပ်သား ကရင်တိုင်းရင်းသူ နန်းချောစုခင် ထောက်ပို့တပ်သား ကရင်တိုင်းရင်းသူ နန်းချောစုခင်အား တွေ့ရစဉ်
Photo: Nan Chaw Suu Khin/ FB

မိဘရဲ့ အမွေပြတ်စွန့်လွှတ်မှုကို ခံလိုက်ရတာကြောင့် နွေဦးတော်လှန်ရေးအောင်ခဲ့ရင် တောင် ပြန်စရာ အိမ်မရှိတော့တဲ့ အသက် ၂၁ နှစ်အရွယ် ကရင်တိုင်းရင်းသူ မနန်းချော စုခင်ဟာ ထောက်ပို့တပ်သား တစ်ဦးအနေနဲ့ တော်လှန်ရေးမှာ ပါဝင်နေပါတယ်။

“စိတ်ဓာတ်ကျတာမျိုးကတော့ ရှိတာပေါ့၊ အဓိကက ညီမ အသက် ၁၉ နှစ်မှာ တောထဲ ရောက်တယ်၊ အသက် ၂၀ ပြည့်တော့ စဉ်းစားတာပေါ့နော်၊ အဲဒီ ၁၉ နှစ်တောထဲ မရောက်ခင် အာဏာမသိမ်းခင်ပေါ့ အသက် ၂၀ ပြည့်ရင် ထိပ်စည်းပြောင်းတော့မှာ ဆိုတော့ ဆိုင်လေးတစ်ဆိုင်မှာ ကောင်းကောင်းမွန်မွန်လေး ကျွေးမယ်၊ သူငယ်ချင်းတွေ နဲ့ ရီစရာတွေ ပြောမယ်၊ အထောင်းလေး စားမယ်၊ ပီဇာတွေ စားမယ်၊ အချိုရည်တွေ သောက်မယ်၊ ညီမက အရမ်းလည်း အဲလိုမျိုးလေး စိတ်ပြင်းပြတယ် ပြီးတော့ ညီမ တောထဲရောက်တယ် အသက် ၂၀ ပြည့်သွားတယ်”

ဒါကတော့ အာဏာသိမ်းပြီး တိုင်းရင်းသား လက်နက်ကိုင်နယ်မြေ တစ်ခုကို ရောက်နေတဲ့ မနန်းချောစုခင်ပါ။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ သူဟာ အသက် ၂၁ နှစ်ပြည့်သွားခဲ့ပါပြီ။ သူ့မွေးနေ့ပွဲကို ခမ်းခမ်းနားနားကြီး မဟုတ်ရင်တောင် သူငယ်ချင်းတွေနဲ့အတူ ကျင်းပချင် တယ်ဆိုတဲ့ သူရဲ့ စိတ်ကူးလေးဟာ အခုအချိန်မှာ စိတ်ကူးသက်သက်သာ ရှိနေပါသေးတယ်။

“အရေးတော်ပုံပြီးသွားလို့ သူများတွေ အသီးသီးပြန် သွားရင်တောင်မှ ညီမက ဘယ် နေရာမှာနေလို့ ဘယ်နေရာမှာ ပြန်ရမှန်းမသိဘူးပေါ့နော်"

အချိန်မှာတော့ သူမအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လိုအပ်ချက် စား ဝတ်နေရေးကို နိုင်တဲ့ဘက်က ကူနေပါတယ်။ ဒီလိုကူဖို့အတွက် သူမတတ်မြောက်ထားတဲ့ ကရင်ရိုးရာ ဂျက်ခုတ်အထည်တွေ လုပ်ပြီး ရောင်းရငွေနဲ့ ထောက်ပို့တပ်သား တစ်ဦးအဖြစ် ရှိနေပါတယ်။

“ညီမက လွတ်မြောက်နယ်မြေ တစ်ခုမှာ ကရင်ရိုးရာ ဂျက်ခုတ်အထည်ကိုပေါ့နော် ညီမအစ်မက supporting ပေးပြီးတော့ ညီမသင်ခဲ့တာပေါ့နော်၊ တတ်မြောက်ခဲ့တယ် ကရင်ရိုးရာ ဂျက်ခုတ်အထည်ပေါ့နော်၊ ရောင်းရတဲ့ငွေတွေကို ညီမတို့နောက် တစ်ထည် ပြန်ယက်နိုင်အောင် ချည်ဖိုးကတော့ ဖယ်ပြီးတော့ တချို့ကိုတော့ ညီမက ကိုယ်တိုင် လှူတာပေါ့”

ကရင်ပြည်နယ်မှာ မွေးဖွားပြီး ကရင်လူမျိုး တစ်ယောက် ဖြစ်ပါတယ်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လူငယ်ပါတီဝင်တစ်ဦးပါ။ အသက် ၁၈ နှစ်ပြည့်ပြီးလို့ ပထမဆုံး မဲပေးခွင့်ရခဲ့တဲ့ မနန်းချောစုခင်ဟာ စစ်အာဏာသိမ်းတာကို လက်မခံနိုင် တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဆန္ဒပြနေရုံနဲ့ မရတော့တဲ့အဆုံး လက်နက်ကိုင် တိုက်ပွဲဝင်မယ့်လမ်းကို သူမ ရွေးချယ်ခဲ့ပါတယ်။

အဲဒီလိုရွေးချယ်ပြီး သူဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။

“ညီမတို့မှာ တောထဲဆိုတော့ မျှစ်တွေပေါတယ် မှိုတွေပေါတာပေါ့နော်၊ မျှစ်ထွက်တဲ့ အချိန်ဆိုလည်း မျှစ်အလျှောက် မျှစ်ချဉ်ဟင်း၊ မျှစ်တလပေါ၊ မျှစ်ကြော် အဲဒါတွေပဲ စားတာပေါ့ မှိုထွက်တဲ့ အချိန်ဆိုလည်း မှိုဟင်း၊ မှိုထမင်းသုပ် မှိုဆိုမှိုချည်းပဲ စားရတယ် မျှစ်ဆိုလည်း မျှစ်ချည်းပဲ စားလိုက်ရတယ် အဲလိုအခြေအနေမျိုးတွေလည်း ရှိတာပေါ့”

မိသားစု လေးယောက်ရှိပြီး သူတစ်ယောက်တည်း တော်လှန်ရေးထဲမှာပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ဖို့ လမ်းကိုရွေးချယ်ပြီး မေလ ၁ ရက်နေ့မှာ မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်တာကို သူခံလိုက်ရပါတယ်။

“အမွေပြတ်စွန့်လွှတ်တာကတော့ မွေးနေ့ထဲမှာပဲပေါ့နော်၊ အမွေပြတ်စွန့်လွှတ်တာ ကလည်း သူတို့ အနေနဲ့ သူတို့ သဘောမကျလို့ပေါ့နော်၊ ဒါလုပ်တာသဘောမကျလို့ လို့တော့ ညီမ မြင်တာပေါ့နော်၊ အမွေပြတ်စွန့်လွှတ်ဖို့ ပြောတာတော့ ကြာပြီပေါ့နော်၊ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးတာရယ် လိုက်ပြီးတော့ စုံစမ်းနေတာတွေရယ် ကြောင့် နည်းနည်းကြာသွားတာပေါ့နော်”

အမွေပြတ်စွန့်လွှတ်တဲ့ အပေါ်မှာလည်း အားမငယ်နိုင်သလို စိတ်ဓာတ်တွေကျချိန်တွေ မှာတော့ သူမဝါသနာပါတဲ့ မြန်မာအကတွေကပြီး စိတ်ဖြေဖျောက်လိုက်တယ်လို့ ပြောပါတယ်။

“တအားလည်း ဒေါသထွက်မိတယ် ပြီးတော့ စိတ်ဓာတ်တော်တော်ကျသွားတယ်၊ သင်္ကြန်အတွင်းမှာလို့ အကလေးတစ်ပုဒ် ကချင်တာပေါ့နော်၊ ခါတိုင်းဆိုညီမတို့က သင်္ကြန်ဆို ဗဟိုမဏ္ဍပ်တို့ လိုက်ကနေကြလူဆိုတော့လေ၊ သင်္ကြန်ရောက်တော့ သင်္ကြန် တီးလုံးကြားရင် မနေနိုင်ဘူးပေါ့နော်၊ အဲဒီအကလေးကို ကလိုက်မယ်ဆိုပြီးတော့ ကလိုက်တာ”

တော်လှန်ရေးပြီးသွားခဲ့ရင်တောင် မနန်းချောစုခင်အတွက် ပြန်စရာအိမ် မရှိတော့ပါဘူး။

၂ဝ၂၂ ခုနှစ်သင်္ကြန်မှာ ကပြထားတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကြောင့် အွန်လိုင်းမီဒီယာတွေနဲ့ ပြည်သူတွေအကြား ရေပန်းစားလာသူ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း စိတ်ကျေနပ်မှု ရှိခဲ့ပေမယ့် ခံစားချက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

“အရေးတော်ပုံပြီးသွားလို့ သူများတွေ အသီးသီးပြန် သွားရင်တောင်မှ ညီမက ဘယ် နေရာမှာနေလို့ ဘယ်နေရာမှာ ပြန်ရမှန်းမသိဘူးပေါ့နော်၊ အဲလို အနေအထားတွေဖြစ်တဲ့ အတွက် ညီမအဲဒီစာကို ခေါင်းထဲမှာ မထည့်ထားဘူးပေါ့နော်”

သူက ပထဝီဘာသာရပ်နဲ့ အဝေးသင်တက် ရောက်နေပြီး ပညာရေးတစ်ပိုင်းတစ်စနဲ့ တော်လှန်ရေးထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို တော်လှန်ရုံနဲ့ မပြီးသေးဘဲ အာဏာရှင်မှန်သမျှ အမြစ်ပြတ်တဲ့အထိ တော်လှန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အဓိကပြောရမယ်ဆိုရင် ညီမတို့ရဲ့ အညွန့်၊ ညီမတို့ရဲ့ အနာဂတ်ကို ရိုက်ချိုးသွားတဲ့ အာဏာရှင်ကို အဓိက အမြစ်အရင်ဖြုတ်ရမယ်၊ မအလတို့ ဇော်မဲလုံးတို့ သေတာနဲ့ပဲ မပြီးသွားဘူး၊ အာဏာရှင်အကုန်လုံးကို အမြစ်ဖြုတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ပြီးရင် ညီမလိုချင်တဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဘဝရယ်၊ အမေစု တည်ထောင်ချင်တဲ့ မြန်မာနိုင်ငံတော်ကြီးကို ဘေးနားကနေ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ အမြဲတမ်းပါဝင်ပေးသွားမှာပေါ့”

nanchawsuukhin.jpg
ထောက်ပို့တပ်သား ကရင်တိုင်းရင်းသူ နန်းချောစုခင်အား တွေ့ရစဉ် (Photo: Nan Chaw Suu Khin - FB)

တော်လှန်ရေး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေချင်ပြီး သူ့အပြုံးကိုလည်း မြင်ချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို မကျေနပ်တဲ့ လူငယ်အများစုရှိခဲ့ပြီး သူမလို ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဆရာဝန်၊ အနုပညာရှင်တွေနဲ့ ပြည်သူတွေ အများစုဟာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီထဲမှာ အမျိုးသမီးအများစုဟာ ငယ်ရွယ်နုပျိုမှုတွေနဲ့မလိုက်အောင် စစ်ပညာကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ တက်ရောက်သင်ကြားနေကြ တာဖြစ်ပါတယ်။

“ဘဝကြီးကိုလုံးဝကို ကွာခြားသွားပြီ ဒါပေမဲ့ အဲလို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေလို့ရတဲ့ ဘဝကိုပဲ ဒီလိုအာဏာရှင်တွေက ဒီလိုအာဏာသိမ်းလိုက်လို့ ညီမတို့ ဒီလိုဖြစ်သွားတယ်ဆိုတော့ ညီမတို့ လွတ်လွတ်လပ်လပ် နေနိုင်မယ့်ဘဝကို ညီမတို့ ကိုယ်တိုင်ပဲ ပြန်ပြီးတော့ ကြိုးစားပြီးတော့ တိုက်ယူရမှာပေါ့နော်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။