အကြတ်နေ့ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန် လူစည်ကား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပြည်သူ့ရင်ပြင်မှာ စစ်ကောင်စီက ဦးဆောင် ပြုလုပ်ထားတဲ့ လမ်းလျှောက် သင်္ကြန်မှာတော့ ဧပြီလ ၁၅ ရက် ဒီနေ့ သင်္ကြန်အကြတ်နေ့မှာ လူစည်ကားနေခဲ့ပါတယ်။
လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ် အကြိုနေ့ မနက်အစောပိုင်းက မီးရှို့ဖျက်ဆီး ခံလိုက်ရပြီးနောက် ရေကစားသူ မရှိသလောက်နည်းပြီး ခြောက်ကပ်နေခဲ့ပေမဲ့ ဒီနေ့မှာတော့ ရေကစားသူတွေကို ပြန်လည်တွေ့လာရတာပါ။
စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်နဲ့ အခု လမ်းလျှောက်သင်္ကြန်လုပ်နေတဲ့ နေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို အရင်ထက် ပိုမိုချထားပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာကို ဖြတ်သန်းသွားလာမယ့် သူတိုင်းကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပနေတဲ့ နေရာပတ်ဝန်းကျင်ကလွဲပြီး မြစ်ကြီးနားမြို့ရဲ့ အခြားနေရာ တော်တော်များများမှာတော့ ရေကစားသူတွေ မရှိပါဘူး။