ရပ်တည်ရေးပိုခက်လာနေတဲ့ မြစ်ကြီးနားက အဂ္ဂါပေ မိဘမဲ့ဂေဟာ
2022.12.16

အခုမြင်ရတဲ့ ခရစ္စမတ်သီချင်း သရုပ်ဖော်ကပြနေတဲ့ကလေးတွေဟာ အဂ္ဂါပေ မိဘမဲ့ဂေဟာ က ကလေးတွေပါ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်က အဂ္ဂါပေဂေဟာကို မြန်မာနိုင်ငံ ကချင်မူရင်း နှစ်ခြင်း အသင်းချုပ်က ၁၉၉၈ ခုနှစ်မှာစပြီး ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာ မိဘမဲ့ကလေး ၃၅ ဦး ရှိပါတယ်။
အဂ္ဂါပေ ဆိုတာက တုံ့ပြန်ပေးဆပ်မှုကို မမျှော်လင့်သောဘုရား၏ချစ်ခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဒီဂေဟာကို ကချင်မူရင်းနှစ်ခြင်းအသင်းတော်တွေ၊ ပုဂ္ဂလိကစေတနာရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းမှုနဲ့ ရပ်တည် နေတာပါ။
"အသင်းတော်မှာ ခက်ခဲလာသလို အိမ်ထောင်စုတိုင်းမှာ ခက်ခဲလာတော့ ဒီဘက်လည်း တချို့ ခါတိုင်းလို ပုံမှန်မရောက်လာတော့ဘူး"
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အဂ္ဂါပေ ဂေဟာကို လာလှူတာတွေ လျော့ကျသွားပြီး ခက်ခဲလာတယ်လို့ ဂေဟာတာဝန်ခံ ဦးမဒိန်ယိန်းဇုန်းက ပြောပြပါတယ်။
“အခုနောက်ပိုင်းတော့ စီးပွားရေးကလည်း ခက်ခဲလာတော့ အသင်းတော်မှာရော ခက်ခဲ လာတယ်။ အသင်းတော်မှာ ခက်ခဲလာသလို အိမ်ထောင်စုတိုင်းမှာ ခက်ခဲလာတော့ ဒီဘက်လည်း တချို့ ခါတိုင်းလို ပုံမှန် မရောက်လာတော့ဘူး။ အဲမျိုးလေးတွေ ရှိပါတယ်။ အစစ အရာရာပေါ့၊ စိန်ခေါ်မှုတွေ အများကြီး ရှိလာတယ်။ ကလေးတွေရဲ့ ပညာရေး ဆိုရင်လည်း ကျနော်တို့မှာ ခက်ခဲမှုတွေ ရှိပါတယ်။ ငွေကြေးထောက်ပံ့မှုမှာ ကျနော်တို့ ခက်ခဲလာတယ်။တခြား သူတို့ရဲ့ ဆေးဝါးစရိတ် သူတို့ရဲ့လိုအပ်တဲ့ အသုံးဆောင်ပစ္စည်း တွေမှာ ကူညီပေးဖို့ အပိုင်းမှာ ခက်ခဲမှုလေးတွေ ရှိပါတယ်”
ဒီနေရာကိုရောက်လာတဲ့ကလေးတွေဟာ စစ်ပွဲအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိဘနှစ်ပါးလုံး မရှိတော့တဲ့သူတွေလို့ ဦးမဒိန်ယိန်းဇုန်က ဆိုပါတယ်။
သူတို့မှာ ဝမ်းနည်းစရာနောက်ခံဇာတ်ကြောင်းကိုယ်စီ ရှိနေကြပါတယ်။
မိုးကောင်းမြို့နယ် မရမ်းရွာကနေ ညီနဲ့အတူ ရောက်လာတဲ့ အသက် ၁၅ နှစ်အရွယ် မောင်နော်ဆန့်ဟာ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံကို သူ့အသက် ခုနစ်နှစ်အရွယ်မှာပဲ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တာပါ။
မောင်နော်ဆန့်မှာ မိဘနှစ်ပါး၊ အစ်ကိုတစ်ယောက်နဲ့ ညီတစ်ယောက်ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ မှောင်မိုက်တဲ့ ညတစ်ညမှာ မောင်နော်ဆန့်ဟာ မိသားစုနဲ့အတူ ညစာစားနေခဲ့ တာပါ။ အဲ့ဒီအချိန်မှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် အိမ်ပေါ်ကိုကျရောက် ပေါက်ကွဲပြီး အမေနဲ့ အစ်ကိုက ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အဲဒီစိတ်နဲ့ပဲ အဖေဖြစ်သူ လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။
အဲဒီနောက် မိဘမဲ့သွားတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဒီဂေဟာမရောက်ခင်အထိ ခေါက်ဆွဲပြုတ်သောက်ပြီး ရှင်သန်ခဲ့ရတယ်လို့ မောင်နော်ဆန့်က ပြောပါတယ်။
“ရွာမှာက တစ်လ နှစ်လလောက်က ခေါက်ဆွဲခြောက်ပြုတ်နဲ့ပဲ စားတဲ့အချိန်တွေရှိတယ်။ ဒီမှာက အစား အသောက်စုံတယ်။ တစ်ခါတလေဆို အလှူရှင်တွေ မွေးနေ့လာလုပ် တာတွေရှိတယ်။ ဟင်းတွေလည်း ကောင်းတယ်၊ ရွာမှာ မစားဖူးတဲ့ ဟမ်ဘာဂါတို့၊ အသီးတို့စားရတယ်။ ဒီမှာပဲနေပြီး ကျောင်းလည်းပြီးအောင် တက်မယ်။ အနည်းဆုံး ဘွဲ့နှစ်ဘွဲ့လောက်ရအောင်ယူမယ်။ အဲဒါပြီးမှ ကျမ်းစာကျောင်းတက်ပြီး ဒီမှာပဲ ပြန်ပါဝင်မယ်”
ညီကိုလည်း ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ပံ့ပိုးသွားမယ်လို့ မောင်နော်ဆန့်က ဆိုပါတယ်။
အလားတူ အဂ္ဂါပေမှာ ခိုလှုံနေတဲ့ အသက် ၁၉ နှစ်အရွယ် မခေါ်န်လုံဟာ လက်ရှိမှာ ဒီဇိုင်နာသင်တန်းကို တက်ရောက်နေပါတယ်။
ဒီပညာရပ်ကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ပြီးရင် အဂ္ဂါပေမှာ ပြန်ပြီးသင်ပေးချင် တယ်လို့ မခေါ်န်လုံက ပြောပါတယ်။

“ကိုယ်က လုပ်တတ်သွားပြီ၊ ချုပ်တတ် ညှပ်တတ်သွားပြီဆိုရင် ကိုယ့်ထက် ငယ်တဲ့ ကလေးတွေကို ပြန်သင်ပေးလို့ရတယ်။ ငွေကြေးအားဖြင့်လည်း ကူညီလို့ရတယ်။ တစ်လ တစ်လဆို ဘယ်လောက် ဘယ်လောက်ပေါ့။ အဲလို ငွေကြေးဖြင့်လည်း ကူညီချင်တာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ ပညာဒါနပေါ့။ ကိုယ်ချုပ်တတ်သလို သူတို့တွေကိုလည်း ပြန်သင်ပေးချင်တယ်”
၂၀၁၀ ပြည့်နှစ်မှာ မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးခဲ့တဲ့အတွက် ခိုကိုးရာမဲ့သွားတဲ့ မခေါ်န်လုံတို့ မောင်နှမနှစ်ဦးဟာ ဝိုင်းမော်မြို့နယ်၊ ဒိန်ကာကျေးရွာကနေ အဂ္ဂါပေဆီ ရောက်လာတာပါ။
အသက် ၁၉ နှစ်အရွယ် နာဂလူမျိုး မောင်ပွင့်လန်းအောင်ကတော့ နိုင်ငံတစ်ဝန်းက သူ့လိုဘဝတူ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းပါတယ်။
“ကျနော်တို့လို မိဘမဲ့ ကလေးတွေက စိတ်အားငယ်တဲ့သူတွေပဲလေ။ သူများနဲ့ ယှဉ်ရင် လည်း အားငယ်တာပေါ့။ အဲလိုကလေးတွေကို အခုလို ဂေဟာတွေ မဖွင့်ဘဲ ပစ်ထားမယ် ဆိုရင် ပျက်စီးသွားတဲ့ သူတွေရှိမယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးခြင်းအား ဖြင့် သူတို့ ဘဝ ကောင်းစားသွားမယ်ပေါ့။ မိဘမဲ့ဂေဟာဖွင့်တာက ကောင်းတယ်။ ကိုယ့်သွေးသားမဟုတ်ရင်တောင် သနားတဲ့ စိတ်လေးနဲ့ ပြုစုပျိုးထောင်ပေးခြင်းအား ဖြင့်လည်း ကောင်းစားသွားတယ်ဆိုရင် ပျိုးထောင်ပေးလိုက်တဲ့သူအတွက်ရော ပီတိ ဖြစ်တာပေါ့။ မိဘမဲ့ကျောင်းတွေကို နေရာဒေသ တော်တော်များများမှာ ဖွင့်လှစ်သင့် တယ်လို့မြင်တယ်”
မောင်ပွင့်လန်းအောင်ဟာ အသက် ခြောက်နှစ်အရွယ်ကတည်းက အဂ္ဂါပေကို ရောက်လာ တာပါ။ လက်ရှိမှာ အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်ပြုပြင်တဲ့ပညာရပ်ကို သင်ယူ နေပါတယ်။
မြစ်ကြီးနားမြို့မှာ မိဘမဲ့ဂေဟာ ၂၀ ဝန်းကျင်ရှိပြီး ဂေဟာတစ်ခုစီတိုင်းမှာ အနည်းဆုံး ကလေးငယ် ၂၀ ကနေ ၄၀ ကြား ခိုလှုံနေပါတယ်။
မိဘမဲ့ဂေဟာတွေဟာ နိုင်ငံတစ်ဝန်း စီးပွားရေးချွတ်ခြုံကျမှုကြောင့် အလှူရှင်တွေရှားပါး လာတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာရပါတယ်။ အဂ္ဂါပေလည်း ဒီထဲက တစ်ခုပါ။
အခုတော့ မိဘမဲ့ကလေးတွေမှာ ခရစ္စမတ်ကာလကို ခရစ္စမတ်သစ်ပင်တွေ၊ မီးရောင်စုံတွေ၊ လက်ဆောင်ပစ္စည်း တွေမပါဘဲ ယေရှုခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်သီချင်းတွေ သီဆိုရင်းနဲ့ပဲ ဖြတ်သန်းနေကြပါပြီခင်ဗျာ။