စာကြည့်တိုက် တည်ထောင်ထားတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား

RFA Burmese
2025.01.13
စာကြည့်တိုက် တည်ထောင်ထားတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် ဖွင့်လှစ်ထားသည့် 'နွေဦးထိန်လင်း' စာကြည့်တိုက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။
Aung Thu

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ဖွင့်ထားတဲ့ စာကြည့်တိုက်လေးတစ်ခု ရှိနေပါတယ်။

“နွေဦးထိန်လင်း” လို့ နာမည်ပေးထားတဲ့ ဒီစာကြည့်တိုက်ကို အသက် (၃၅) နှစ်အရွယ် ကိုအောင်သူက တည်ထောင်ထားတာပါ။

"စာကြည့်တိုက်တစ်ခုက လူတွေအများကြီးရဲ့ စိတ်တွေကို ပြောင်းလဲပေးနိုင်တယ်။ နောက်ဆုံး ဘဝအချို့ကိုတောင် ပြောင်းလဲပေးနိုင်တယ်လို့မြင်တယ်"

သူဟာ အဲဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေတာ ဆယ့်တစ်နှစ်ကျော် ရှိပြီဖြစ်ပြီး ဇနီးသည်၊ ၁ နှစ်အရွယ် သမီးလေးတို့နဲ့အတူ နေထိုင်ပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း သူ ဝါသနာပါတဲ့ စာကြည့်တိုက်လေးဖွင့်ပြီး ကျွန်းပေါ်က လူတွေကို ဗဟုသုတတွေ မျှဝေနေပါတယ်။

"ဝါသနာ ကိုယ်တိုင်လည်းပါတယ်။ စာအုပ်ဖတ်တာ ဝါသနာပါတယ်။ ကိုယ့်မှာ တစ်ခုခုရှိနေရင် သူများကို ဝေမျှချင်တဲ့စိတ်လည်း ရှိနေတော့ အဲဒါက ပထမရည်ရွယ်ချက်ပေါ့နော်"

“နွေဦးထိန်လင်း ”စာကြည့်တိုက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ က စဖွင့်ခဲ့တာဖြစ်ပြီး အခုဆိုရင် ခုနစ်လနီးပါးရှိလာပါပြီ။ ကိုယ်တိုင်က ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အဖြစ် ရုန်းကန်နေရသူမို့ စာကြည့်တိုက်လေးကို နေရာသီးသန့်ငှားပြီး ဖွင့်ချင်ပေမဲ့ စရိတ်စကများတာကြောင့် မိသားစုနဲ့အတူ ငှားနေတဲ့အိမ်ရဲ့ မျက်နှာစာ ဆယ်ပေပတ်လည်လောက်နေရာမှာပဲ အိမ်ပိုင်ရှင်ကို ခွင့်တောင်းပြီး လုပ်ထားတာပါ။


ဆက်နွှယ်သောသတင်းများ

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများ

ထိုင်းနိုင်ငံရောက် ကယောလူမျိုး ဆင်ထိန်း

ချင်းမိုင်က ရေဘေးသင့်သူတွေကို ကူညီနေတဲ့ မြန်မာ ပရဟိတအဖွဲ့


စာကြည့်တိုက်အတွက် ငွေကြေးအလှူ လက်မခံဘဲ စာအုပ်အလှူပဲ လက်ခံတယ်လို့ ကိုအောင်သူက ပြောပါတယ်။

"ဖွင့်ဖို့ စိတ်ကူးတဲ့အချိန်မှာ ကိုယ့်စိတ်ကူးက ကိုယ်တစ်ပိုင်တစ်နိုင်ပဲ လုပ်မယ်။ ဘယ်သူ့ဆီကမှ အလှူမခံဘူး။ တစ်ခုပဲအလှူခံမယ် ။ စာအုပ်ဆိုရင် လာ။ ကျန်တဲ့ ငွေကြေးနဲ့ ပတ်သက်လို့ ဘာအလှူမှမခံဘူး"

စာကြည့်တိုက်နာမည်ကိုလည်း သူ ငယ်စဥ်ကတည်းက ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းငယ်နာမည်ကို အစွဲပြုပေးဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

"စာအုပ်တွေလည်းဖတ်တဲ့သူဆိုတော့ အမှန်တိုင်းပြောရရင် ဗိုလ်ချုပ်ကိုက မိဘလိုကို ချစ်တာ။ ဗိုလ်ချုပ်ကို အရမ်းချစ်တဲ့စိတ်ရှိတယ် ငယ်ငယ်ကတည်းက။ တစ်ခုခုဆိုရင် ထိန်လင်းဆိုတဲ့ နာမည်ကို ဦးထိပ်ထားလေ့ ရှိတယ်။ ချစ်တယ်။ လေးစားတယ်။ နိုင်ငံရဲ့သူရဲကောင်းလည်းဖြစ်တယ်။ ပြီးတော့ ဘဝကိုလည်း ပေးဆပ်သွားတာဆိုတော့ ချစ်ပါတယ်။ ထိန်လင်းက အဲဒါကို အခြေခံတာ။ ဒီနွေဦးက အခုလက်ရှိ အစ်ကို့ရဲ့ သွားနေတဲ့ တော်လှန်ရေးကြီးကို ကိုယ်စားပြုတယ်။ ဆိုတော့ နွေဦးထိန်လင်းဆိုပြီး ဖြစ်သွားတာ"

ကော့ဖငန်းကျွန်းမှာ ရွှေ့ပြောင်းမြန်မာ တစ်သောင်းကျော်ရှိပြီး အများစုက ဟိုတယ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး အသက်မွေးကြပါတယ်။ အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းမြန်မာ နှစ်ဆလောက် များလာတာ၊ မိခင်နိုင်ငံနဲ့ ဝေးပြီး မြန်မာစာအုပ်တွေရဖို့ ခက်ခဲတာတွေကြောင့် “နွေဦးထိန်လင်း”ကို ပုံဖော်ဖြစ်တာလို့လည်း ကိုအောင်သူက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် ဖွင့်လှစ်ထားသည့် 'နွေဦးထိန်လင်း' စာကြည့်တိုက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Aung Thu)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် ဖွင့်လှစ်ထားသည့် 'နွေဦးထိန်လင်း' စာကြည့်တိုက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Aung Thu)

စာကြည့်တိုက်မှာ သူကိုယ်တိုင် ဝယ်ယူ စုဆောင်းတာနဲ့ မိတ်ဆွေတွေလှူတာ ပေါင်းရင် အုပ်ရေတစ်ထောင်လောက်ရှိပြီး နိုင်ငံရေးသမိုင်း နောက်ခံစာအုပ်တွေ၊ သုတ၊ ရသ စာပေတွေ အစုံအလင်ရှိနေပါတယ်။ ဒါ့အပြင် ထိုင်းလူမျိုးတွေလည်း ဖတ်လို့ရအောင် ထိုင်းနဲ့ အင်္ဂလိပ်ဘာသာ စာအုပ်တွေလည်း ထားရှိတယ်လို့ ကိုအောင်သူ က ပြောပါတယ်။

"ထိုင်းနိုင်ငံမှာဆိုတော့ အစ်ကို့စာကြည့်တိုက်လေးကို မြန်မာ သီးသန့်ရယ်လို့ သတ်မှတ်ထားတာမရှိဘူး။ ထိုင်း စာအုပ်တွေရှိတယ်။ အင်္ဂလိပ်စာအုပ်လေးတွေ ရှိတယ်။ ကလေးတွေဖတ်လို့ရတဲ့ စာအုပ်တွေရှိမယ်။ စာအုပ် ကတော့စုံတယ်။ စာအုပ်တကယ်ဝါသနာပါတဲ့သူတွေ အတွက်ကတော့ ဖတ်မယ်ဆိုရင် အမျိုးအစားအစုံ ဖတ်လို့ရတယ်"

ကိုယ်တိုင်က အလုပ်တစ်ဖက်နဲ့ဖြစ်တာမို့ စာကြည့်တိုက်လာတဲ့ သူတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ စာအုပ်တွေ ငှားရမ်းစေတယ်လို့ ကိုအောင်သူက ပြောပါတယ်။

"ကိုယ်လုပ်ထားတဲ့ စာကြည့်တိုက်ပေါ့။ ဒါပေမဲ့ ကိုယ်လုပ်ပြီးကတည်းက ကိုယ်မပိုင်တော့ဘူး။ စာဖတ်မိတ်ဆွေတွေကို အပိုင်ပေးထားတာ။ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ စာအုပ်ကို ငှားတယ်။ ပြီးရင် ကိုယ်တိုင် လာအပ်ရတယ်။ စာအုပ်အပ်ရင် သူတို့လုပ်ရမှာက ပထမ လာငှားတုန်းကရေးထားတဲ့ သူတို့ရဲ့အချက်အလက်အကုန်ကို ကိုယ်တိုင် ပြန်ဖျက်သွားလိုက်။ အဲလောက်ပဲ။ မင်းတို့ပိုင်တယ်ဆိုတာမျိုး လုပ်ပေးထားတဲ့အခါကျတော့ သူတို့ စိတ်ကြိုက်ပေါ့။ စည်းကမ်းရှိကြပါတယ်။ စာကြည့်တိုက်လေးက ဘယ်တော့မှ ပလဲတယ်ဆိုတာမရှိဘူး အမြဲ စီစီရီရီလေးပဲ”

ကော့ဖငန်းကျွန်းမှာ နေထိုင်ကြသူတွေဟာ အလုပ်သမားများတာကြောင့် အိမ်ကိုငှားဖတ်တဲ့သူ ပိုများပြီး စာအုပ်ငှားသူကလည်း လူငယ်ပိုင်းတွေများလို့ အားရတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီကျွန်းက ကော်ဖီဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကိုဖြိုးဝင်းသန်းကလည်း ဒီစာကြည့်တိုက်လေးကြောင့် စာအုပ် ပိုဖတ်ဖြစ်လာလို့ ကျေးဇူးတင်ကြောင်း အခုလို ပြောပါတယ်။

“ပုံမှန်ဆို အလုပ်ပြီးရင် စာအုပ်မဖတ်ဘူး။ ဖုန်းပွတ်ရင်းအချိန်ကုန်တာ။ ကိုအောင်သူကို ကျေးဇူးအရမ်းတင်တယ်။ ကျွန်တော် ကျွန်းမှာနေလာတဲ့ ဆယ်နှစ်အတွင်း ပထမဆုံး စာကြည့်တိုက်ကို မြင်ဖူးတာ။ ဗမာစာကြည့်တိုက်ပေါ့”

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာတွေလည်း များလာပြီမို့ တခြားခရိုင်တွေမှာလည်း အခုလို စာကြည့်တိုက်လေး တွေ ဖြစ်ထွန်းစေချင်တယ်လို့ ကိုအောင်သူက ပြောပါတယ်။

စာပေကိုဝါသနာထုံပြီး အများကိုလည်း စာဖတ်စေချင်တဲ့ ကိုအောင်သူကတော့ စာကြည့်တိုက်လေးကို သူအစွမ်း ရှိသလောက် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

"စာကြည့်တိုက်တစ်ခုက လူတွေအများကြီးကို ပြောင်းလဲပေးနိုင်တယ်လို့ မြင်တယ်။ လူတွေအများကြီးရဲ့ စိတ်တွေကို ပြောင်းလဲပေးနိုင်တယ်။ နောက်ဆုံး ဘဝအချို့ကိုတောင် ပြောင်းလဲပေးနိုင်တယ်လို့မြင်တယ်။ ကိုယ့်ရဲ့ ဆင်ခြင်နိုင်စွမ်းတွေ သုံးသပ်နိုင်စွမ်းတွေ၊ တွေးခေါ်ဆုံးဖြတ်နိုင်စွမ်း ဒါတွေက စာအုပ်ကလာတာ ။ စာအုပ်တွေသည် တခြားလူတစ်ယောက်က ကိုယ့်ကို လာသင်ပေးတာတော့မဟုတ်ဘူး ဒါပေမဲ့ ဒါသည် ပညာရေးထဲမှာ ပါတယ်လို့ ကိုယ်က ခံယူထားတာ။ အဲဒီအတွက် နိုင်သလောက် စာကြည့်တိုက်လေးကို ကိုယ်ရောက်တဲ့နေရာတိုင်းမှာတော့ ဒါကြီးကို အမြဲတမ်းဆွဲခေါ်နေမှာ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။