ရွှေ့ပြောင်းမြန်မာကလေးတွေ မဲဆောက်မှာ ပညာသင်ဖို့ခက်ခဲနေ

2023.10.23
ရွှေ့ပြောင်းမြန်မာကလေးတွေ မဲဆောက်မှာ ပညာသင်ဖို့ခက်ခဲနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေကြသည့် မြန်မာကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့မြန်မာနိုင်ငံသားအများစုဟာ သူများနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ဖို့ အတော်လေးကို ခက်ခဲကြပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မဲဆောက်မြို့ကို ရောက်လာတဲ့သူတွေပိုများလာပြီး အရင်ရှိပြီးသားတွေနဲ့ပါဆိုရင် မြန်မာနိုင်ငံသား သုံးသိန်းကျော်ရှိနေပြီလို့ မဲဆောက်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားခဲ့ရာကနေ အိမ်အထိ လာရောက်ရှာဖွေခံလိုက်ရပြီးတဲ့နောက် မောင်ဘုန်းတို့ မိသားစုလည်း မဲဆောက်မြို့ကို ရောက်လာတာ နှစ်နှစ်နီးပါး ရှိပါပြီ။

အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား မောင်ဘုန်းဟာ သူ့မိသားစု နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီလို့ ဆိုပါတယ်။

မဲဆောက်မြို့မှာ အလုပ်လုပ်မယ်ဆိုရင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်စတဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အထောက်အထားတွေ လိုအပ်ပြီး ဒီအထောက်အထားတွေ ရဖို့ အခက်အခဲတွေက အများကြီးပါ။

မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာတွေရဲ့ကလေးတွေ ပညာရေးအတွက် ထိုင်းအစိုးရခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ စာသင်ကျောင်း ၆၅ ကျောင်း ရှိပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အဲဒီကျောင်းတွေလည်း သုံးနှစ်လောက်အထိ ပိတ်ထားခဲ့ရပါတယ်။ ဒါကြောင့် ကလေးတွေက အသက်သုံးနှစ်လောက် ကြီးသွားသလို မိဘတွေရဲ့ ဝင်ငွေနဲ့ မလောက်တော့လို့ စာဆက်မသင်တော့ဘဲ ဝင်ငွေရမဲ့ လုပ်ငန်းခွင်တွေထဲကို ရောက်ကုန်ကြပါတယ်။

မဲဆောက်မြို့ပါဝင်တဲ့ တာ့ခ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း လေးသိန်းလောက်ရှိပြီး အဲဒီထဲက ကျောင်းနေအရွယ်ကလေး နှစ်သောင်းကျော်ဟာ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

thai-school.jpeg
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေကြသည့် မြန်မာကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် တိုင်းပြည်မတည်ငြိမ်လို့ မြန်မာနိုင်ငံသားတွေ ထပ်ရောက်လာတဲ့အတွက် ကျောင်းမတက်နိုင်တဲ့ ကလေးနှစ်သောင်းထက်မက ရှိနေပြီလို့ အဝေးရောက်ဧရာဝတီ အသင်းရဲ့ အတွင်းရေးမှူး ဦးဖိုးသင်္ကြန်က ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ရောက်နေတဲ့ မြန်မာနိုင်ငံသားကလေးတွေ ပညာရေးအတွက် သွေးသစ်ဆိုတဲ့အထက်တန်းကျောင်းကလည်း ကူညီနေတာရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ သွေးသစ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဝင်းက ပညာရေးလိုလားတဲ့ မိဘတွေက သားသမီးတွေကို ပင်ပန်းဆင်းရဲခံပြီး ကျောင်းလာထားကြသလို ဆရာတွေဘက်ကလည်း အတတ်နိုင်ဆုံး သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံပြင်ပမှာ ခိုလှုံနေတဲ့အချိန်မှာ စစ်ကောင်စီရဲ့အန္တရာယ်ကနေ လွတ်မြောက်တယ်ဆိုပေမဲ့လည်း တရားဝင်အထောက်အထားမရှိဘဲ နေရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေလည်းရှိနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ ပညာရေးအတွက် နည်းလမ်းကောင်းရှာဖွေရမယ်လို့လည်း အရပ်ဘက်အဖွဲ့ တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။