မဲဆောက်မှာ အလုပ်ကြမ်းလုပ်ပြီး ရပ်တည်နေတဲ့ ဇနီးမောင်နှံ

RFA Burmese
2024.04.02
မဲဆောက်မှာ အလုပ်ကြမ်းလုပ်ပြီး ရပ်တည်နေတဲ့ ဇနီးမောင်နှံ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် ကိုမောင်ကြည်ဝင်းနှင့် မခိုင်မာဝင်းတို့ ဇနီးမောင်နှံ။
Photo: RFA

မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲတာကြောင့် မခိုင်မာဝင်းတို့ ဇနီးမောင်နှံဟာ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ကို ပြောင်းရွှေ့နေထိုင်နေကြတာ နှစ် ၂ဝ နီးပါးရှိနေပါပြီ။ သူတို့ ဇနီးမောင်နှံဟာ ပန်းရန်အလုပ်ကို လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

“ကိုယ့်မြန်မာပြည်မှာ အဆင်မပြေဘူး။ စီးပွားရေးမကောင်းလို့ ဒီဘက်ကိုရောက်လာတာ။ အပျိုတုန်းက ပန်းကန်လုံးစက်ရုံမှာ အလုပ်လုပ်ခဲ့တယ်။ အိမ်ထောင်ကျပြီး ယောက်ျားနဲ့ ပန်းရန်လိုက်လုပ်တယ်။ ပန်းရန်လုပ်တာကတော့ ၁ဝ နှစ်လောက်ရှိပြီ။ ဘိလပ်မြေမွှေ၊ သန့်ရှင်းရေးလုပ်၊ ကြွေပြားကပ်ပြီးရင် ဆေးသိပ်ပေးရတယ်။ ညနေခင်း အကုန်ပြီးစီးသွားရင် တံမြက်စည်းလှည်းပေးရတယ်”

အမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် မိခင်တစ်ဦးလည်းဖြစ်တဲ့ မခိုင်မာဝင်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရန်အလုပ် လုပ်ကိုင်နေရတာ မလွယ်ကူလှပါဘူး။

ပန်းရန်အလုပ်ကို တစ်နေကုန်လုပ်ကိုင်ခဲ့ရတဲ့သူဟာ အိမ်ရောက်ရင်လည်း အနားမယူနိုင်ပါဘူး။ မိသားစု စားဝတ်နေရေး လုံလောက်အောင် အပိုဝင်ငွေ ရှာနိုင်ဖို့အတွက် အလုပ်ကအပြန် ဈေးရောင်းဖို့လည်း ပြင်ဆင်ရပါတယ်။

“မနက်မိုးလင်းရင် အစောကြီးထရတယ်။ မုန့်တွေ ထလုပ်ရတယ်။ မနက်ခင်းကျရင် ရောင်းဖို့ ဗန်းတွေနဲ့ ထည့်ရတယ်။ ရွက်ရောင်းပြီး ပြန်လာမှ အလုပ်သွားရတယ်။ အလုပ်က ပြန်ရောက်ရင် တစ်အောင့်လေးနားပြီး ညကျရင် ရောင်းဖို့ မုန့်ဖောက်တာ။ ကောက်ညှင်းဆန်စိမ်ရတယ်။ ထန်းလျက်ရည်တွေ ဘာတွေ ကြိုဖို့ လုပ်ရတယ်။ ခုနစ်နာရီထိုးလောက်မှ လုပ်နိုင်တယ်။ အလုပ်ကပြန်လာရင် ပင်ပန်းလို့ ထိုင်နားရသေးတယ်။ လုပ်ထားကိုင်ထားတော့လေ ညောင်းတယ်။ ကိုယ်လက်တွေ မလှုပ်ချင်ဘူး။ မနက်မိုးလင်းလည်း မုန့်ကို ငါးနာရီထကြော်ဖို့ မထချင်ဘူး။ အိပ်ရေးမဝတော့။ ဒါပေမယ့် ကိုယ်က ပြန်စဉ်းစားလိုက်တယ်။ ငါမလုပ်ရင် ငါ့သားသမီးတွေ ဒုက္ခရောက်မယ်ဆိုပြီး ပြန်ကုန်းရုန်းပြီးလုပ်ရင်တော့ မျက်နှာသစ်ဘာသစ် လန်းဆန်းသွားရင် လုပ်နိုင်သွားတယ်"

သူတို့မိသားစုဟာ မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်ကြတဲ့ ရပ်ကွက်လေးမှာ တစ်လကို ဘတ် ၃ဝဝ နဲ့ မြေငှားရမ်းပြီး အိမ်ဆောက်နေထိုင်ကြတာပါ။ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ဇာတိဖြစ်တဲ့ သူတို့ဇနီးမောင်နှံမှာ သားသမီး လေးဦးရှိပါတယ်။ ဒီအထဲကမှ ကျောင်းနေအရွယ် ကလေး သုံးဦးရှိတာကြောင့် သူတို့ကို ပညာတတ်စေချင်တဲ့စိတ်နဲ့ ပညာရေးဆုံးခန်းတိုင်အောင် ကျောင်းထားပေးနိုင်ဖို့ အလုပ်ကို ကြိုးစားလုပ်ကိုင်နေရတယ်လို့ မခိုင်မာဝင်းက ဆိုပါတယ်။

“ကိုယ်ရော ယောက်ျားရော စာမတတ်ခဲ့ပေမယ့် ကိုယ့်သားသမီးတွေ စာတတ်စေချင်တယ်။ ဒုက္ခရောက်နေတဲ့ကြားထဲကနေ ဖြစ်အောင်ထားချင်တယ်။ ကလေးတွေက များတော့ ပြောမယ်ဆိုရင် စားသောက်ရေးက ဒီဘက်မှာဈေးကြီးတဲ့အခါကျတော့ ကိုယ်လုပ်တာက စားဖို့ပဲ အဆင်ပြေတယ်။ မစုမိဘူး။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ ကိုယ့်သားသမီးတွေ ကျောင်းထားနိုင်ရမယ်။ လုံလုံလောက်လောက် ကျွေးနိုင်ရမယ်လို့တော့ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းတွေးတယ်။ ရတဲ့ အလုပ်ကို လိုက်လုပ်ချင်တယ်။ ဖြစ်နိုင်ရင် နေ့လုပ်ရင် ညခင်းအလုပ်ပါ လုပ်ချင်တယ်"

thailand.jpg
မဲဆောက်မြို့ရှိ နေအိမ်တွင် သားသမီးများနှင့်အတူ တွေ့ရသည့် မခိုင်မာဝင်း။ (Photo: RFA)

နယ်စပ်ကို စရောက်ခါစက သမာအာဇီဝကျတဲ့ ဘယ်အလုပ်ကြမ်းမျိုးကိုမဆို လုပ်ကိုင်ခဲ့ဖူးတယ်လို့ မခိုင်မာဝင်းရဲ့ အမျိုးသား ကိုမောင်ကြည်ဝင်းက ဆိုပါတယ်။ စရောက်ခါစက အထောက်အထားမရှိတဲ့အတွက် တစ်နေ့ လုပ်ခလစာ ဘတ် ၅၀ ခန့်နဲ့ ကြုံရာ အလုပ်ကြမ်းတွေကို လုပ်ကိုင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

“မြဝတီနယ်စပ်မှာ သစ်ထမ်းတယ်။ ဂက်စ်အိုးတွေ ထမ်းတယ်။ ကုန်ထမ်းတယ်။ နောက်မှ ဒီဘက်ကိုရောက်တယ်။ လက်မှတ်မရှိတဲ့အချိန်က ပလိပ် (ရဲ) ဖမ်းရင် ပြေးရတာပဲ။ စရောက်ချိန်ဆို တစ်နေ့မှ ဘတ် လေးငါးခြောက်ဆယ်နဲ့ ခုနစ်နှစ်လောက် လုပ်ခဲ့ရတယ်။ နောက်မှ ဒီရောက်မှ ပန်းရန်တွေ ဘာတွေ ပညာလေး တတ်သွားမှ သူဌေးက ဈေးနည်းနည်းပိုပေးတာ။ ပထမ အကြမ်းသမားတုန်းကဆို ဘတ် ၁၅၀၊ ၁၆၀ လောက်ပဲရတယ်"

သူတို့ဇနီးမောင်နှံဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိနိုင်ဖို့ အိမ်နီးချင်းထိုင်းနိုင်ငံကို ပြောင်းရွှေ့ အလုပ်လုပ် ကြိုးစားနေကြတာပါ။ ထိုင်းနယ်စပ်မှာ နေထိုင်နေတာ ကြာပြီဖြစ်ပေမဲ့ သူတို့ရည်မှန်းထားသလို ဖြစ်မလာသေးပါဘူး။ နေမကောင်းတာတောင် ဆေးခန်းမပြနိုင်၊ နားရက်မယူနိုင်ဘဲ အလုပ်လုပ်ပေမဲ့ သူတို့ရတဲ့ လုပ်ခလစာဟာ ငွေပို ငွေလျှံ မစုမိဘဲ မိသားစု စားဝတ်နေရေး ဖူလုံရုံသာရတယ်လို့ ကိုမောင်ကြည်ဝင်းက ဆိုပါတယ်။

“စားဝတ်နေရေးက မိသားစုနဲ့ဆို ကိုယ်လုပ်တာနဲ့က ကွက်တိပဲ။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကိုယ့်ဆီမှာ မရှိတော့ အဲဒီလို တစ်ချိန်လုံးပူနေရတယ်။ အလုပ်တောင်မှ မနားနိုင်ဘူး။ ၁၅ ရက်ဆို ၁၅ ရက်အပြည့် ဆင်းနေရတယ်။ သူဌေးတစ်ရက်နားရင် အဲဒီတစ်ရက်ပဲ နားတယ်။ ကျန်တဲ့အချိန်ဆို နားချိန် မရှိဘူး။ လင်မယားနှစ်ယောက်လုံး လုပ်နေတာ။ သူလည်း ကျန်းမာရေးမကောင်းလည်း မကောင်းတဲ့အတိုင်း လုပ်တာပဲ။ တော်တန်ရုံဖြစ်ရင် ဆေးရုံ ဆေးခန်းမသွားဘူး။ ဘာလို့လဲဆိုတာ့ ကိုယ်သွားလို့ အလုပ်ပျက်ရင် ကိုယ့်မိသားစု စားဝတ်နေရေးမှာ ထိခိုက်မယ်။ အဲဒါတွေလည်း တွက်တယ်”

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝဟာ အင်မတန်မှ ခက်ခဲကြပြီး ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။ သူတို့ရဲ့စိတ်ထဲမှာတော့ စီးပွားရေးပြေလည်ပြီး နိုင်ငံရေးအခြေအနေ ကောင်းမွန်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ဆန္ဒကိုယ်စီ ရှိနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။