တရုတ်နယ်စပ် ပိတ်ထားမှုကြောင့် မက္ကာဒေးမီးယား တောင်သူတွေ အခက်ကြုံ

RFA Burmese
2023.01.27
တရုတ်နယ်စပ် ပိတ်ထားမှုကြောင့် မက္ကာဒေးမီးယား တောင်သူတွေ အခက်ကြုံ ဝိုင်းမော်မြို့နယ် မဂါယန် စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးတစ်ဝိုက်မှ ထွက်ရှိသည့် မက္ကာဒေးမီးယား (Macadamia) အသီးများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဂါယန် စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ အဲဒီအနီးတစ်ဝိုက်မှာရှိတဲ့ ဇင်လွမ်၊ နာရူ၊ ဖလပ်၊ မလိ စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ သော့သီးလို့ခေါ်ကြတဲ့ မက္ကဒေးမီးယားအသီး (Macadamia) ပင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး တရုတ်နိုင်ငံဘက်ကို သွားရောက် ရောင်းချလေ့ ရှိကြတာပါ။

ဒေသခံတွေအသုံးပြုတဲ့ အဝင်အထွက်လမ်းတွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်မဟုတ်ဘဲ တစ်ဖက်နဲ့ တစ်ဖက် ဝင်ထွက်သွားလာနိုင်ဖို့ နယ်စပ်အာဏာပိုင်တွေက စီစဉ်ထားတဲ့ အဝင်အထွက်ပေါက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနယ်စပ် အဝင်အထွက် လမ်းကြောင်းတွေ အားလုံးကို ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုတွေကြောင့် တရုတ်အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ဒီနေ့အထိ မြန်မာဘက်က မက္ကာဒေးမီးယား အသီးတွေကို တရုတ်နိုင်ငံကို ရောင်းချလို့ မရတော့ဘူးလို့ ဝိုင်းမော်မြို့နယ် နာရူကျေး ရွာက မက္ကဒေးမီးယားအပင် တစ်ထောင်ကျော် စိုက်ပျိုးထားတဲ့ ဒေါ်ဝေါမီးက ပြောပါတယ်။

“တရုတ်က လမ်းပိတ်ထားတော့ ရောင်းစားမယ့်နေရာမရှိဘူး ဘယ်ကိုမှလည်း မရောင်းစားတတ်ဘူး။ ဒီဟာကိုပဲ အားကိုးထားပြီး မိသားစုကို ထောက်ပံ့ဖို့ စိုက်ထားတာ ရောင်းမရတော့ ခက်နေတယ်။ တရုတ်တွေကို အားကိုး ပြီးစိုက်တာပေါ့။ ကျမတို့က နယ်စပ်ဒေသဆိုတော့ တရုတ်တွေ ဝယ်တယ်ဆိုပြီး အရင်ကလည်း လမ်းဖွင့်တဲ့ အချိန်လည်း ရောင်းဝယ်ရတာ လွယ်တယ်ဆိုပြီး စိုက်ကြတာပေါ့။အခုက ဒီတိုင်းပဲစားပြီး ကိုယ်ပဲစားနေတာ။ တရုတ်လမ်း အမြန်ဆုံးဖွင့်ဖို့တော့ မျှော်လင့်နေတယ်”

တရုတ်နိုင်ငံဘက်ကို ရောင်းချခဲ့ချိန်က သူတို့ ခြံက တစ်နှစ်ဝင်ငွေဟာ မြန်မာကျပ်ငွေ သိန်းလေးဆယ် (တရုတ်ယွမ်ငွေ တစ်သောင်း) ထိရှိခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မက္ကာဒေးမီးယား (Macadamia) အပင်တွေ စိုက်ပျိုးလာတဲ့ ဝိုင်းမော်မြို့နယ် ဖလပ်ကျေးရွာက ဦးသောင်းတားကလည်း လက်ရှိမှာ ရောင်းချလို့ မရတာကြောင့် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“အခုဒီမှာ အရင်းထည့်တာလည်း တော်တော်များသွားပြီ နှစ်တွေလည်းကြာလာပြီ။ ဒီဟာကို ရောင်းစားမရရင်တော့ ကျနော်တို့က တော်တော်လည်းနစ်နာသွားပြီ။ ဒီအပင်တွေကို ၁၀ နှစ်လောက်ထိ အချိန်ပေးထားရတာ ဟုတ်တယ်။ ရောင်းစား မရရင်တော့ ၁၀ နှစ်ကျော် ကြိုးစားလာတာ အလကားဖြစ်သွားပြီ”

မက္ကာဒေးမီးယား (Macadamia) အပင်တစ်ပင် အသီးအသီးဖို့ အချိန် ၅ နှစ်ကနေ ၆ နှစ် လောက်ထိ စောင့်ရပြီး အဲဒီကာလအတွင်းမှာလည်း ဂရုတစိုက်ပြုစုပေးကြရတာပါ။

မက္ကာဒေးမီးယားအသီး (Macadamia) ဟာ အခွံမာဖြစ်ပြီး အထဲက အဆံဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာကြောင့် စျေးကောင်းရပါတယ်။

"ရောင်းစားမရရင်တော့ ကျနော်တို့က တော်တော်လည်းနစ်နာသွားပြီ။ ဒီအပင်တွေကို ၁၀ နှစ်လောက်ထိ အချိန်ပေးထားရတာ"

ဒီအပင်ကို တရုတ်နိုင်ငံဘက်မှာလည်း စိုက်ပျိုးကြပါတယ်။ ဝိုင်းမော်မြို့နယ်က ဒေသခံတွေဟာလည်း ပျိုးပင်တွေကို တရုတ်နိုင်ငံဘက်ခြမ်းကနေ ဝယ်ယူပြီး သူတို့ဒေသမှာ ပြန်လည်စိုက်ပျိုးကြတာပါ။ အသီးသီးချိန်မှာတော့ တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ခါရှန်မြို့ကိုသွားပြီး ရောင်းချကြရတာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ လူအဝင်အထွက်ပေါက်ကို တရုတ်အာဏာပိုင်တွေက ပိတ်ထားတဲ့အတွက် နယ်စပ်မှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့ အခြားသီးနှံတွေရဲ့ စျေးကွက်ပါ ပျက်သွားတယ်လို့ ဝိုင်းမော်မြို့နယ် မဂါယန်စစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံ ဝူဆိန်းတန်ဂွန်ကပြောပါတယ်။

“အရင် လမ်းဖွင့်သေးတဲ့အချိန်မှာတော့ တရုတ်ကိုရောင်းတာ တော်တော်များတယ်။ ငရုတ်သီး၊ပိန်းဉ၊ ပြောင်း၊ လိမော်သီး၊ ပန်းဉ၊ ငှက်ပျော်ဖူးက အစ ရောင်းရတယ်။ ဒေသထွက်တွေ တော်တော်များများတရုတ်က ဝယ်တယ်အခုက လုံးဝရောင်း မရတော့ဘူး။ ဒီဘက်မှာ ရောင်းရင်နည်းနည်းပါးပါးတော့ဝယ်ကြတယ်။ စီးပွားဖြစ်တော့ မရတော့ဘူး ပိဿာ ရာနဲ့ချီဆိုတော့ မဝယ်နိုင်တော့ဘူး။ Macadamia စိုက်တဲ့ ပြည်သူတွေကတော့ အခု ရောင်းရမယ့်အချိန်မှာ လမ်းပိတ်သွားတော့ တော်တော် များများ စိတ်သောကရောက်နေကြတာပေါ့ ”

macadamia
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မက္ကာဒေးမီးယား (Macadamia) အသီး စိုက်ခင်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ ( Photo: RFA)

တရုတ်နိုင်ငံဘက်နဲ့ နယ်စပ်လမ်းပွင့်ခဲ့ချိန်က စစ်ဘေးဒုက္ခသည်တွေအတွက်ပါ အဆင်ပြေ စေခဲ့တာပါ။ ဒါကြောင့် နှစ်နိုင်ငံ နယ်စပ်ပေါက်တွေ အမြန်ဆုံး ပြန်ဖွင့်လာရေးကိုပဲ မျှော်လင့်နေတယ်လို့ မဂါယန် စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည် ဦးဂေါဂျေနော်အောင် က ပြောပါတယ်။

“ကျနော်တို့ဒီဘက်က ပြည်သူလူထုတွေက လုပ်ကိုင်စားသောက်တဲ့နေရာမှာ ပိုဆိုးတာက တရုတ်က လမ်းပိတ်လိုက်တော့ တရုတ်ဘက် နေ့စားသွားလုပ်ဖို့လည်းမရှိ ကျနော်တို့ ဒီမှာလည်း ကုမ္ပဏီအကြီးတွေလည်းမရှိတော့ နေ့စား လုပ်စားလုပ်စရာ မရှိတော့ အခုအချိန်က သေနတ်သံတွေထက် ပိုကြောက်တဲ့ စိတ်ဝေဒနာရှိနေကြတာပေါ့။ ဒီနယ်စပ်တစ်လျှောက်မှာ ဒီလမ်းဖွင့်ပေးရင်တော့ ကျနော်တို့ ဒီနယ်စပ်လမ်း တစ်လျှောက် လမ်းဖွင့်ပေးရင်တော့ စိတ်ဝေဒနာသက်သာမယ်”

သူကိုယ်တိုင်လည်း အပင်ပေါင်း ၁၉၀၀ လောက်ကို စိုက်ပျိုးထားတယ်လို့ဆိုပါတယ်။

ဒီဒေသမှာရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အဆင်ပြေပြေ ရပ်တည်နိုင်ဖို့ အရင်လို နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ပေါက်တွေကို ပြန်ဖွင့်လာဖို့ကို မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။