ကျောက်ဆည်မြို့က အနှစ် ၄၀ ကျော် ရိုးရာဆင်အက
2023.10.30

လယ်တွင်း ကိုးခရိုင်မှာပါဝင်တဲ့ မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားဒေသ ကျောက်ဆည်မြို့ကို ဆန်ရေစပါး ပေါများအောင် စီမံပေးခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့ ကျေးဇူးကို အောက်မေ့သတိရတဲ့အနေနဲ့ နှစ်စဉ် သီတင်းကျွတ် လပြည့်ရောက်တိုင်း ရွှေသာလျောင်းစေတီ ဆွမ်းကပ်လှူဒါန်းပူဇော်ပွဲနဲ့ ဆင်အက ပြိုင်ပွဲတွေ ကျင်းပတာ အနှစ် ၄၀ ကျော်နေပါပြီ။
သီတင်းကျွတ် ရာသီရောက်တိုင်း အခုလို ဆင်အကပြိုင်ပွဲမျိုး ကျင်းပတာ တစ်နိုင်ငံလုံးမှာ ကျောက်ဆည် တစ်မြို့တည်းပဲရှိတယ်လို့ မြို့ခံတွေက ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ်။
ဘာသာရေးအရ ထွဋ်မြတ်တဲ့အချိန်မှာ ကျင်းပတာမို့ ပြိုင်ပွဲဝင်မယ့် ဆင်အသစ်တွေကို အရင်ဆုံး ကန်တော့ပွဲပေး ဦးတိုက်ကြရပါတယ်။ ဆင်အပေါင်းကို အောင်နိုင်တဲ့ ဥတေန နတ်နန်းနဲ့ ရွှေသိမ်တော် စေတီကို ဦးတိုက်ပူဇော်ကြတာပါ။
“လွယ်ကူတဲ့အလုပ် မဟုတ်ဘူး၊ ရှေ့နောက် ဟန်ချက်ညီမှ လှပတာ”
ဆင်အကပြိုင်ပွဲမှာ အန္တရာယ်ကင်းကင်း ယှဥ်ပြိုင်နိုင်ဖို့ ရည်မှန်းထားတဲ့ ဆုတွေရဖို့ ဦးခိုက်ပူဇော်တာလို့ မြတ်ဂုဏ်ရောင် ဆင်အဖွဲ့ကို ဦးဆောင်သူ ကိုကျော်သူရဦးက ပြောပါတယ်။
“ဆင်အသစ်ယူတဲ့ အထိမ်းအမှတ်နဲ့ ပြိုင်ပွဲမှာ ကျွန်တော်တို့ အဖွဲ့သားတွေ အန္တရယ်ကင်းကင်း ယှဥ်ပြိုင် နိုင်မယ်၊ အကုန်လုံးလည်း အောင်မြင်စွာ ပြီးဆုံးသွားနိုင်မယ်၊ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဆုတွေ လည်း ရနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားမှာ အဓိဋ္ဌာန်အောင် ကန်တော့ပွဲထိုးခြင်း ဖြစ်ပါတယ်။ ဦး တိုက်ခြင်းဖြစ်ပါတယ်”
ကန်တော့ပွဲပေး ဆင်ဦးတိုက်ပြီးနောက်မှာ ချစ်ခင်ရင်းနှီးသူ၊ နီးစပ်သူတွေဆီ သွားပြီး ဆင်အကနဲ့ ကပြ အလှူခံကြပါတယ်။ စက္ကူ၊ ဝါး အဆင်တန်ဆာမျိုးစုံနဲ့ ဖန်တီးထားတဲ့ ဆင်အရုပ်ကြီးထဲကို ဆင်ထိုးသည်လို့ခေါ်တဲ့ ဆင်အက ကသူနှစ်ယောက်က ဝင်ပြီးကကြတာပါ။
ကိုယ့်မြို့ရဲ့ သမိုင်းအစဉ်အလာကြီးတဲ့ ရိုးရာပွဲမို့ ပြိုင်ပွဲဝင်တာ ၁၉ နှစ်ရှိပြီလို့ ဆင်ထိုးသည် ကိုဂျင်ကလိက ပြောပါတယ်။
“ပြိုင်လာတဲ့ သက်တမ်းက ၁၉ နှစ်ရှိပြီ။ ပထမဆုက လေးနှစ်ဆက်တိုက် ရဖူးတယ်။ ဘုရားကန်တော့၊ နတ်ပင့်၊ စားတော်တိုက်၊ ဆင်ကြိမ်း၊ အရိုင် ဗုံထောက်ဝင်၊ ပြီးရင် မူပိုင်သီချင်းနဲ့ မိနစ် နှစ်ဆယ် ပြိုင်ရတာပါ။ ကျွန်တော်က ရှေ့က ကတယ်။ စည်းဝါးမလွှတ်အောင် ရှေ့နောက် တိုင်ပင်ပြီး ကရတာပေါ့”
အဖေ့အမွေကို ဆက်ထိန်းတဲ့အနေနဲ့ ဒီရိုးရာဆင်အကကို နှစ်စဉ် ဝင်ကတာဖြစ်ပေမယ့် လွယ်ကူတဲ့အလုပ် မဟုတ်ဘူး၊ ရှေ့နောက် ဟန်ချက်ညီမှ လှပတာလို့ ဆင်ထိုးသည် ကိုကျော်ကျော်ဦးက ဆိုပါတယ်။
“ရှေ့က တအားကြီးကပြီး နောက်က မလိုက်ရင်လည်း မပေါ်ဘူး။ နောက်ကနေ တအားတွန်းပို့နေလို့လည်း မပေါ်ဘူး။ ရှေ့နောက် အတွဲညီအောင်ကမှ ကျွန်တော်တို့ ကတာက ပေါ်တာ။ အဖေ့ရဲ့ အမွေကို လက်ဆင့်ကမ်းတဲ့သဘောပေါ့။ ကျောက်ဆည်သားမှန်ရင် ဆင်ကို ချစ်မြတ်နိုးတယ်။ ဒါကြောင့်မို့ ဘိုးဘွားအမွေကို အခုထိ ထိန်းသိမ်းနေတာပါ။ ဆင်ပြိုင်ပွဲကိုတော့ မျှော်လင့်ချက်နဲ့ကတာ မဟုတ်ဘူးပေါ့။ ကျောက်ဆည်သားတွေဆိုတဲ့ ခံယူချက်နဲ့ ကတာပေါ့။ ဆုရရင်လည်း ရမယ်၊ မရရင် လည်း မရဘူးပေါ့ဗျာ။ ဒါက ဒိုင်လူကြီးက ဆုံးဖြတ်ပါလိမ့်မယ်”
သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့မှာ မနက်ပိုင်းကနေ ညနေမှောင်တဲ့အထိ ဆင်အကပြိုင်ပွဲ ကျင်းပကြပါတယ်။ ရိုးရာဆင်၊ သဘာဝဆင်၊ ကလေးဆင် ဆိုပြီး အမျိုးအစားခွဲ ယှဥ်ပြိုင်ကြသလို ဆုချီးမြှင့်လေ့ရှိပါတယ်။
ဆင်အဖွဲ့တစ်ဖွဲ့မှာ တီးသူ၊ ဆိုသူ၊ ကသူ စုစုပေါင်း ဆယ်ယောက်ကျော်လောက် ဆင်မြင့်ပေါ်မှာ ကပြရတာပါ။ ဒီလို ရိုးရာ ဆင်အကပြိုင်ပွဲဝင်ဖို့ အနည်းဆုံး ကျပ်ငွေ သိန်း ၇၀ ကနေ ၂၀၀ ကျော်အထိ ကုန်ပါတယ်။ ဆုကြေးငွေကတော့ ပထမဆုတောင် သိန်း ၂၀ ပဲရပေမယ့် ကျောက်ဆည်မြို့ရဲ့ ရိုးရာဓလေ့ကို တန်ဖိုးထားတဲ့အနေနဲ့ ယှဥ်ပြိုင်ကြတာလို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ရိုးရာဆင် တစ်စီးရဲ့ တန်ဖိုးဟာ ငွေကျပ် နှစ်သိန်းခွဲနဲ့ ဘော်ကြယ်ဆင် တစ်စီးဆိုရင် ကျပ် ဆယ့်နှစ်သိန်းပဲ ရှိခဲ့တာပါ။
ဒီနှစ်မှာတော့ အသုံးပြုရတဲ့ ပစ္စည်းတွေ အဆမတန် စျေးကြီးလာတဲ့အတွက် အလှက ဆင်တစ်စီးရဲ့ တန်ဖိုးက ၂၀၁၉ ထက် စျေးနှစ်ဆ တက်သွားတယ်လို့ ပြိုင်ပွဲဝင်သူတွေက ဆိုပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ရိုးရာဆင်အကကို နှစ်သက်သူတွေ များလာပြီး ကျောက်ဆည်တင်မကဘဲ တခြားနယ်တွေကပါ စိတ်ဝင်စားလာတာမို့ ဆင်ကပွဲအတွက် အလှဆင်ပစ္စည်းတွေ ရောင်းရတာ ပိုကောင်းလာတယ်လို့ ဆင်ချိုးလုပ်ငန်းလုပ်ကိုင်တဲ့ ကျောက်ဆည်မြို့သား ကိုငယ်လေးက ပြောပါတယ်။
“အရင်က မြို့ပေါ်တင်ပဲပေါ့။ ကျောက်ဆည်နယ် တစ်ဝိုက်တင်ဆိုတော့ သီတင်းကျွတ်ပွဲတော်လပဲ လုပ်ရတာ။ အဲဒါပြီးသွားတာနဲ့ ကျွန်တော်တို့ ဆင်လုပ်ငန်းက ရပ်သွားပြီပေါ့နော်။ အခု ဒီဘက်ခေတ်မှာကျတော့ အခြားမြို့တွေ၊ နယ်တွေ၊ အခြားနိုင်ငံတွေကပါ ဆင်အကနဲ့ ဆင်ချိုးပညာတွေကို စိတ်ဝင်စားပြီးတော့ မှာယူမှုတွေ တဖြည်းဖြည်း မြင့်တက်လာတာပေါ့။ အဲဒီတော့မှ ကျွန်တော်တို့က တစ်နှစ်ပတ်လုံး ဖြစ်သွားတာ။ တစ်နှစ်ပတ်လည်လုံးကိုမှ ရက်စေ့ပေါ့ မနားရဘူး”
ဒေသအခေါ် ဆင်ချိုးလုပ်ငန်းဆိုတာ လူဝင်ကလို့ရတဲ့ ဆင်ရုပ်ကြီးတွေကို ဝါး၊ စက္ကူနဲ့ ဘော်ကြယ် အပါအဝင် အဆင်တန်ဆာပစ္စည်းတွေနဲ့ ပန်းချီပညာ ပေါင်းစပ်ပြီး ဖန်တီးပုံဖော်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။
ကျောက်ဆည်မြို့နဲ့ အတူယှဉ်တွဲရှိနေတဲ့ ဒီရိုးရာဆင်အကပြိုင်ပွဲကို ကိုဗစ်နဲ့ အာဏာသိမ်း နောက်ဆက်တွဲ အခြေအနေတွေကြောင့် ရပ်နားထားတာ သုံးနှစ်ရှိပါပြီ။ ဒီနှစ်မှာ ပြန်ကျင်းပတာမို့ ကျောက်ဆည်မြို့ခံတွေကတော့ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။
ဒါပေမဲ့ အသက် ၄၀ အရွယ် ကျောက်ဆည်မြို့သူ မနွယ်အေးကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဆင်ကပွဲက သူ့အတွက် ပျော်စရာ အကောင်းဆုံးပဲလို့ ပြောပါတယ်။
“ဟိုးတုန်းကတော့ ဆင်ပွဲတော်ဆို အပျော်ရဆုံးပေါ့။ အန်တီ့ အသက်က ၄၀ ပြည့်ပြီပေါ့။ အသက် ၂၀ လောက်တုန်းက တော်တော်ပျော်ရတဲ့ ဆင်ပွဲတွေပေါ့နော်၊ ဒီနှစ်ပဲ ပြန်ပြီးပျော်ရတယ် ထားပါတော့။ ပြန်ပြီး ဆင်ပွဲကကြတယ်လေ။ ပွဲမဖြစ်ဘူးဟေ့ဆိုရင် ကလေးတွေကို လိုက်မပို့ရဘူးပေါ့။ ဒီနှစ်ကျတော့ ပွဲဖြစ်မယ်၊ ပွဲဖြစ်မယ်ဆိုတော့ အဆင်မပြေတဲ့ကြားက ကလေးလေးတွေကို လိုက်ပို့ရတာပေါ့”
အချိန်ကြာ ရပ်နားထားပြီး ဒီနှစ်မှ ပြန်ကျင်းပတဲ့ ကျောက်ဆည်ဆင်ကပွဲကို စစ်ကောင်စီက လုံခြုံရေး အထပ်ထပ်ချပြီး ကျင်းပခွင့်ပေးခဲ့ပေမယ့် ကျောက်ဆည်မြို့ခံတွေသာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အနီးအနား မြို့တွေကတော့ လာရောက်သူ နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။