ဒုက္ခသည်စခန်းနဲ့ ရွာတွေအနီး လက်နက်ကိုင်အဖွဲ့တွေ တပ်မစွဲဖို့ ဒေသခံတွေ တောင်းဆို

2022.06.30
ဒုက္ခသည်စခန်းနဲ့ ရွာတွေအနီး လက်နက်ကိုင်အဖွဲ့တွေ တပ်မစွဲဖို့ ဒေသခံတွေ တောင်းဆို တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ပေါ်မှာ ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ တွေ့ရစဉ်
Photo: RFA

လူဦးရေ တစ်ထောင့်နှစ်ရာလောက် နေထိုင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးနားက ရွာ တွေမှာ လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်တွေ စခန်းလာချထားတာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တွေကတော့ ကုန်းချမ်းရွာအနီးမှာ လှုပ်ရှားနေထိုင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးနားရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့တွေ ရွာတွေအနီးမှာ မနေကြဖို့ ဒုက္ခသည်တွေနဲ့ ဒေသခံ တွေက MNDAA၊ TNLA နဲ့ KIA တို့ဆီ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ စာထုတ်ပြန်တောင်းဆိုခဲ့ တယ်လို့ ဇွပ်အောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မဒန်ပိုက RFA ကို ပြောပါတယ်။

“ကျမတို့ စစ်ရှောင်စခန်းက ကာလိုင်ဧရိယာမှာဖြစ်တယ်။ ရွာသူရွာသားတွေရှိတဲ့ ဧရိယာမှာ မနေဖို့ပေါ့နော်။ သူတို့နေပြီဆိုရင် တစ်ဖက်က တင်းမာပြီဆိုရင် ပြည်သူကို မကြည့်တော့ဘူး။ သူတို့စစ်အချင်းချင်းပဲ ကြည့်ကြတာ။ သူတို့အချင်းချင်း အဲလိုဖြစ် ကြပြီဆိုရင် ပြီးခဲ့တဲ့ ၁၇ ရက်တုန်းကလို နစ်နာထိခိုက်တာ ရွာသူရွာသားပဲ အသက်တွေ ဆုံးရှုံးရတဲ့အတွက် ဒီစာကိုထုတ်ခြင်းဖြစ်ပါတယ်”

အဲဒီတောင်းဆိုချက်ထဲမှာ ရွာနဲ့ ဒုက္ခသည်စခန်းအနီးမှာ တပ်စခန်းချနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဇွန်လအတွင်း နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ ရွာ အတွင်းနဲ့ ဒုက္ခသည်စခန်းရဲ့ မီတာ ၁၀၀၀ အကွာမှာ ဘယ်အဖွဲ့မှ တပ်စခန်းမချဖို့တွေ ပါဝင်ပါတယ်။

လက်ရှိ MNDAA တပ်ဖွဲ့က ရွာမူကြိုကျောင်းနဲ့ ကွာရန်တင်းအဆောင်ဟောင်းနေရာမှာ နေထိုင်နေသလို TNLA ကတော့ ရွာပြည်သူ့စစ်စခန်းနေရာမှာ နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၁၅ ရက်နဲ့ ၁၆ ရက်တုန်းက ကုန်းချမ်းနဲ့ မန်ဆာရွာအနီးမှာ KIA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ကုန်းချမ်းရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိခိုက်ခဲ့ပါတယ်။

၁၇ ရက်နေ့ မနက်ပိုင်း ကွတ်ခိုင်မြို့ ဗျူဟာတပ်စခန်းကို TNLA က လာပစ်ချိန် စစ်ကောင်စီ တပ်ဘက်က ပြန်ပစ်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ဇွပ်အောင်ဒုက္ခသည်စခန်းထဲကို ကျခဲ့ တာကြောင့် စခန်းမှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မဒေါင်နန်းနဲ့ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်နန်လိုင်တို့ သေဆုံးခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့် ဇွပ်အောင်ဒုက္ခသည်စခန်းမှာ နေထိုင်သူအချို့နဲ့ အနီးအနား မန်ဆာ၊ ကုန်းချမ်း ရွာက ဒေသခံစုစုပေါင်း ၅၀၀ ဝန်းကျင်ဟာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကွတ်ခိုင်မြို့ ပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ဇွပ်အောင် ဒုက္ခသည်စခန်းကနေ ထွက်ပြေးခဲ့ရတဲ့ အသက် ၇၀ အရွယ်ဒေါ်အေးနန်းက ဒုက္ခသည်ပြန်ဖြစ်ပြီလို့ RFA ကို ပြောပါတယ်။

“ဇွပ်အောင် ဒုက္ခသည်စခန်းမှာ လာနေကြတာလေနော်။ အခုတော့ ဒုက္ခသည် ပြန်ဖြစ်တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ စဉ်းစားပေးပါနော့”

"သူတို့အချင်းချင်း အဲလိုဖြစ်ကြပြီဆိုရင် ပြီးခဲ့တဲ့ ၁၇ ရက်တုန်းကလို နစ်နာထိခိုက်တာ ရွာသူရွာသားပဲ"

ကုန်းချမ်းရွာတိုက်ပွဲမှာ ရွာထဲက နေအိမ်အနီး လက်နက်ကြီးကျတာကြောင့် ထမင်းစား နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးအိုက်ငု ခါးထိမှန်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံတက် ကုသခဲ့ပေမယ့် အခုထိ မခွဲစိတ်နိုင်သေးဘူးလို့ မိသားစုဝင် ကိုအိုက်ခမ်းက ပြောပါတယ်။

“အခု သံစက အတွင်းထဲမှာ ကျန်ခဲ့တယ်ဆိုတော့ ဆရာဝန်ကပြောတာ ခွဲလို့မရဘူးတဲ့။ သူ့ဒဏ်ရာက အရိုးနည်းနည်း ထိတာ။ ခွဲမယ်ဆိုလည်း ခွဲလို့မရသေးဘူး တစ်လပြည့်မှ ပြန်လာဖို့ အဲလိုမှာထားတယ်။ ကိုယ့်ဘက်ကတော့ ဘယ်အဖွဲ့မဆိုပေါ့နော် ရွာအတွက်၊ ပြည်သူလူထုအတွက် ကောင်းဖို့ပဲလိုတယ်ဆိုတော့ ဒါမျိုးဖြစ်တော့ သဘောတော့ မကျဘူး။ နောက်ထပ်မဖြစ်ဖို့ဘဲ ကျနော်တို့ တိုက်တွန်းပါတယ်”

ကုန်းချမ်းရွာဒေသခံ မယောက်ကျိမ်ကလည်း ဒေသခံတွေ လုပ်ငန်းခွင်သွားဖို့ပါ စိုးရိမ်နေရလို့ လက်နက်ကိုင်အဖွဲ့တွေ ရွာအနီးမှာ မရှိစေချင်ဘူးလို့ ပြောပါတယ်။

“အဲလိုတွေရှိနေတော့ လုပ်စားရတာလည်း အဆင်မပြေဘူး။ နွားတွေ၊ ကျွဲတွေ လွှတ်ထားရင်လည်း ကိုယ်က အဲဒါတွေပဲ ကျောင်းပြီးကြည့်ရတယ်လေ။ အဲလို လွှတ်ထားရင် ဗုံးတွေ၊ မိုင်းတွေပစ်လာရင် ထိတယ်။ အဲဒါကြောင့်မို့ တိုက်ပွဲမဖြစ် စေချင်တော့ဘူး။ သူတို့ကို မနေစေချင်တော့ဘူး”

ကွတ်ခိုင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်များကို  ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် တွေ့ရစဉ် (Photo: RFA)
ကွတ်ခိုင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် တွေ့ရစဉ် (Photo: RFA)

ဒေသခံတွေ စာထုတ်ပြန် တောင်းဆိုထားပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ဇွန်လ ၂၇ ရက်နေ့အထိ မူလနေရာတွေမှာပဲ လှုပ်ရှားနေဆဲဖြစ်သလို တိုက်ပွဲထပ်ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် နောက်ထပ် ထပ်ရှောင်ပြေးရမှာကို စိုးရိမ်နေကြ တယ်လို့ ဇွပ်အောင် ဒုက္ခသည်စခန်းမှာ နေထိုင်သူအချို့က ပြောပါတယ်။

MNDAA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်ကတော့ ရွာနဲ့ဝေးတဲ့နေရာတွေကို ရွှေ့ပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူတွေရဲ့ တောင်းဆိုချက်အပေါ် ကျနော်တို့ ကိုးကန့်တပ်က သဘောတူ ထောက် ခံကြပါတယ်။ အခု ကွတ်ခိုင်ဘက်မှာ ရှိနေတဲ့ တပ်တွေက လွန်ခဲ့တဲ့ရက်ပိုင်းကတည်း က ရွှေ့ခိုင်းလိုက်ပြီ။ ပြည်သူတွေရဲ့ သဘောဆန္ဒ အတိုင်းပေါ့နော် ပြောင်းရွှေ့ပေး လိုက်ပါဆိုပြီး ကျနော်တို့လူကြီးတွေက မိန့်ကြားထားပြီးသားပါ။ ပြောင်းရွှေ့တဲ့ လုပ်ငန်းစဉ်တွေ မပြီးသေးလို့နေမှာပါ။ အဓိက တိုက်ပွဲဖြစ်တာက ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ဖြစ်တာပါ။ ဘယ်လိုပြောပြော ပြည်သူရဲ့ဆန္ဒဆိုတော့ အလေး ထားရတာပေါ့”

KIA နဲ့ TNLA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဇွန်လ ၃၀ ရက် ဒီနေ့ နေ့လယ်အထိ တယ်လီဖုန်းနဲ့ ခေါ်ဆို ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေဟာ ၂၀၁၂ ခုနှစ်က ကွတ်ခိုင် မြို့နယ် နမ့်ဟူးနဲ့ ကျိမ်းမွန်း အုပ်စုအတွင်း စစ်တပ်နဲ့ KIA၊ TNLA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲ ကြောင့် ထွက်ပြေးခဲ့ကြသူတွေဖြစ်ပြီး အများစုက ကချင်နဲ့ တအာင်းတိုင်းရင်းသားတွေပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ MNDAA၊ KIA၊ TNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲ ကိုးကြိမ်ဖြစ်ခဲ့ပြီး ငါးကြိမ်က KIA နဲ့ စစ်ကောင်စီတပ်နဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။