ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး


2019.02.20

 

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည် ခြောက်ထောင်နီးပါး နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြို့နယ် ၄ ခုက အရေအတွက် ခြောက်ထောင်ကနေ တစ်သောင်းကြားရှိမယ့် စစ်ဘေးဒုက္ခသည်တွေ ကို လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က စီစဉ်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့နယ်က ကျေးရွာ ၁၀ ရွာက ဒုက္ခသည်တွေကို ဦးဆုံးအနေနဲ့ နေရပ်ပြန်နိုင်ဖို့ စီစဉ်ရေးဆွဲခဲ့တယ်လို့ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။

“လူဦးရေကတော့ ၆၀၀၀ နဲ့ ၁၀၀၀၀ ကြားကို အခြေပြုပြီးတော့ ပြန်ဖို့ စီစဉ်ခဲ့ပါတယ်၊ IDP တွေ နေရပ်ပြန်ရေး ဟာ ငြိမ်းချမ်းရေးအတွက်ရော နောက်ပြီး အစိုးရနဲ့ ကချင်လူထုကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်မယ့် ခြေလှမ်း တစ်လှမ်း၊ လှေကားတစ်ထစ်ဖြစ်ပါတယ်၊ ဒီနေရာမှာ ကျွန်တော်တို့ သေချာဂရုစိုက်ပြီး လုပ်ဆောင်ဖို့ လိုတယ်၊ ဒီနေရာမှာ ယုံကြည်မှု ချွတ်ချော်ပြီးမှ ပျက်ပြယ်သွားမယ်ဆိုရင် ကျွန်တော်တို့ အနာဂတ် ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ တော်တော်လေး ယိုယွင်းသွားနိုင်တယ်”


ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မကြာမီ သွားရောက်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

KIO အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၅ နောက်ပိုင်းမှာ အစိုးရ ငြိမ်းရေးကော်မရှင် NRPC နဲ့ တွေ့ဆုံဆွေးနွေး ကြမှာဖြစ်ပြီး အဲဒီနောက် ရလာတဲ့ သဘောတူညီချက်တွေပေါ် အခြေခံကာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို စတင်အကောင်အထည်ဖော်မှာဖြစ်တယ်။

အဲဒီအစီအစဉ်အောင်မြင်ဖို့ NRPC နဲ့ ကေအိုင်အိုကြား သဘောတူညီချက် ရရှိတဲ့နေရာဒေသတွေဖြစ်ဖို့လည်းလိုပြီး တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

တဖက်မှာလဲ ဒီလိုစီစဉ်ရတာနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေရှိနေပါတယ်။

ဂျန်မိုင်ကောင့် RC ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်ရွယ်ဂျားက စစ်ဘေးဒုက္ခသည် တွေပြန်နိုင်ရေးအတွက် နှစ်ဖက် လက်နက်ကိုင ်အဖွဲ့အစည်းတွေ ဘယ်လောက်ထိ လုံခြုံရေးပေးနိုင်လဲဆိုတာ ပွင့်ပွင့်လင်းလင်းချပြဖို့ လိုသလို စစ်တပ်ဘက်က ၄ လ အပစ်ရပ်တာတစ်ခုတည်းနဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ မသင့်သေးဘူးလို့ ပြောပါတယ်။

“စစ်တပ်ဘက်က လေးလ အပစ်ရပ်တာလေးတခုတည်းနဲ့ IDP တွေကို နေရပ်ပြန်ခိုင်းဖို့ မသင့်သေးဘူးပေါ့နော်။ ဘာလို့ဆို အရင့်အရင်တွေတုန်းက စစ်တပ်ဘက်က ထိုးစစ်မရှိတော့ပါဘူး ကြေညာပြီးတော့မှ တကယ့်တကယ် တမ်း တိုက်ပွဲဖြစ်နေတဲ့ အတေ့ွအကြုံတွေ အများကြီးရှိခဲ့ပြီးပြီ။ လေးလအပစ်ရပ်တာလေးနဲ့ပဲ ဒုက္ခသည်တွေကို ပြန်ခိုင်းမယ်ဆိုရင် တခါဒုက္ခပေးတာနဲ့မတူဘူးလား။ နှစ်ဖက်စလုံးက စစ်ရေးလှုပ်ရှားမှု မရှိတော့ဘူး လုံးဝငြိမ်းချမ်းပြီ ဆိုရင် ပြည်သူလူထုက သူတို့မပြန်ခိုင်းလည်း ပြန်ကြမှာပဲ။ အကုန်လုံးက ကိုယ့်ရပ်ရွာမှာ နေချင်ကြတဲ့လူချည်းပဲ။ ဒီဒုက္ခသည်စခန်းမှာ နေချင်လို့လာနေကြတဲ့လူ မရှိဘူး။”


တဆက်တည်းမှာပဲ အပစ်ရပ် ၄ လအတွင်း စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းပြီး နောက်ထပ်ဖြစ်လာမယ့် ပြဿနာတွေကို ဘယ်သူကတာဝန်ယူပေးမှာလဲ သိလိုတယ်လို့ ဂျန်မိုင်ကောင့် KBC စစ်ရှောင်စခန်းက ဒေါ်ရွယ်အောင် ပြောလိုက်ပါတယ်။

“အခုက လေးလအပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုတော့ ကျွန်မတို့ကို ပြန်ခိုင်းပြီးမှ နောက်ထပ်ဖြစ်လာမယ့် ပြဿနာတွေကို ဘယ်သူက တာဝန်ယူပေးနိုင်မလဲ။ အခုလို စစ်ရှောင်စခန်းမှာ ပြန်ဝင်လို့ရမလား။ ကျွန်မတို့ ရွာမှာ လုံခြုံမှုရနိုင်မလား။ အခုကျွန်မတို့ စစ်ရှောင်လာတာ ရှစ်နှစ်လောက်ရှိပြီဆိုတော့ အိမ်လည်းမရှိတော့ဘူး ရွာထဲမှာ ဘာတွေဘယ်လိုဖြစ်ကုန်မှန်းမသိတော့ဘူး။ အားလုံးပြည့်စုံမှ ကျွန်မတို့ ပြန်နိုင်ပါမယ်လို့။”

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဠ ဒေါက်တာတူးဂျာကတော့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် KHCC အနေနဲ့ အစိုးရနဲ့ လက်တွဲဖော်ဆောင်သွားမှာဖြစ်သလို မိုင်းရှင်းလင်းရေးမှာ ကေအိုင်အေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ တပ်မတော်ကို အကြံပြုထားတယ်လို့ သိရပါတယ်။

KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ က ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး အစိုးရ တပ်မတော်နဲ့ KIA တို့ သဘောတူညီချက် တခုခု ရထားပြီးရင် လုပ်ရတာပိုပြီး အဆင်ပြေမှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“အခုလောလောဆယ် ကျွန်တော် ဘာမှမပြောနိုင်ပါဘူး။ ပြောလို့ရတာကတော့ ကေအိုင်အို၊ ကေအိုင်အေနဲ့ အစိုးရ တပ်မတော်တို့ သဘောတူညီချက်တစ်ခုခုရပြီးနောက်ပိုင်းမှာမ ပိုအဆင်ပြေမယ်။ ပိုခိုင်မာမယ်။ ကျန်တာတော့ ကျွန်တော်ဘာမှမကြားသိပါဘူး။”


ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ဒေသမှာ တပ်စွဲထားတဲ့ အစိုးရ တပ်မတော်ရဲ့ တုံ့ပြန်ချက်ကို RFA က မေးမြန်းခဲ့ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကချင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

“မူလနေရပ်ကို ဆန္ဒအလျှောက် ပြန်ချင်တဲ့သူတွေ ပြန်ဖို့အတွက် ဆောင်ရွက်နေတာလေးတွေရှိပါတယ်ခင်ဗျ၊ ပြန်ချင်တဲ့သူတွေရှိတယ်ဆိုတာလည်း သိပါတယ်၊ ဒါကြောင့်မို့လည်း ၄ လတာ အပစ်ရပ်ကာလမှာ ဆောင် ရွက်နေတာဖြစ်ပါတယ်၊ ပြန်ချင်တဲ့သူတွေကို မူလထွက်ခွာလာတဲ့နေရာမှာ လုံခြုံရေးလည်း စိတ်ချရမှုရှိပြီ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာက ရှမ်းမြောက်ဘက်မှာဆိုရင် မပြန်ခင်မှာလည်း လုံခြုံရေးအရ မိုင်းဟောင်းတွေကို မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးနေတာတွေရှိတယ်၊ ပြီးရင် တချို့နေလို့ရအောင် အတွက် လုံခြုံရေးလုပ်ပေးတာတွေရှိတယ်၊ အဲ့ပုံစံအတိုင်း ဖြစ်မယ်လို့ ခန့်မှန်းပါတယ်”

ကချင်လူသားချင်းစာနာမှုကော်မတီ KHCC အနေနဲ့ နိုင်ငံတော်ရဲ့ စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ စခန်းပိတ်သိမ်းရေး အဆင့်ကိုမသွားဘဲ နေရပ်ပြန်နိုင်ရေးကိုသာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ပြီးနောက် ဆက်လက် ထောက်ပံ့ပေးဖို့ နိုင်ငံတကာ အကူအညီတွေ တောင်းဆိုသွားမှာ ဖြစ်သလို KHCC အနေနဲ့နိုင်ငံတကာ ကူညီပံ့ပိုးရေးတွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိတယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောပါတယ်။

KHCC မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကက်သလစ်အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ လွပ်လပ်သော တိုင်းရင်းသားခရစ်ယာန်၊ လလော်နှစ်ခြင်း အသင်းတော်၊ လီဆူနှစ်ခြင်းအသင်းတော် စတဲ့အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

လက်ရှိကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။