ရန်ကုန်-မော်လမြိုင်လမ်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကြောင့် ပြည်သူတွေ အခက်ကြုံ
2022.11.18

အများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမတွေက X-Ray စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေရဲ့ စစ်ဆေးတဲ့အချိန်ကြန့်ကြာမှုတွေကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေအခက်အခဲတွေ့နေရပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းပိတ်ရက်တွေတုန်းက စစ်ဆေးချိန်ကြာလွန်းတဲ့အတွက် ပုံမှန်ထက်ပိုပြီး ပျမ်းမျှ ငါးနာရီဝန်းကျင်လောက် နှောင့်နှေးခဲ့ရတယ်လို့ ခရီးသည်တွေက ပြောကြပါတယ်။
“ဘယ်လောက်စောင့်ခဲ့ရလဲဆိုရင် တစ်နာရီစောင့်ခဲ့ရတာရှိတယ်၊ နှစ်နာရီစောင့်ခဲ့ရတာရှိတယ်၊ ငါးနာရီအထိစောင့်ခဲ့ရတာရှိတယ်။ ဘယ်နားလောက်လဲဆိုရင် ဒီမြစ်ကျိုးနားပေါ့နော်”
ခရီးသည်တွေကို မှတ်ပုံတင်စစ်သလို၊ ကားသမားတွေက ဂိတ်မှာငွေပေးနေရတာတွေ့ရတယ်လို့ ခရီးသည်တစ်ယောက်ကပြောပြပါတယ်။
“မှတ်ပုံတင်မပါတဲ့သူတွေကို ကားပေါ်ကနေအောက်ဆင်းခိုင်းတယ် ဘာတွေလုပ်လဲတော့မသိဘူးပေါ့နော်၊ ဒဏ်ပေးတာလား မသိဘူး၊ ငွေဆောင်တာကျတော့ ကားစီးတဲ့တစ်လျှောက်လုံး ဒီကား စပယ်ယာတွေက ဂိတ်တိုင်း ဂိတ်တိုင်းကို ပိုက်ဆံတစ်သောင်းနဲ့ ရေသန့်တစ်ဗူး။ အဲဒါဂိတ်တိုင်းကို ဆင်းပေးနေတာတွေ့ရတယ်”
အရင်က ကျိုက်ထို-ရန်ကုန်ကို သုံးနာရီနဲ့ရောက်ပေမယ့် X-ray စစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြာရသလို၊ ငွေပေးနေရတာကြောင့် ရန်ကုန်ကနေ ခရီးဆက်မယ့် ခရီးသည်တွေ အခက်အခဲပိုဖြစ်စေတယ်လို့လည်း ခရီးသည်တစ်ယောက်ကပြောပါတယ်။
“ရန်ကုန်ကနေ ခရီးထပ်ဆက်ရမယ့် မြို့တွေပေါ့နော် ဥပမာ ရန်ကုန်ကနေတဆင့် ကားပြန်စီးရမယ့် ပြည်မြို့တို့ဆိုရင် ဟိုရောက်တာနေ့ခင်း နှစ်နာရီလောက်ဆိုရင် ပြည်ကိုထွက်မယ့်ကားက ကားဂိတ်တွေကပိတ်သွားပြီးပေါ့နော်။ မရှိတော့ဘူး တစ်ရက် ရန်ကုန်မှာ ညအိပ်ရတဲ့ဟာတွေရှိတယ် အဓိကက အချိန်ကုန်တယ် စောင့်ခဲ့ရတဲ့ဟာတွေ အတွက်ပိုက်ဆံကုန်တယ်”
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏတိုက်ပွဲဖြစ်နေသလို၊ လက်နက်သယ်ယူတာတွေ၊ PDF တွေရဲ့ သွားလာတာတွေကို စစ်ဆေးဖို့ဆိုပြီးတော့ စစ်ကောင်စီက လွန်ခဲ့တဲ့ ဇွန်လမှာ X-ray စစ်ဆေးရေးဂိတ်ကို စတင်ခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် အကုန်အကျပိုများရတယ်လို့ ခရီးသည်တစ်ယောက်ကပြောပါတယ်။
“အဖတ်တင်တာက ကားတွေစောင့်ရတယ် ဆီပိုကုန်တယ် ကားခဈေးတက်တယ် ကားတွေနေ့ချင်း ပြန်မရတော့ဘူး သူတို့ဖြေရှင်းချင်တဲ့ ပြဿနာကတစ်မျိုး။ အဲဒီပြဿနာက ထိရောက်တဲ့အဖြေမရဘူး၊ ဒါပေမဲ့ ကျန်တဲ့နောက်ဆက်တွဲပြဿနာ လေးငါးခုဖြစ်သွားတယ် အဲဒီ X-rayကြောင့်”
ညမထွက်ရအမိန့်ကလည်းရှိနေတဲ့အတွက် လမ်းခရီးမှာ ညအိပ်လိုက်ရရင် မလုံခြုံတာတွေရှိသလို ငွေကြေးအကုန်အကျများတာတွေလည်း တွေ့ကြုံရတယ်လို့ ယာဉ်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
“အခက်အခဲကတော့ဆိုးလာနိုင်လားဆိုတော့ ခရီးသည်တွေကို ကျွန်တော်တို့နေ့ခင်း နှစ်နာရီတွေမှာ ကားလက်မှတ်မရောင်းရဲတော့ဘူး။ နေ့ခင်းကားတွေက ပုံမှန်ရန်ကုန်ကိုရောက်အောင် မောင်းလို့ရတဲ့ အနေအထားရှိတယ် ရန်ကုန်လော့ဒေါင်းကို မီတယ်။ ဒါပေမယ့် ၂-၃ နာရီကားတွေရောင်းလိုက်ရင် ခရီးသည်တွေလမ်းမှာ အိပ်လိုက်ရရော”
စစ်ကောင်စီရဲ့ X-Ray စစ်ဆေးရေးဂိတ်တွေဟာ ထိရောက်မှုမရှိဘဲ ငွေတောင်းဖို့သက်သက်ပဲ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“သူတို့အဖွဲ့စစ်ဆေးရေးအရာရှိတွေ စားဖို့တစ်ခုအတွက်ပဲလို့ ကျွန်တော် ထင်တာပဲ၊ သူတို့ရဖို့အတွက်ပဲထင်တာပဲ။ ဘာလို့ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီ X-ray စက်ဆိုတာ တကယ်တမ်းရှိတယ်ဆိုလို့ရှိရင် တကယ်တမ်းထိထိရောက်ရောက်လုပ်တယ်ဆိုလို့ရှိရင် ကာစတန် (အကောက်ခွန်) တွေ ရဲအရာရှိတွေ ဘာစစ်ဆေးရေးမှ ဒီနေရာမှာနေစရာအကြောင်းကိုမရှိတာ”
စစ်ကြောင့် ကားမထွက်နိုင်ဘဲ ရပ်နားထားရတာမျိုးရှိသလို၊ လမ်းကစစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြာလို့ ဓာတ်ဆီပိုကုန်တာ၊ ငွေတောင်းလို့ပေးရတာတွေ၊ ဒီအခြေအနေတွေကြောင့် ကားလုပ်ငန်းတွေရပ်ရမယ့် အထိဖြစ်သွားနိုင်တယ်လို့လည်း သူကပြောပါတယ်။