အညာမြေတိုက်ပွဲတွေကြားက မှတ်တမ်းသမား
2023.01.23
အသက် ၂၇ နှစ်အရွယ် သတင်းထောက် ကိုမျိုးထက်လှသော်ဟာ ဆန္ဒပြပွဲတွေ၊ တိုက်ပွဲ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စတဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာ တဲ့ ကဏ္ဍပေါင်းစုံက အခြေအနေတွေကို ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေ တောက်လျှောက် ရိုက်ကူးနေသူတစ်ဦးပါ။
သူဟာ တစ်ချိန်က ပြည်တွင်းသတင်းမီဒီယာတစ်ခုမှာ လုပ်ကိုင်ခဲ့ပေမယ့် စစ်အာဏာ သိမ်းပြီးနောက်မှာတော့ အလုပ်ထွက်ပြီး အလွတ်သတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင် နေတာလည်းဖြစ်ပါတယ်။
အညာဒေသလို့ လူသိများတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု တွေကို အပြင်းအထန် ကြုံလာရပြီးနောက်မှာတော့ ကိုမျိုးထက်လှသော်ဟာ အဲဒီဒေသကို ကိုယ်တိုင်သွားပြီး စစ်ကောင်စီတပ်ကြောင့် ပြည်သူတွေရဲ့ ထိခိုက်မှုတွေကို အများသိ အောင် ဓာတ်ပုံ၊ ရုပ်သံတွေနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
"ကျည်ဆန်တွေ ပလူပျံအောင်ဝဲနေတဲ့ကြားထဲမှာ ပြေးရင်းလွှားရင်း သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ရတာ ရှိတယ်"
စစ်ကောင်စီတပ်က နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကို သတင်းယူဖို့အတွက် တစ်ခါ တစ်ရံ ဗုံးဆန်၊ ကျည်ဆန်တွေကြားထဲ သွားရတာတွေလည်းရှိတယ်လို့ ကိုမျိုးထက် လှသော်က ပြောပါတယ်။
“တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကျနော်လိုက်သွားတယ်။ သူတို့နဲ့အနီးစပ်ဆုံးနေရာတစ်ခုမှာ နေရာယူပြီးတော့ သတင်းဓာတ်ပုံ ရိုက်ကူးတာတွေ၊ ရုပ်သံမှတ်တမ်းရိုက်ကူးတာတွေ ကျနော် လုပ်တယ်ပေါ့နော်။ အဲဒီအတွက်လည်း နှစ်ဖက်အပြန်အလှန် ပစ်ကြခတ်ကြတဲ့ ကြားထဲမှာဆိုရင် ကျနော်တို့နားကို လက်နက်ကြီးကျတာရှိတယ်။ ကျည်ဆန်တွေ ပလူပျံ အောင်ဝဲနေတဲ့ကြားထဲမှာ ပြေးရင်းလွှားရင်း သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ရတာ ရှိတယ်။ စစ်ကောင်စီစစ်ကြောင်းတွေ ထွက်သွားပြီဆိုရင် မီးရှို့ကျန်ခဲ့တဲ့နေရာတွေကို ချက်ချင်းသတင်းယူနိုင်အောင် ကျနော့်အနေနဲ့သွားတယ်”
သူ မှတ်တမ်းရိုက်ကူးနေစဉ်အတွင်းမှာပဲ စစ်ကောင်စီတပ်သားတွေက ဒေသခံရွာသားတွေ ကို ဖမ်းဆီးနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေကို မျက်မြင်တွေ့ဖူးတယ်လို့လည်း သူက ပြောပါတယ်။
သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေကို ပြည်ပသတင်းဌာနတွေကို အဓိကပေးပို့နေသလို သူ့ဆီကို အကူအညီတောင်းလာတဲ့ ပြည်တွင်းသတင်းဌာနတွေကိုလည်း ပေးပို့နိုင်ခဲ့တယ်လို့ ကိုမျိုးထက်လှသော်က ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရတာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေက နေ့စဉ်လိုလို ရှိနေတာပါ။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ဒီဇင်ဘာလအထိ စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ကလည်း စစ်ကိုင်းတိုင်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ မီးရှို့ခံရတဲ့ နေအိမ် ၂၇,၄၉၆ လုံးရှိတယ်လို့ ထုတ်ပြန်ထား ပါတယ်။
စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားသလို တချို့နေရာတွေမှာ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်ထားတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေကို သတင်းဌာနတွေထံပေးပို့ရာမှာ အခက်အခဲတွေ ကြုံရတယ်လို့ သတင်းထောက် ကိုမျိုးထက်လှသော်က ပြောပါတယ်။
“အဲဒီမှာဆိုရင် အခက်အခဲတွေဆိုရင် ဓာတ်ပုံမှတ်တမ်းတွေကို ပေးပို့ရတာလွယ်တယ် ပေါ့နော်။ file size လည်း မများတဲ့ အခါကျတော့ လွယ်တယ်။ ဒါပေမဲ့ ရုပ်သံမှတ်တမ်း တွေကျတော့ ပေးပို့ဖို့အတွက် အခက်အခဲတွေ ရှိတာပေါ့နော်။ အဲလိုအခက်အခဲရှိတယ် ဆိုပေမယ့်လည်း ကျနော့်အနေနဲ့က ပြည်ပမီဒီယာတွေ၊ ပြည်တွင်း မီဒီယာတွေရောက်ဖို့ အတွက်ကို ကျနော့်အနေနဲ့ နည်းလမ်းတွေအမျိုးမျိုးကြံဆပြီး တော့ ဒီမှတ်တမ်းတွေ မပျောက်မပျက်သွားအောင် နိုင်ငံတကာရော၊ ဒီပြည်တွင်းမီဒီယာရော ဖော်ပြနိုင်အောင် အတွက် ဆိုပြီး နည်းမျိုးစုံနဲ့ ပေးပို့ရတယ်ပေါ့”
စစ်ကိုင်းတိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက အင်အားကြီးတဲ့ စစ်ကောင်စီတပ်ကို လက်နက်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်နေရပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်များလာတဲ့အခါမှာ လေယာဉ်နဲ့ ဗုံးကြဲခံရတာ၊ အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေရှိနေတယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ အဲဒီလို ဆိုးရွားလှတဲ့ အခြေအနေတွေကြားထဲကပဲ ဒေသကာကွယ်ရေးအဖွဲ့တွေ ဟာ နယ်မြေစိုးမိုးမှုရရှိအောင် ကြိုးပမ်းနေကြတာမြင်ရတယ်လို့ ကိုမျိုးထက်လှသော် က ပြောပါတယ်။
ကိုမျိုးထက်လှသော်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ မအိသန္တာအောင်ကတော့ သူ့အနေနဲ့ အသက်အန္တရာယ်ကြားကနေ လုပ်ကိုင်နေရတာလို့ ပြောပါတယ်။

“ပြင်းထန်တဲ့တိုက်ပွဲတွေဆိုလည်း သူ ကင်မရာတစ်လုံးလွယ်ပြီး လိုက်သွားတာတွေ ရှိတယ်။ ပြီးတော့ မီးရှို့ခံရတဲ့ မီးလောင်တဲ့အခြေအနေတွေဆိုလည်း ကင်မရာတစ်လုံး လွယ်ပြီး လိုက်သွားတယ်။ တစ်ခါတလေကျရင်တော့ PDF တွေက လုံခြုံရေးယူပေး တယ်ဆိုပေမယ့် တစ်ခါတလေ လုံခြုံရေးမယူပေးတဲ့အခါဆိုလည်း သူတစ်ယောက် တည်း သွားတာမျိုးတွေရှိတယ်။ ဒီလိုလုပ်တာတွေလည်း သူ့အတွက် အသက်အန္တရာယ် တွေ ရှိတယ်။ ဒါပေမဲ့ သူ့အနေနဲ့ကျတော့ သူက သတင်းထောက်တစ်ယောက်ဆိုတော့ ဒီအလုပ်တွေက လုပ်ကိုလုပ်ရမယ့် အခြေအနေပေါ့နော်”
လက်ရှိ စစ်ကိုင်းတိုင်း စစ်မြေပြင်က အခြေအနေတွေနဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို အများသိအောင်ချပြ နိုင်တာကြောင့် ပြည်သူတွေအတွက် အထောက်အကူဖြစ်စေတယ်လို့ သူက ပြောပါတယ်။
ကိုမျိုးထက်လှသော်ကတော့ သူ့အနေနဲ့ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် ဆိုးရွားတဲ့ လုပ်ရပ်တွေ ကို ဆက်လက်မှတ်တမ်းတင်နေဦးမယ်လို့ ပြောပါတယ်။
“ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေအပြင် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ မတရား ဖိနှိပ်ခံနေရတာတွေကို ကျနော်တို့အနေနဲ့ ဒီမီဒီယာတွေမှာ ချပြနိုင်တဲ့အတွက်ကြောင့်မို့ ဒီမှတ်တမ်းတွေသည် ပြည်သူလူထုတွေလည်း သိသွားတယ်။ နိုင်ငံတကာကလည်း သိသွားတယ်။ အဲအတွက်ကြောင့်မို့ ကျနော်တို့ တော်လှန်ရေးအတွက် ဒါအားတစ်ရပ် ဖြစ်စေတာပေါ့နော်။ တချို့အရာတွေဆိုရင်လည်း ကျနော့် အနေနဲ့ ဖော်ပြလို့မရဘဲနဲ့ သိမ်းဆည်းထားရတဲ့ မှတ်တမ်းမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒါတွေသည်လည်း နောင်တစ်ချိန်ကျလို့ရှိရင် လုံးဝအသုံးဝင် လာနိုင်မယ့် မှတ်တမ်းမျိုးတွေအနေနဲ့ ကျနော့်မှာ ထားရှိထားတယ်။ သိမ်းဆည်းထားတယ်”
သတင်းမီဒီယာတွေမှာ ဖော်ပြနိုင်မဲ့အရာတွေကို ရိုက်ကူးနိုင်ခဲ့သလို လက်ရှိမှာ လုံခြုံရေး ကြောင့် မဖော်ပြနိုင် သေးတဲ့ CDM စစ်သားတွေ၊ စစ်သုံ့ပန်းတွေနဲ့ အညာဒေသမှာ အခက်အခဲတွေကြားကနေ ဒီမိုကရေစီအရေးအတွက် လက်နက်ကိုင်တော်လှန်ကြပုံ တွေအကြောင်းကိုပါ ဆက်လက်ရိုက်ကူးနေတယ်လို့ သူက ပြောပါတယ်။
သူ့အနေနဲ့ ဒီအညာဒေသကနေတစ်ဆင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေကို သွားရောက်ပြီး စစ်ကောင်စီရဲ့ မတရားလုပ်ရပ်တွေကို မှတ်တမ်းရိုက်ကူး နိုင်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ကိုမျိုးထက်လှသော်က ပြောပါတယ်။