စစ်ကောင်စီကို ကင်မရာကိုင် တော်လှန်နေသူ
2024.08.23

"ကျွန်တော်ရောက်နေတဲ့နေရာက ကန့်ဘလူမြို့နယ်ထဲမှာပဲ ပဇီကြီးရွာမှာပေါ့နော် စစ်ကောင်စီက လေကြောင်းကနေပြီးတော့မှ တိုက်ခိုက်ခံခဲ့ရတယ်ပေါ့နော်၊ ရွာဖြစ်တယ်ပေါ့နော်၊ ပဇီကြီးရွာဖြစ်ပါတယ်၊ အခုကျွန်တော်ရောက်နေတဲ့အိမ်ဆိုရင် ပိုင်ရှင်တွေ ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာတောင် မသိတော့ဘူး။ ဒီကအပျက်အစီးတွေကို မြင်တဲ့အတွက် ဓာတ်ပုံလိုက်ရိုက်နေတာ ဖြစ်ပါတယ်"
မှတ်တမ်းရိုက်ကူးရေးသမား ကိုမင်းခန့်ကျော်ပါ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့ဇာတိဖြစ်ပြီး သူဟာ စစ်မြေပြင်နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မီးရှို့တာတွေကြောင့် အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးတာတွေကို ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်နေသူပါ။
အာဏာမသိမ်းခင်က လူ့အခွင့်အရေးနဲ့ တောင်သူလယ်သမားအရေး သတင်းတွေကို ရေးသားပြီး ရန်ကုန်မြို့အခြေစိုက် သတင်းမီဒီယာတွေကို အလွတ်သတင်းထောက်အဖြစ် ဗီဒီယိုနဲ့ ဓာတ်ပုံသတင်းတွေကို ပေးပို့ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သူ့ဇာတိမြို့ သပိတ်ကျင်းမြို့ရဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာတွေကို မှတ်တမ်းတင်ရင်း သတင်းဌာနတွေကို ပေးပို့သလို သူရဲ့လူမှုကွန်ရက်မှာလည်း အများပြည်သူသိအောင် တင်ပြခဲ့ပါတယ်။
"အာဏာသိမ်းပြီးသွားတော့ သပိတ်ကျင်းမြို့နယ်ထဲက ဆန္ဒပြတာတွေကို မှတ်တမ်းတင်ခဲ့သလို ဓာတ်ပုံတွေ၊ ရုပ်သံသတင်းတွေကို ရိုက်ခဲ့သလို အလွတ်တမ်းနဲ့ မဇ္စျိမတို့ ပေးပိုခဲ့တာတွေလည်း လုပ်ခဲ့ဖူးတယ်၊ သူများတွေလို လက်သုံးချောင်းထောင်ရုံတင်မကဘဲ ကျွန်တော်လုပ်နိုင်တဲ့ဘက်က ကျွန်တော်ဝါသနာပါတဲ့ သတင်းပိုင်းနဲ့ ရိုက်ကူးရေးပိုင်းတွေမှာ ပါဝင်တာရှိတယ်"
သူ့မှာ အဖေ၊ အမေနဲ့ ညီအစ်ကို၊ မောင်နှမလေးယောက်အပါအဝင်ဆိုရင် မိသားစုက ခြောက်ယောက်ရှိပြီး သူက သားအကြီးဆုံပါ။ ဆန္ဒပြသတင်းတွေရိုက်ရင်း ၂၀၂၁ မတ်လ ၁၁ ရက်နေ့မှာ သူ့အိမ်ကို စစ်ကောင်စီက ပိတ်ဆို့ဖမ်းဆီးတာ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
"ဆန္ဒပြတော့ မှတ်တမ်းတွေ၊ သတင်းတွေရိုက်တဲ့အခြေအနေမှာ စစ်ကောင်စီက ကျွန်တော်ဒီလိုလုပ်နေတာသိတော့ အင်အားသုံးပြီး အိမ်ကိုလာဖမ်းတဲ့ အခြေအနေမျိုး ကြုံခဲ့ရတယ်၊ ရပ်ကွက်ထဲကလူတွေရဲ့ ကူညီမှု၊ ရဲတပ်ဖွဲ့ထဲက တချို့သတင်းပေးတာကြောင့် အသက်ဘေးကနေ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်"
ဒီလိုဖမ်းပြီးနောက် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက်မှာ မိသားစုလိုက် စစ်ဘေးရှောင်ကြရင်း စစ်ကောင်စီကို မိသားစုလိုက် တက်နိုင်တဲ့ဘက်က ဆက်လက်တော်လှန်ကြပါတယ်။
လမ်းပေါ်ထွက်ဆန္ဒပြရာကနေ လက်နက်ကိုင်လမ်းစဉ်ကို သွားကြတဲ့အခါမှာလည်း ကိုမင်းခန့်ကျော်ဟာ ၂၀၂၂ မေလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်အောက်မှာ စစ်ပညာသင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပညာသင်ကြားပြီးနောက် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ သပိတ်ကျင်းမြို့နယ်ပြန်လာပြီးနောက် တောဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တွဲဖက်တာဝန်ခံအဖြစ် လုပ်နေတယ်လို့ ကိုမင်းခန့်ကျော်က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံ တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ
အနုပညာနဲ့ စစ်အာဏာရှင် ဆန့်ကျင်နေသူ
သူဟာလက်နက်ကိုင်အဖွဲ့မှာပါပေမဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ပြီး စစ်ကောင်စီကို အဓိကတော်လှန်တာလို့လည်း ဆိုပါတယ်။
"၂၀၂၃ မေလ ၃ ရက်က တကောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အဲတိုက်ပွဲက ကျွန်တော်အတွက် ပထမဆုံးတိုက်ပွဲပေါ့လေ၊ အဲတိုက်ပွဲမှာ ကျွန်တော်ဆိုရင် သေနတ်မပါဘူး၊ ကိုယ်တိုင်လည်း ပွဲတွေမှာ သေနတ်ပစ်တယ်ဆိုတာ ရှားပါတယ်၊ ကျွန်တော်မှာ ကင်မရာရှိနေတော့ အဲကင်မရာလေးနဲ့ စစ်တပ်ရဲ့ယုတ်မာမှုတွေ၊ ရက်စက်မှုတွေ၊ မတရား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ် မီးရှို့ အကြမ်းဖက်စစ်အုပ်စုရဲ့ အခြေအနေတွေကို ရအောင်မှတ်တမ်းယူတယ်"
သူဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်ပျက်စီးတာနဲ့ အခုနောက်ပိုင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ကင်မရာနဲ့ လိုက်လံမှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုမှတ်တမ်းတင်ရင်း လက်နက်ကြီးနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြားမှာ မကြာခဏ အသက်အန္တရာယ်ကြားထဲက လွတ်မြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအထဲက သူ့အတွက် အမှတ်တရ ဖြစ်စေတာကတော့ တွင်းငယ်ရဲစခန်းသိမ်းတိုက်ပွဲအကြောင်းပါ။
"မှတ်မှတ်ရရ စခန်းသိမ်းတိုက်ပွဲတွေထဲမှာဆိုရင် တွင်းငယ်ရဲစခန်းပေါ့၊ အဲမှာ ဘာဖြစ်လည်းဆိုတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ၊ ဂျက်ဖိုက်တာနဲ့ အပစ်ခံရတာ၊ ပစ်ခံရတော့ ပြေးရတာပေါ့ဗျာ၊ ကိုယ်မှာ ဘာမှမရှိတာ၊ ပြေးပြီး ကတုတ်ကျင်းထဲမှာ ဝင်နေရတာပေါ့၊ ပေါင် ၅၀၀ နှစ်လုံးကျဲချတယ်ပေါ့နော်၊ ဒီဗုံးသီးကြဲတာကြောင့် ကျွန်တော်မျက်စီရှေ့မှာ လမ်းဘေးမှာပဲ ပြည်သူတွေသေနေတာ စိတ်မချမ်းသာစရာမြင်တွေ့ရတယ်၊ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတော့ ပစ်တဲ့ဒဏ်လည်း ခံနေရတယ်၊ ကိုယ့်အသက်အန္တရာယ် လုံခြုံဖို့ကိုပဲ ဦးစားပေးရတယ်၊ သေသွားတဲ့ပြည်သူတွေရဲ့ အလောင်းတွေကို ဓာတ်ပုံရိုက်ဖို့တောင် မစဉ်းစားမိတော့တဲ့ အခြေအနေမျိုးတွေဗျာ၊ ဒါက အမှတ်ရစရာပေါ့၊ အဲအခြေအနေတွေ ကြုံခဲ့ရတာ"
လက်ရှိမှာ သူ့ရဲ့မွေးရပ်ဇာတိရွာအနီးက စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်ဖွဲ့တွေက သိမ်းယူနိုင်တာကြောင့် မကြာခင်မှာ အိမ်ပြန်နိုင်တော့မှာပါ။ သူကတော့ မိသားစုလိုက် အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို ကင်မရာတစ်လုံးနဲ့ ဆက်လက် မှတ်တမ်းတင်နေမယ်လို့ ဆိုပါတယ်။