လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းတူးနေကြသူများ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.03.26
လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းတူးနေကြသူများ ဗုံးခိုကျင်းတစ်ခုအနီး တွေ့မြင်ရသည့် ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တစ်ဦး။
AFP

ကယားပြည်နယ်က ဒေသခံတွေဟာ တောတောင်တွေထဲမှာ ပုန်းရှောင်ရင်း စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဗုံးခိုကျင်းတွေ တူးနေရပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေနေ့တိုင်းဆိုသလို ပြင်းထန်နေပါတယ်။

"နေ့တိုင်းလိုပဲ အလုံးကြီးတွေ ကြားနေရတယ်။ တစ်ခါတလေ နားထောင်လိုက်လို့ ကိုယ့်နားမှာ ရောက်နေလား၊ ဒီဘေးလောက်လားဆိုပြီး စိုးရိမ်နေရတယ်။"

ဒေါ်အားမူတစ်ယောက် အာဏာသိမ်းကတည်းက တိုက်ပွဲတွေကြား ထွက်ပြေးနေရတာ အခုဆို နှစ်နှစ်လောက် ရှိပါပြီ။ သူတို့မြေးအဖွားတွေ အခုတော့ ဒီမော့ဆိုမြို့နားက တောထဲမှာ နေနေရပါတယ်။

တောထဲက သစ်ပင်တွေကြား တာပေါ်လင်စတွေနဲ့ ဖြစ်သလို ယာယီဆောက်ထားတဲ့ အဲဒီစခန်းမှာ လူအယောက် ၂ဝဝ လောက်စစ်ဘေးရှောင်နေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်က အချိန်မရွေးရောက်လာတာကြောင့် နားစွင့်နေရတယ်လို့ ဒေါ်အားမူက ပြောပါတယ်။

"မနေ့ကဆို ညနေဆောင်း၊ ထမင်းစားရင်း တန်းလန်းမပြီးသေးဘူး ဒုန်း မြန်မြန်စား။ ပြေးဆို ပြေးလိုက်ပြီးတော့ တော်ကြာနေ ပြန်လာ၊ နေ့ပဲလာဦးမလား၊ ညပဲ ပစ်ဦးမလား စဉ်းစားနေတုန်း တစ်ခါတလေ ဒိုင်းဆိုပြီးတော့ လာပြန်ရော"

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သူ့ကို ခုခံတဲ့သူတွေကို ပြန်လည်ချေမှုန်းဖို့ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ အသာစီးယူ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ အကြိမ်ပေါင်း ၃ဝဝ ကျော်လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေ သေဆုံးနေရတာမို့ လေကြောင်းတိုက်ခိုက်နေတာရပ်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ ရပ်သွားတာ မရှိပါဘူး။

SSA03.jpg
လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန် စစ်ဘေးဒုက္ခသည်များ တူးဖော်ထားသည့် ဗုံးခိုကျင်းတစ်ခုအား မြင်တွေ့ရစဉ်။ (Photo: AFP)

ဒေါ်အားမူတို့စခန်းက လူငယ်တွေကတော့ အချိန်မရွေးရောက်လာတက်တဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကနေ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ တူးနေကြပါတယ်။ 

"ကျွန်တော်တို့ အခု ဘယ်လိုနေ ဘယ်လိုဆက်သွားရမလဲမသိ၊ အခုတော့ ယာယီပဲဖြစ်နေတယ်" 

ခူဦးရယ်ကတော့ မကြာသေးခင်ကမှ ဒီစခန်းဘက်ကို ရောက်လာတဲ့ လူငယ်တစ်ယောက်ပါ။ အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်းတွေမှာတော့ ကယားပြည်နယ်ဘက်က ဒေသခံတွေဟာ တိုက်ပွဲတွေ မရှိလို့ ကိုယ့်ရပ်ကိုယ့်ရွာတွေကို ပြန်နေကြပြီလို့ ဖော်ပြနေပါတယ်။

ခူဦးရယ်ကတော့ အိမ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။ 

"ကိုယ့်ရွာကိုယ် ပြန်ချင်မှာပဲလေ၊ ပြန်လို့မရတဲ့အဆုံး ဒီမှာပဲ နေရဦးမယ်။ တစ်ချိန်ချိန်တော့ ပြန်လို့ရမယ်လို့ သူတို့ကို အားပေးထားပါတယ်" 

ကုလသမဂ္ဂရဲ့လတ်တလောစာရင်းတွေအရ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား ထွက်ပြေးနေရတဲ့သူ ကိုးသောင်းကျော် ရှိပါတယ်။

ဒေါ်အားမူ အပါအဝင် အဲဒီဒုက္ခသည်တွေအတွက်တော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကျန်နေဆဲဖြစ်ပါတယ်။

"အဲဒီဗုံးခိုကျင်းပေါ်ကျရင်လည်း မတော်တဆ ပျက်ရင်လည်းပျက်မယ်။ ဖြစ်ရင်လည်းဖြစ်မယ်။ ကုသိုလ်ကံ ကောင်းရင်တော့ ဘာမှမဖြစ်ဘူးပေါ့နော်။" ... "အဖွားတို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအခက်အခဲတွေကနေ အမြန်လွတ်မြောက်ပါစေ ဆုတောင်းတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။