အနန့်ပါ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ကျန်ရစ်သူတွေ လွမ်းဆွတ်သတိရနေဆဲ

2022.11.24
အနန့်ပါ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ကျန်ရစ်သူတွေ လွမ်းဆွတ်သတိရနေဆဲ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားသည့် ကီးဘုတ်တီးသူ ကိုကင်း (ခ) ဇခုန်ဇော်မွန်းကို တွေ့ရစဉ်။
Photo: Citizen Journalist

လူ ၆၀ ကျော် သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂီတဖျော်ဖြေပွဲ ‌လေကြောင်းကနေ တိုက်ခိုက်ခံရတာ နိုဝင်ဘာ ၂၃ ရက် မနေ့က တစ်လပြည့်သွားပါပြီ။

သေဆုံးသူတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အမှုထမ်းတွေ၊ ကချင်လူထု တစ်ရပ်လုံး ချစ်ခင်ရတဲ့ ကချင် အနုပညာရှင်တွေ၊ ခရစ်ယာန်ဘာသာရေး ဆရာတွေနဲ့ သာမန်အရပ်သားတွေ ပါဝင်ပါတယ်။

အောက်တိုဘာ ၂၃ ရက်ညမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်တဲ့အခါ ကချင်လူထုကို ဖျော်ဖြေနေတဲ့ ကီးဘုတ်တီးသူ ကိုကင်း (ခ) ဇခုန်ဇော်မွန်းနဲ့ ခရစ်ယာန် ဘာသာရေးဆရာ နော်ထွယ်လည်း နေရာမှာတင် အသက်ဆုံးခဲ့ပါတယ်။

မိဘဆွေမျိုးတွေနဲ့ မိသားစုကို အင်မတန် ချစ်ခင်တတ်သူ၊ ဂီတနဲ့ ပတ်သက်ပြီး အင်မတန် ရူးသွပ်တတ်သူ ကိုကင်း ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ် အခုချိန်ထိ မယုံကြည် နိုင်သေးဘူးလို့ မိခင်ဖြစ်သူ ဒေါ်လုအောန်က ပြောပါတယ်။

“အခုဘဲ ဒီလို မမျှော်လင့်ဘဲ ဖြစ်သွားတဲ့အခါကျတော့ အိပ်မက်လိုလို မယုံသလိုလိုနဲ့ အခုထိ သံသယစိတ်တွေ ဖြစ်နေတာ အမေတို့က၊ ဒါပေမဲ့ သူ့အလောင်းလည်း အဲမှာ မြှုပ်လိုက်ပြီဆိုတော့ ဓာတ်ပုံလေးနဲ့ ပြလိုက်တာ။ ကျမ ဓာတ်ပုံတောင် မကြည့်ရဲဘူး။ အခုထိ မကြည့်ဘူး။ တကယ် ကျမကြောက်တယ်၊ နှလုံးသားက မခံစားနိုင်ဘူး။ ကျမက နှလုံးရောဂါလည်း နည်းနည်း ရှိတယ်လေ။ အဲခါကျတော့ သွေးထွက်သံယို ကျမ မကြည့်ရဲဘူး။ သားသမီးတွေ သူ့ဓာတ်ပုံကို ရိုက်ခဲ့တယ်၊ အခုထိ ကျမ မကြည့်ရဲဘူး။ ဖျတ်ခနဲ ကြည့်လိုက်တာ ရင်ထဲဆို့ သွားတာ၊ သွေးတိုးတွေ တက်သွားတာ။ အခုထိလည်း နှလုံးတုန်တယ်။ သားကို သတိရလိုက်ပြီဆို မျက်ရည်ကတော့ မဆည်နိုင်ဘူး “

၂၀၀၈ ခုနှစ်ကတည်းက New Dream Band အဖွဲ့နဲ့ ကချင်ဂီတလောကထဲကို ဝင်ရောက်လာတဲ့ ကိုကင်းဟာ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့သူဖြစ်တယ်၊ ၂၀၀၀ ခုနှစ်လောက်ကတည်းက ဘုရားကျောင်းမှာ တယောထိုးပြီး ဆပ်ကပ်ခဲ့တဲ့ သားလိမ္မာလေး ဖြစ်တယ်လို့ ဒေါ်လုအောန်က ဆိုပါတယ်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ မွေးဖွားခဲ့တဲ့ ကိုကင်းဟာ မွေးချင်း ခြောက်ယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ မောင်နှမတွေအတွက် အစ်ကိုကြီး ပီသခဲ့သူ၊ လုပ်ဖော် ကိုင်ဖက်တွေကို နူးညံ့စွာ ပြောဆိုဆက်ဆံတတ်သူဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အသက် (၄၂) အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားတဲ့ ကိုကင်းမှာ အရွယ် မရောက်သေးတဲ့ ကလေးနှစ်ဦး ကျန်ရစ်ပါတယ်။ သူဟာ သားသမီးတွေ အပေါ်မှာလည်း အင်မတန်ချစ်ခင်ပြီး တာဝန်ကျေခဲ့သူလို့ ကိုကင်းရဲ့ မိခင်က ဆိုပါတယ်။

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ အောက်တိုဘာ ၂၃ ရက်နေ့ဟာ ကချင်လူထုအတွက် အဆိုးရွားဆုံးနေ့တစ်နေ့ ဖြစ်သလို သေဆုံးသွားသူတွေအတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေမှာ စိတ်ဒဏ်ရာတွေ ရနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘာသာရေးဆရာတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေက အခုထက်ထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြတာကို တွေ့ရပါတယ်။ မနေ့ကလည်း ကျနော် သေဆုံးသွားတဲ့သူ အိမ်မှာ ဆုသွားတောင်းပေးတဲ့ အချိန်မှာ ညနေရောက်လာတိုင်း သူ့ယောကျာ်း ပြန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ နောက် စိတ်ဒဏ်ရာလည်း တော်တော်ကို များများ တွေ့ကြုံခံစားနေရတာကို တွေ့ရတာပေါ့။ ဒါက မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ အမြဲတမ်းတော့ ဒီအချိန်မှာ ကျနော်တို့ လူထုအတွက် မမေ့နိုင်တဲ့ နေ့တစ်နေ့ဖြစ်နေမှာပဲလို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့ကတော့ တိုင်းရင်းသား ညီကိုမောင်နှမ အချင်းချင်းမှာ ဒီလောက်ဆိုးရွားတဲ့ လုပ်ရပ်ကတော့ မရှိစေချင်ပါဘူး”

စစ်ကောင်စီဘက်ကတော့ KIAနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ KIA နဲ့ PDF တွေသာဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ အ

hpakant-airstrike
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားသည့် ခရစ်ယာန် ဘာသာရေးဆရာ နော်ထွယ်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ရပ်သားတွေထဲမှာ ဖားကန့်မြို့မှာ သာသနာအမှုထမ်းနေတဲ့ ခရစ်ယာန် ဘာသာရေးဆရာ နော်ထွယ်လည်း ပါဝင်ပါတယ်။

ဘုရားအမှုတော်ကို ထမ်းနေတဲ့ ယုံကြည်အားကိုးရတဲ့ သားကို ဆုံးရှုံးရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရတယ်လို့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဆရာနော်ထွယ်ရဲ့ ဖခင် ဦးအဇီးထင်ဆန်းက ပြောပါတယ်။

“ကျနော်တို့ အိမ်ဆောက်ဖို့ကိစ္စကအစ ကိစ္စအဝဝ အကုန်လုံးက မရှိတော့တဲ့ သား အထွယ် သူ့ကိုပဲ ကျနော်တို့ မိဘနှစ်ပါးရော၊ အိမ်သားတွေကရော အားကိုးနေရတာ။ အခုလို ရုတ်တရက် ဖြစ်သွားတော့ ကျနော်တို့အတွက်က အရမ်း စိတ်ဓာတ်ကျတာပေါ့၊ စိတ်မကောင်းဘူး ခံစားရတယ်။ အခုပြောသလို ငိုချင်လာတယ်။ အရမ်းယုံကြည်ရတဲ့ သားတစ်ယောက် မရှိတော့ ငိုပဲ ငိုချင်တယ်။ ဘာမှ မပြောတတ်လောက်အောင် ခံစားရတယ်။ ရိုးရိုးသားသား ဘုရားအမှုတော်ဆောင် သား တစ်ယောက်ရှိပြီဆိုပြီ အရမ်း ပျော်ရွှင် ကျေနပ်နေတာ ဟုတ်တယ်”

အသက် (၃၇) နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားတဲ့ ဆရာနော်ထွယ်ဟာ မိဘနှစ်ပါး အားကိုးရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သားရတနာဖြစ်တယ်လို့ ဖခင် ဦးအဇီးထင်ဆန်းက ဆိုပါတယ်။

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ ဒိန်ဘူဒိန်ဆာရွာမှာ မွေးဖွားပြီး ချို့ချို့တဲ့တဲ့ ခက်ခဲကြမ်းတမ်းစွာ ကြီးပြင်းလာတဲ့ ဆရာနော်ထွယ်ဟာ မွေးချင်း ကိုးယောက်မှာ အငယ်ဆုံးသား ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်းနန်း ကျမ်းစာကျောင်းကနေ ၂၀၁၈ ခုနှစ်က ကျောင်းပြီးထားတဲ့ ဆရာနော်ထွယ်ဟာ ဘာသာရေးအလုပ်အပြင် ဂီတာ၊ ကီးဘုတ်၊ တယော၊ ပုလွေ စတဲ့ တူရိယာမျိုးစုံကို လူငယ်တွေကို သင်ကြားပေးနေတဲ့ အနုပညာ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

"သားကို သတိရလိုက်ပြီဆို မျက်ရည်ကတော့ မဆည်နိုင်ဘူး"

ဆရာနော်ထွယ် ရုတ်တရက်ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ အသက် ၁၁ လအရွယ် လူမမယ် သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

ချစ်ခင်မြတ်နိုးစွာ လက်ထပ်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ အသက်အရွယ်ကြီးရင့်တဲ့အထိ ဘဝကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ထားပေမယ့် ဒီအဖြစ်ဆိုးကြောင့် ယူကျုံးမရ ဖြစ်ရတယ်လို့ ဇနီးဖြစ်သူ မမေဆန်းဇီက ပြောပါတယ်။

“အတူတူအိုချင်တယ်၊ အခုခေတ် ဗန်းစကားနဲ့ဆိုရင် အတူတူအိုချင်တယ်၊ အသက်ကြီးတဲ့အထိ အတူတူ နေချင်တယ်။ အမှုတော်ဆောင်ဆိုလည်း အတူတူ ဆောင်ချင်တယ်၊ ဒါပေမဲ့ သူက မရှိတော့ဘူးဆိုတော့ ကျမ စကားလုံး ရှာလို့မတွေ့ဘူး။ အရမ်း serious ထားပြီး သူဆုံးသွားတယ် ဆိုတဲ့အကြောင်းကို အရမ်းတောင်မဟုတ်ဘူး နည်းနည်းပါးပါး serious ထားပြီး သူ့အကြောင်းတွေးလိုက်ရင်ကို ငိုချင်တယ်။ အရမ်း serious ထားပြီး မတွေးချင်ဘူး။ တွေးပြီဆို ကျမ ဘာမှ ဆက်လုပ်လို့မရဘူး”

အိမ်ထောင်သက် နုသေးတဲ့ ဆရာနော်ထွယ်တို့ ဇနီးမောင်နှံဟာ သမီးလေး ရှေ့ရေး၊ မိသားစုရှေ့ရေးကို အတူ တိုင်ပင်ထားခဲ့ကြပေမယ့် အခုတော့ မျှော်လင့်ချက်မဲ့သွားပြီလို့ ဇနီးဖြစ်သူက ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း KIA တပ်မဟာ (၉) တပ်မဟာမှူးတစ်ဦးနဲ့ အမှုထမ်း ၄၆ ဦး၊ ကချင် အနုပညာရှင်တွေနဲ့ သာမန်အရပ်သား ၁၇ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။