စစ်ပွဲက ဖျက်ဆီးလိုက်တဲ့ မျက်လုံးတစ်စုံ

2022.10.11
စစ်ပွဲက ဖျက်ဆီးလိုက်တဲ့ မျက်လုံးတစ်စုံ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးဒဏ်ကြောင့် အမြင်အာရုံထိခိုက်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ ဒေါ်နှင်းအိလှိုင်ကို တွေ့ရစဉ်။
Photo: RFA

အသက် ၅၂ အရွယ် ဒေါ်နှင်းအိလှိုင်ဟာ သူ့မျက်စိရှေ့က အရာဝတ္ထုတစ်ခုကို လက်နဲ့စမ်းပြီး ခက်ခက်ခဲခဲ လှမ်းယူနေရတဲ့ဘဝကို ရောက်နေရတာပါ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ ၁၀ နှစ်ကျော်ကြာနေထိုင်ခဲ့တဲ့ ဒေါ်နှင်းအိလှိုင်ဟာ ဈေးရောင်းရင်း ရပ်ရေး၊ ရွာရေးကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဆယ်ဇင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေါ်နှင်းအိလှိုင် အပါအဝင် ဆယ်ဇင်းဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွတ်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

ဒေါ်နှင်းအိလှိုင်ဟာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် သူ့မျက်စိရှေ့မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးဒဏ်ကြောင့် အမြင်အာရုံ ထိခိုက်ခဲ့ရပါတယ်။

ဒီလို ဆိုးဝါးတဲ့ အခြေနေကို သူ့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးဘူးလို့ ဒေါ်နှင်းအိလှိုင်က ပြောပါတယ်။

"မိခင်က လက်မခံတော့ ပြောဖို့ သိပ်ခက်တယ်၊ မျက်ရည်မကျချင်ဘူး။ အခု ခေါင်းရင်း အိမ် ပွင့်ထွက်သွားပြီး ကျနော့်ဘက် ကျတဲ့အချိန်ဆိုတော့ ကျနော် မိုးစိုနဲ့ဆိုတော့ အခက်အခဲ ဖြစ်တယ်။ ပြီးတော့ ကျနော် အိမ်ဝန်းထဲမှာ ဆိုပါစို့၊ မြေကြီး ပွင့်ထွက် လောက်အောင် ကြုံခဲ့ရတာဆိုတော့ ပြီးပြီးသားကိစ္စကို သင်္ကေတတော့ မပြနိုင်ဘူး၊ ကျနော့်မှာ အမှတ်အသား ဘာတစ်ခုမှ လုပ်မထားတော့ ပြောရခက်တယ်။ ယုံချင်မှလည်း ယုံလိမ့်မယ်။ ဒီလိုသေဘေးဆိုတဲ့ အတိုင်းအတာမျိုး ကြုံခဲ့ဖူးတယ်ပေါ့၊ ဒီလောက် အဖြစ်ဆိုးတာတော့ ဒီတစ်ခါပဲလို့ ပြောရမယ်"

ဒေါ်နှင်းအိလှိုင်မှာ သားတစ်ဦးရှိပြီး ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ၈ နှစ်လောက်ထဲက ကွယ်လွန်သွားခဲ့ပါပြီ။ သားဖြစ်သူဟာ စားဝတ်နေရေးအတွက် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း မြို့ဘက်ကို အလုပ်ထွက်လုပ်နေပြီး သွားလာရေး အခက်အခဲကြောင့် မိခင်ထံ ပြန်မလာ နိုင်သေးပါဘူး။

ဒါကြောင့် လေယာဉ်ဗုံးကြောင့် မျက်လုံးထိခိုက်ခဲ့ရတဲ့ ဒေါ်နှင်းအိလှိုင်ဟာ ဖားကန့်မြို့၊ ဆိုင်းတောင်မှာရှိတဲ့ အမဖြစ်သူရဲ့ အိမ်မှာ ခိုလှုံနေရပြီး အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူက စောင့်ရှောက်ပေးထားပါတယ်။

ဒေါ်နှင်းအိလှိုင်ရဲ့ မျက်လုံးတွေဟာ အစောပိုင်းမှာ အရောင်တွေကို ကွဲကွဲပြားပြား မြင်ရသေးပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အမြင်အာရုံ ဝေဝါးလာတာဖြစ်သလို စစ်ပွဲက ပေးလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုပါ ခံစားနေရတယ်လို့ အစ်မဖြစ်သူ ဒေါ်ပြုံးက RFA ကို ပြောပါတယ်။

"သူ အကြောက်အလန့်တွေ တော်တော်များများနေတာ။ ဆိုင်ကယ်လာရင်လည်း ကြောက်၊ ဟိုတစ်နေ့က လေယာဉ်လေး ဖြတ်သွားရင်လည်း သူကြောက်။ ဆိုင်ကယ် အသံကိုလည်း သူ လေယာဉ်သံလို့ပဲ သူ အဲလိုပဲ ကြောက်နေတာ။ ဟိုဘက်ကြည့်၊ ဒီဘက်ကြည့်၊ အပေါ်ဘက်ကြည့်။ မဟုတ်ဘူး၊ အဲဒါ ဆိုင်ကယ်၊ ဆိုင်ကယ်။ လမ်းနဲ့ နီးတာကို အန်တီက ဟိုဘက်လမ်းကြားဆိုတော့ ဆိုင်ကယ်လို့ဆိုတဲ့အခါကမှ သူက အော်တဲ့၊ ဆိုင်ကယ်လားတဲ့။ သူအရမ်းကြီးကို ကြောက်နေတာ အဲမှာ ဖြစ်ကတည်းကနေ ဒီလို တိုက်ပွဲကြီးမှာ ဖြစ်ကတည်းကနေ သူက အခုလိုမျိုး စိတ်မမှန်တော့ဘူး။ အရင်က သူ ဒီလိုမျိုးမဟုတ်ဘူး"

ငွေကြေး အခက်အခဲကြောင့် ညီမဖြစ်သူကို သေချာ ဆေးမကုပေးနိုင်လို့ စိတ်မကောင်း ဖြစ်ရသလို ညီမဖြစ်သူကိုလည်း ပုံမှန်အခြေအနေအတိုင်း ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်လို့ အမဖြစ်သူ ဒေါပြုံးက ပြောပါတယ်။

"သူ အကြောက်အလန့်တွေ တော်တော်များများနေတာ။ ဆိုင်ကယ်လာရင်လည်း ကြောက်၊ ဟိုတစ်နေ့က လေယာဉ်လေး ဖြတ်သွားရင်လည်း သူကြောက်"

ဖားကန့်မြို့မှာ မျက်စိ အထူးကုဆရာဝန်မရှိသလို မြစ်ကြီးနားမြို့အထိ မျက်စိ သွားရောက် ခွဲစိတ်ကုသဖို့အတွက်ကလည်း ငွေကြေး ကျပ်သိန်းဆယ်နဲ့ချီ ကုန်ကျနိုင်တာကြောင့် မကုသနိုင်သေးဘူးလို့ အမဖြစ်သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဒေါ်နှင်းအိလှိုင်ကို မျက်စိ သွားရောက်ခွဲစိတ်ကုသပေးဖို့ အလှူငွေ နည်းနေသေးတဲ့အတွက် မြစ်ကြီးနားမြို့ကို မပို့နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မ ဖော်လိုတဲ့ ဒေါ်နှင်းအိလှိုင်ကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မျက်စိ နှစ်ဘက်လုံးက ကုရမှာပေါ့။ ကုန်မှာက ပိုက်ဆံ အစိတ်၊ သုံးဆယ်လောက် ကုန်မှာဆိုတော့ လက်ထဲမှာကလည်း သူများ လှူထားတဲ့ ငွေက ငါးသိန်းလောက်ပဲ ရှိတာဆိုတော့ အကိုတော့ကလည်း အဆင်မပြေသေးတာပေါ့။ အဆင်မပြေသေးတော့ မပို့သေးဘူး။ လောလောဆယ် သူ့မိသားစုတွေ ရှိတဲ့ဆေးလေးတွေနဲ့တော့ အတတ်နိုင်ဆုံး ကုပေးနေတာပေါ့။ စစ်ရှောင်စခန်းတို့ ဆိုတာကတော့ အကုန်လုံးက ဒုက္ခသည်ကတော့ ဒုက္ခသည်ပဲလေ။ ဒါပေမဲ့ သူတို့ကျ လှူဒါန်းတဲ့အတွက် တချို့ တစ်ဝက် ရှိကြတယ်လေ။ မျက်စိလှူတဲ့ ဟိုဟာဖြစ်တဲ့နေရာမှာကျတော့ အလှူရှင်က မရှိဘူး ဖြစ်နေတာပေါ့။ ကိုယ်ကလည်း တစ်‌ယောက်ထဲ ရုန်းကန်နေရတာ"

ဒေါ်နှင်းအိလှိုင်ရဲ့ မျက်လုံးကို ဆေးမကုသနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ မျက်လုံး ကွယ်တဲ့အထိ ဖြစ်လာနိုင်တာကြောင့် အချိန်မီ ဆေးကုသနိုင်ဖို့ နိုင်သလောက် အလှူငွေ ကောက်ခံတာတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

hnineihlaing-sezin.jpg
စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးဒဏ်ကြောင့် အမြင်အာရုံထိခိုက်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ ဒေါ်နှင်းအိလှိုင်ကို တွေ့ရစဉ်။ (Photo: RFA)

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေတဲ့ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီက ရှစ်ကြိမ်ထက်မနည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို အိမ်ခြေ ၄၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီထဲမှာ ဒေါ်နှင်းအိလှိုင်တို့ မိသားစု အနှစ်နှစ် အလလ စုဆောင်းပြီး တည်ဆောက်ထား တဲ့ နေအိမ်လည်း ဆုံးရှုံးခဲ့ရပါတယ်။

ဆေးကုသပြီး မျက်စိ ပြန်ကောင်းမွန်လာရင် အရင်လို ဆယ်ဇင်းရွာမှာ ပြန်ပြီး အခြေချ ချင်တယ်လို့ ဒေါ်နှင်းအိလှိုင်က ပြောပါတယ်။

"ကုလို့ ကောင်းတယ်ဆိုရင် မိသားစုနဲ့နေတဲ့အခါကျတော့ သင့်တော်သလိုလေး ပြန်လည် လုပ်ကိုင်စားရမှာ။ စီးပွားရေး အခြေခံ ဘာမှမရှိဘူး။ ဆယ်ဇင်းကတော့ သွားလို့ရရင် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကိုယ်နေရာက သွားလို့၊ လာလို့ရတယ်ဆိုရင် လိုအပ်ရင် ခေါ်ဖို့ ခက်မှာဆိုးလို့ မနီးမဝေး နေကြခြင်း ဖြစ်တယ်။ သွားချင်လာချင်တဲ့ ဆန္ဒကတော့ ရှိတယ်"

မျက်စိ ခွဲစိတ်ကုသပြီး မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့အတွက့် ဒေါ်နှင်းအိလှိုင်ရော မိသားစုဝင်တွေကပါ မျှော်လင့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။