ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး ကုန်တိုက် မီးလောင်
2021.04.01
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး (Gandamar Whole Sale) ကုန်တိုက် ဧပြီလ ၁ ရက် မနက်စောစောက မီးလောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ “မတ်လ ၃၁ ရက် ညသန်းခေါင်ကျော် လူတွေအိပ်မောကျနေချိန် ကမ္ဘာအေးဘုရားလမ်းမပေါ်က ကျယ်လောင်တဲ့ မီးသတ်ကားဥဩဆွဲသံတွေကို ကြားခဲ့ရပြီး၊ ရုတ်တရက် ဘာဖြစ်မှန်း မသိခဲ့ရဘူး၊ မနက်စောစောထကြည့်မှ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေးကုန်တိုက်ကြီး မီးလောင်ထားတာ တွေ့ရတယ်” လို့ ကုန်တိုက်အနီး နေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။ မီးလောင်မှု များလွန်းတဲ့အတွက် ဧပြီ ၁ ရက် မနက် ၈ နာရီခွဲလောက်အထိ ဂန္ဓမာဟိုးဆေး ကုန်တိုက်ဘက်ကို အပြင်းမောင်းသွားတဲ့ မီးသတ်ကားတွေကို မြင်တွေ့ရတယ်လို့လည်း မရမ်းကုန်း အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။