လယ်ပိုင်ရှင်ကနေ စာရင်းငှားဖြစ်သွားရသူများ

RFA Burmese
2023.07.24
လယ်ပိုင်ရှင်ကနေ စာရင်းငှားဖြစ်သွားရသူများ ဘိုကလေးမြို့နယ်၊ လှေလုံးကွဲကျေးရွာက လယ်သမားအဖြစ်မှ လယ်လူငှားဖြစ်သူ ကိုဇော်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
RFA

မနက်အရုဏ်တက်စအချိန်မှာ ရေနံဆီမီးခွက်ထွန်းပြီး လယ်လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့သူကတော့ လယ်ရှင်ဘဝကနေ လယ်လုပ်သားဖြစ်သွားတဲ့ ကိုဇော်ပါ။

သူက မြန်မာနိုင်ငံရဲ့စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့နယ်ထဲက လှေလုံးကွဲရွာကဖြစ်ပါတယ်။

"အတိုးတွေကကြီး၊ လယ်တွေက ပျက်။ အဲဒါနဲ့ သူတို့က ရှေ့ဆက်မလုပ်နိုင်တဲ့ အနေအထားမျိုးပေါ့"

ကိုဇော်တို့ ဇနီးမောင်နှံဟာ မိဘပိုင်လယ် ခုနစ်ဧကရှိခဲ့ပေမယ့် စိုက်ပျိုးစရိတ်ကတော့ ကိုယ်ပိုင်ငွေမရှိလို့ အတိုးနှုန်းကြီးကြီးနဲ့ ငွေချေးပြီးလုပ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ရာသီဥတု ဖောက်ပြန်တာ၊ ပိုးမွှားအဖျက်အဆီးတွေ များတာကြောင့် သူတို့ရဲ့ လယ်လုပ်ငန်း သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ရပါတယ်။

ဒါကြောင့် သူတို့လယ်ကို တစ်နှစ်စပါး တင်း (၄၀) နဲ့ သူများကို သီးစားချလိုက်ရပြီး သူကိုယ်တိုင်ကတော့ သူများလယ်မှာ တစ်ရာသီကို ငွေကျပ် ခြောက်သိန်းခွဲနဲ့ စာရင်းငှားအဖြစ် လုပ်နေရပါပြီ။

"သုံးနှစ်တိတိ ကျွန်တော်တို့ လုပ်ကြည့်တယ်။ လုပ်ကြည့်တာ အဆင်မပြေဘူး။ အဆင်မပြေတော့ အခုသူများတကာ လူငှားကို ကိုယ်ပြန်လုပ်ရတာပေါ့။ ပြောမယ်ဆိုရင်ပေါ့နော်။ မျိုးစပါးတို့ ဘာတို့ပေါ့။ အဲဒါတွေကျတော့ ကျွန်တော်တို့မှာ တစ်ဆယ်ကြဲတယ်။ တစ်ဆယ်ကြဲလို့ တစ်ဆယ်ပြတ်သွားပြီဆိုရင် နောက်ထပ် တစ်ဆယ်လောက်ထပ်လိုက်တယ်။ လိုက်လို့မှ အဆင်မပြေရင် ကျွန်တော်တို့ သွားပြီလေ။ ထပ်လိုက်လို့မှ မရတော့တာ"

လယ်သမားတွေအနေနဲ့ မျိုးစပါးဖိုးနဲ့ သွင်းအားစုစရိတ်ကို ငွေတစ်ရာကို တစ်လတစ်ဆယ်တိုးနဲ့ ချေးပြီးလုပ်ကြရပါတယ်။ စပါးပေါ်ချိန်မှာတော့ အကြွေးဆပ်ရပါတယ်။ အဲဒီအချိန်မှာ အကြွေးအကုန် မပေးနိုင်တဲ့အခါ အတိုး၊ အရင်းပေါင်းဆပ်ရတာကြောင့် အတိုးပေါ်အတိုးဆင့်ရာကနေ နောက်ဆုံးတော့ လယ်မလုပ်နိုင်တော့တာလို့လည်း ကိုဇော်ရဲ့ ဇနီး မသန်းသန်းဆွေက ပြောပါတယ်။

သူတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ဆန်ဖိုးပဲရတဲ့ စာရင်းငှားအလုပ်ကြောင့် သမီးကြီးကို ကျောင်းထုတ်လိုက်ရပါတယ်။ သားငယ်ကိုတော့ ဆက်ပြီးကျောင်းထားနိုင်အောင် တတ်နိုင်သလောက်ကြိုးစားနေတယ်လို့ မသန်းသန်းဆွေက ပြောပါတယ်။

"သမီးလေးကျတော့ ကျောင်းတက်တော့လေ သူများအိမ်မှာထားတဲ့အခါကျတော့ ဒီလိုပဲမလွယ်ဘူးပေါ့။ ကိုယ်မိဘကတော့ ထားချင်တာပေါ့။ ကိုယ့်သားသမီးလေးကို ဟုတ်တယ်လား။ ထားချင်တဲ့အခါကျတော့၊ သူများအိမ်မှာထားတဲ့အခါကျတော့ စိတ်မချဘူးလေ။ အကုန်လုံးအစစအရာရာ သူ့ရဲ့စားဝတ်နေရေး ဝတ်ဖို့ ဘာညာအကုန်လုံးကို ကိုယ်ကပေးရမယ်လေ"

မသန်းသန်းဆွေရဲ့ ဖခင်ကတော့ လက်ရှိမှာ အသက် ၇၇ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ဦးစန်းမောင်ပါ။ သူ့မှာရှိတဲ့ လယ် ခုနစ်ဧကဟာ နာဂစ်မုန်တိုင်းမဖြစ်ခင်က စပါးအထွက်နှုန်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် မိသားစုဝင်နှစ်ယောက် သေဆုံးရသလို၊ အဲဒီနောက်ပိုင်းမှာ လယ်လုပ်ငန်းတွေ မအောင်မြင်တော့ဘူးလို့ ပြောပါတယ်။

သူ့ဘဝသက်တမ်းတစ်လျှောက်မှာလည်း အစိုးရက လယ်သမားတွေကို ထိထိရောက်ရောက် ပံ့ပိုးတာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒီလယ် ခုနစ်ဧကကို သူကိုယ်တိုင် ဓားမဦးချခုတ်ထွင်ရှင်းလင်းပြီး လုပ်လာခဲ့တဲ့အတွက် သူသေမှပဲ ဒီလယ်မြေကို လုပ်ချင်ရာလုပ်ဖို့ သားသမီးတွေကို ခွင့်ပြုထားပါတယ်။

"ဘဘ သားသမီးတွေလည်း ပြောထားတယ်။ ဘဘ သေမှသာ လုပ်ချင်တာ လုပ်လိုက်တော့လို့။ ဘဘ မသေမချင်း ဒါကြီးက ဘဘ ဖက်ထားမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ မျောက်ပြဆန်တောင်းရတဲ့ သဘောမျိုးပေါ့လေ။ ဒါလေးရှိရင် ချေးလို့၊ ငှားလို့ရတယ်"

ဘိုကလေးမြို့နယ်၊ လှေလုံးကွဲကျေးရွာက လယ်သမားအဖြစ်မှ လယ်လူငှားဖြစ်သူ ကိုဇော်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဘိုကလေးမြို့နယ်၊ လှေလုံးကွဲကျေးရွာက လယ်သမားအဖြစ်မှ လယ်လူငှားဖြစ်သူ ကိုဇော်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကိုဇော်နဲ့ မသန်းသန်းဆွေရဲ့ သမီးလေးက လက်ရှိ အသက် ၁၅ နှစ်အရွယ် မဇူဇင်ထက်ပါ။ သူဟာ ခြောက်တန်း ကျောင်းသူဘဝနဲ့ ကျောင်းထွက်ပြီး လယ်ထဲမှာ ကောက်စိုက်တာ၊ စပါးရိတ်တာတွေအပြင် ကဏန်းထောင်တဲ့ အလုပ်ပါလုပ်နေရပါတယ်။ အခုဆိုရင် မိဘတွေကျပ်တည်းလို့ သူ့ကို ကျောင်းမထားနိုင်တာ သုံးနှစ်ရှိသွားပါပြီ။ ဒါကြောင့် အဆင်ပြေလို့ ကျောင်းပြန်တက်ခွင့်ရမယ်ဆိုရင် ကျောင်းဆရာမတစ်ယောက်ဖြစ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

"သူများတကာတွေတက်ရင် တက်ချင်တယ်။ အဲလိုမျိုးဖြစ်တာ။ နောက်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ။ ချစ်တဲ့သူငယ်ချင်းတွေနဲ့ကျရင် မခွဲချင်ဘူး။ တော်တော်လေးကို ခံစားရတယ်။ သူငယ်ချင်းတွေကို ချစ်လို့လေ။ နောက်ပြီးကျောင်းလည်း တက်ချင်တာနဲ့"

ကိုဇော်ရဲ့ လက်ရှိလယ်ပိုင်ရှင်က ကိုသိန်းစိုးပါ။ လယ်သမားအများစုဟာ လယ်တစ်ခုတည်း မဟုတ်ဘဲ တခြားလုပ်ငန်းတွေလည်းရှိမှ ရပ်တည်နိုင်တော့တယ်လို့ သူက ပြောပါတယ်။

"တချို့က လယ်ပဲရှိတာကွ။ မျိုးစပါးလည်း သိပ်ပြည့်ပြည့်စုံစုံ မရှိဘူး။ ကျွဲ မရှိဘူး။ စက်ဆိုတာတော့ ဝေးတာပေါ့။ ဝယ်ဖို့ ဘယ်လွယ်မလဲ။ အဲတော့ သူတို့ လုပ်ဖို့မလွယ်ဘူး။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေနဲ့ ဆက်ထားတာရှိတယ်။ တချို့က ထုတ်ပေး၊ ထုတ်ပေး ထုတ်ပေးတဲ့အခါကျတော့ အတိုးတွေကကြီး၊ လယ်တွေက ပျက်။ အဲဒါနဲ့ သူတို့က ရှေ့ဆက်မလုပ်နိုင်တဲ့ အနေအထားမျိုးပေါ့။ တချို့ကျတော့ လယ်တွေ အကြွေးနဲ့ အပ်ရတာတွေတောင်ရှိတယ်။ တော်တော်များများ အဲလိုဖြစ်နေတာ လယ်သမားလေးတွေက"

ဘိုကလေးမြို့နယ်အောက်ပိုင်းက လယ်သမားအများစုဟာ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး လယ်လုပ်ငန်းတွေ မအောင်မြင်တော့သလို အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

လယ်လုပ်ငန်းမှာ အရှုံးပေါ်လို့ စာရင်းငှားဖြစ်နေရတဲ့ ကိုဇော်တို့မိသားစုလည်း ကိုယ်ပိုင်လယ်လေးကို ပြန်လုပ်နိုင်ဖို့ မျှော်လင့်နေဆဲပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။