မန္တလေးကျုံးဘေးက ရွှေ့ပြောင်းလိုက်ရတဲ့ ငလျင်ဒုက္ခသည်တွေ မိုးလုံလေလုံတဲတွေ လိုအပ်နေ
မန္တလေးကျုံးဘေးမှာ ယာယီခိုလှုံနေရာကနေ စစ်ကောင်စီက အတင်းအကျပ်နေရာရွှေ့ခိုင်းလို့ ကျုံးရဲ့ မြောက်ဘက်တန်းက သုဓမ္မာဇရပ်တန်းကိုရောက်လာတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ မိုးလုံလေလုံတဲ့ ယာယီတဲတွေ လိုအပ်နေပါတယ်။
-
RFA Burmese
2025-04-08 -
-
-
မန္တလေးကျုံးဘေးမှာ ယာယီခိုလှုံနေရာကနေ စစ်ကောင်စီက အတင်းအကျပ်နေရာရွှေ့ခိုင်းလို့ ကျုံးရဲ့မြောက်ဘက်တန်းက သုဓမ္မာဇရပ်တန်းကိုရောက်လာတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ မိုးလုံလေလုံတဲ့ ယာယီတဲတွေ လိုအပ်နေတယ်လို့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။
"အဆောင်ရဲ့ဘေးမှာနေကြရတဲ့သူတွေက မိုးလေမလုံဘူး။ အဲဒါကြောင့် တဲတွေအရေးတကြီးလိုနေပါတယ်။"
စစ်ကောင်စီက နောက်ဆုံးထားရွှေ့ခိုင်းတဲ့ ဧပြီ ၅ ရက်ညမှာပဲ မန္တလေးမှာ မိုးလေပြင်းပြင်းထန်ထန်ရွာခဲ့တာကြောင့် သုဓမ္မာဇရပ်ဘေးမှာ နေကြရတဲ့သူတို့အားလုံး တစ်ညလုံးမအိပ်ရဘဲ မိုးရေစိုစိုနဲ့ ဖြတ်သန်းခဲ့ကြရတယ်လို့ ငလျင်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်က RFA ကို ပြောပါတယ်။
"အဆောင်တွေရတဲ့သူက မိုးလုံလေလုံလို့အဆင်ပြေနေကြတယ်။ ဒါပေမဲ့ အဆောင်ရဲ့ဘေးမှာနေကြရတဲ့သူတွေက မိုးလေမလုံဘူး။ အဲဒါကြောင့် တဲတွေအရေးတကြီးလိုနေပါတယ်။ အတွင်းထဲကအဆင်ပြေပါတယ်။ အပြင်မှာနေတဲ့သူတွေက မနက်ကနဲ့ညက လေမုန်တိုင်းဖြစ်ပြီးတော့ တအားဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒါကြောင့် တဲငါးဆယ်ကျော်လောက်ဆိုရပါတယ်"
နေရာရွှေ့ခိုင်းတဲ့သူတွေက မိုးလုံတဲ့ထီးတွေတဲတွေလာပေးမယ်လို့ ပြောခဲ့ပေမဲ့ ဧပြီ ၈ ရက်နေ့အထိ တစ်စုံတစ်ခုမှ လာမပေးဘူးလို့ ငလျင်ဘေးဒဏ်သင့်ပြည်သူ နောက်တစ်ဦးက RFA ကိုပြောပါတယ်။
"မိုးတွေလေတွေတိုက်တဲ့အချိန်က ထီးမိုးကာတွေက ပေးမယ်ပေးမယ်ဆိုပြီးတော့ သူတို့ပဲယူထားလိုက်တယ်။ အခုချိန်ထိလည်း ထီးတွေမိုးကာတွေမရောက်သေးဘူး။ သမီးတို့ ဝယ်ထားတာလေးတွေနဲ့လာခဲ့ရတာ။ အင်္ကျီတွေကလည်း အကုန်ရေရွှဲနစ်သွားပြီ။ မနေ့က မိုးတွေလေတွေတိုက်တော့။ မုန့်တွေဘာတွေဝေတဲ့အချိန် အရှေ့တန်းတွေပဲရတယ်။ ရှေ့တွေချည်းပဲဝေတော့ ရှေ့တွေချည်းပဲရတာ။ ဒီနောက်မှာနေတဲ့သူတွေက ဘာမှမရဘူး။ အသက်ကိုးဆယ်ကျော်အဖွားကြီးလည်းပါတယ်။ သေးတွေပေါက်ချလိုက်တယ်။ ဘာမှမသိဘူး၊ ဒီမှာအိပ် ဒီမှာစား အဲလိုတွေ ဖြစ်နေတာ"
မန္တလေးကျုံးဘေးမှာ တစ်ပတ် ရှစ်ရက်လောက် ယာယီခိုလှုံခဲ့တဲ့နေရာမှာ ဆက်ပြီးညအိပ်ပိုင်ခွင့် မရှိတော့ဘူးဆိုပြီး လော်စပီကာနဲ့ လိုက်အော်တာကြောင့် ကုသိုလ်တော်ဘုရားအနီး ကျုံးရဲ့မြောက်ဘက် သုဓမ္မာဇရပ်တန်းကို အားလုံးရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ငလျင်ဘေးဒုက္ခသည် နောက်တစ်ဦးကလည်း RFA ကို ပြောပါတယ်။
"မိုက်နဲ့လိုက်အော်တယ်။ လမ်းပေါ်မှာ မိုက်နဲ့လိုက်အော်တယ်။ ညအိပ်ပိုင်ခွင့်မရှိဘူ။ ညအိပ်ပိုင်ခွင့် မရှိဘူးဆိုလို့ ဒီဘက်ကို ရွှေ့လိုက်ရတာဗျ"
ဆက်နွှယ်သော သတင်းများ
မန္တလေး ကျုံးဘေးက ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီနေရာရွှေ့ခိုင်း
ငလျင်ကြောင့် အိမ်ဝေးနေကြရတဲ့ မန္တလေးမြို့ခံများ
ငလျင်ကာလတစ်ပတ်ကြာအထိ ရှာဖွေကယ်ဆယ်ရေးအပြည့်အဝမရနိုင်သေး
နေစရာမရှိတော့လို့ လမ်းဘေးရောက်နေတဲ့ သူတို့ ဒုက္ခသည်တွေ ညဘက်မှာမိုးလေတွေ တိုက်တဲ့ဒဏ်ခံရပြီး ဒုက္ခအမျိုးမျိုးကြုံနေရတယ်လို့ ငလျင်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
"ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ပုံလိုဖြစ်နေပါပြီ၊ တပြိုင်နက်ထဲကိုဖြစ်နေတာ၊ အခုနေစရာက မရှိပါဘူးဆို နေရာအကျပ်တည်းဖြစ်နေတဲ့အချိန်မှာ ငလျင်ကလှုပ်နေတော့ ဒုက္ခအမျိုးမျိုးနဲ့ ကြုံဆုံနေရတယ်ပေါ့"
ကျုံးဘေးကနေ အများနည်းတူပြောင်းရွှေ့လာတဲ့ နောက် အမျိုးသမီးတစ်ဦးကတော့ အခုလို ဇရပ်တန်းမှာ သီးသီးသန့်သန့်နေခွင့်ရတာ ကျုံးဘေးမှာ နေခဲ့ရတဲ့နေရာထက် ပိုပြီး ကောင်းတယ်လို့ ပြောပါတယ်။
"အခုလိုခွဲလိုက်တော့ တကယ်ဒုက္ခရောက်တဲ့လူနဲ့ မရောက်တဲ့လူနဲ့ကွာသွားတာ၊ကွဲသွားတာပေါ့နော။ ဒုက္ခရောက်တဲ့သူက ရပ်ကွက်ထဲက အကုန်သီးသန့် ဒီမှာလာစုနေတာ။ ကျုံးဘေးမှာကကျတော့ ဘာမှ မဖြစ်ဘဲနဲ့လာယူတဲ့ သူတွေအများဆုံးပါလာပြီးတော့မှ လုတာတွေကြောင့် ကိုယ်တွေပါနာမည်ပျက်ပြီးတော့ ဘာမှမရတော့ဘူး။ သူတို့က ဝင်ဝင်လုကြတော့ အကုန်သရုပ်ပျက်ကုန်တာပေါ့။ ဒါကတော့ အကုန်အမှန်အကန် ဒုက္ခရောက်တဲ့သူတွေပါ။ ငလျင်ဒဏ်ပိတဲ့သူတွေချည်းပဲ အကုန်လုံး၊ ရပ်ကွက်တိုင်းရပ်ကွက်တိုင်းက"
ငလျင်ဘေးသင့်ပြည်သူတွေ နေစရာအခက်အခဲဖြစ်နေတဲ့အခြေနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ မန္တလေးတိုင်း စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးမြို့နယ်က နေအိမ် စုစုပေါင်း ၂၈,၄၄၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သန်း ၃ သိန်းနီးပါး ငလျင်ဒဏ်ခံခဲ့ရတယ်လို့ ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် ဒီမြို့နယ်လေးခုမှာ သေဆုံးသူ ၃၀၄၇ ဦးရှိပြီး ဒဏ်ရာရသူ ၂၅၉၃ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ ဧပြီလ ၇ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနဲ့ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။