ခြေတစ်ဖက်မရှိပေမဲ့ သမာအာဇီဝနဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်သူ

အသက် ၄၂ နှစ် ရှိပြီဖြစ်တဲ့ ကိုကျော်ကျော်ဟာ အသက် ၁၇ နှစ်သားအရွယ်မှာ မတော်တဆထိခိုက်မှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်မှာ ကုသိုလ်ဖြစ် ငှက်ရောင်းချပြီး အသက်မွေးသည့် ကိုကျော်ကျော်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။

“ပိုက်ဆံမတောင်းစားချင်လို့ ဒီလိုမျိုးလုပ်စားတယ်ဆိုတော့ အားလုံးက ဂုဏ်ယူကြတာပေါ့။ အဲဒါကြောင့် အားပေးတဲ့သူက များပါတယ်။ ဒီကို ကုမ္ပဏီကိုလာတဲ့ ဧည့်သည်အများဆုံးက အဲလိုပဲ အားပေးကြတာပေါ့”

ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့မှာ ကုသိုလ်ဖြစ်လွှတ်ဖို့ ငှက်လေးတွေရောင်းပြီး အသက်မွေးနေတဲ့ ကိုကျော်ကျော် ပြောပြနေတာပါ။

"သူ့ဟာသူ ဒုက္ခိတဖြစ်ပေမဲ့လို့ သားမယား၊ သားသမီး မျက်နှာငယ်စရာ ဘာမှမရှိဘူး"

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကိုကျော်ကျော်ဟာ အသက် ၁၇ နှစ်သားအရွယ်မှာ မတော်ဆမှုတစ်ခုကြောင့် သူခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ဘဝကိုအရှုံးမပေးဘဲ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီးရပ်ကွက်ကနေ ရန်ကုန်မြို့လယ်မှာရှိတဲ့ ဝန်ကြီးများရုံးရှေ့ကို နေ့တိုင်း YBS ကားစီးသွားပြီး ဒီအလုပ်လုပ်နေတာ နှစ်နှစ်ရှိပါပြီ။

ငှက်လှောင်အိမ်တစ်ခုကိုလွယ်ပြီး ကားစီးရတဲ့သူ့အတွက် အစပိုင်းမှာ မျက်ရည်ကျတဲ့အထိ အခက်အခဲတွေရှိခဲ့ပါတယ်။

“ကားတက်၊ ကားဆင်းကျရင် အရမ်းခက်တယ်။ ဒီခြင်းတောင်းကြီး တစ်ဖက်နဲ့လေ။ ငှက်ပါတဲ့ အချိန်ကျရင် ပိုတောင်ဆိုးတယ်။ ကားပေါ်ကနေ ဆင်းတဲ့အခါကျတော့ ဒီငှက်တွေထိမှာ ကြောက်တာက တစ်မျိုး။ ဒီခြင်းနဲ့ သူများကိုထိမှာက ကြောက်တာ တစ်မျိုး၊ အောက်ကိုရောက်ဖို့အရေးကို အဆင်ပြေပါ့မလား။ ချော်ကျမှာ ကြောက်တာ တစ်မျိုး။ အမြဲတမ်း သတိဝီရိယ ထားနေရတာပေါ့။ စရောင်းတုန်းက အရမ်းမျက်ရည်တောင် ကျရတယ်”

သူက ငှက်တစ်ကောင်ကို ကျပ်ကိုးရာနဲ့ဝယ်ပြီး တစ်ထောင့်ငါးရာနဲ့ ပြန်ရောင်းပါတယ်။ တစ်ခါတလေ အိမ်ပြန်နောက်ကျတာရှိသလို ငှက်တွေမရောင်းရလို့ အိမ်ပြန်သယ်ရတဲ့ နေ့တွေလည်းရှိပါတယ်။


ဆက်နွှယ်သော သတင်းများ

မသန်စွမ်းပေမဲ့ မိဘနှစ်ပါးကို ကုန်ထမ်းပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ကိုဖိုးထူး

ဖခင်ဖြစ်သူ မြေမြှုပ်မိုင်းနင်းမိလို့ စိတ်ထိခိုက်နေတဲ့ မိသားစု

မြန်မာမှာ မသန်စွမ်းသူ ခြောက်သန်းကျော် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ


ကိုကျော်ကျော်က ရွာသာကြီးရပ်ကွက်မှာ တစ်လကို (ကျပ်) ငါးသောင်းနဲ့ အိမ်ငှားပြီးနေပါတယ်။ ခြေထောက်တစ်ဖက် ဆုံးရှုံးပြီးတဲ့အချိန်မှာ မိသားစုကို တာဝန်ယူရဦးမယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ဘုရားပန်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီအလုပ်ကို လုပ်နေတာပါ။

သူ့မှာ အသက် ၄ နှစ်ကနေ ၂၄ နှစ်အရွယ်ကြား သမီး လေးယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။ သမီး သုံးဦးက အိမ်ထောင်ကျနေပြီဖြစ်လို့ အရွယ်မရောက်သေးတဲ့ သားနဲ့ သမီးကို ရှာဖွေကျွေးမွေးနေဆဲပါ။

ကိုကျော်ကျော်ရဲ့ ဇနီးက အသက် ၄၉ နှစ်အရွယ် ဒေါ်သီတာပါ။ သူက အရပ်ထဲမှာ အဝတ်လိုက်လျှော်ပြီး မိသားစု စားဝတ်နေရေးကို တဖက်တစ်လမ်းက ကူညီပါတယ်။

“ကိုယ့်ယောင်္ကျားလို လူစားမျိုး ဒီကမ္ဘာမှာ မရှိဘူးလို့လည်း ထင်တယ်။ မှန်သောစကားပြောတာ။ သူ့ဟာသူ ဒုက္ခိတဖြစ်ပေမဲ့လို့ သားမယား၊ သားသမီး မျက်နှာငယ်စရာ ဘာမှမရှိဘူး။ ငတ်သွားတယ်၊ ပြတ်သွားတယ်ဆိုတာလည်း မရှိဘူး။ သားသမီးတွေဆိုလည်းပဲ အခု အကြီးမကြီးဆိုလည်း ကျောင်းဆယ်တန်းအထိ သူထားပေးနိုင်တယ်။ အလတ်မလည်း ငါးတန်းအထိ သူတို့ တွန်းတင်ပေးတယ်။ ဖအေတစ်ယောက် တာဝန် အကုန်လုံး ကျေပြွန်တယ်”

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်မှာ ကုသိုလ်ဖြစ် ငှက်ရောင်းချပြီး အသက်မွေးသည့် ကိုကျော်ကျော်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

ကိုကျော်ကျော်ဟာ ကောင်းရောင်းကောင်းဝယ် လုပ်တဲ့အတွက် သူ့ကို အားပေးဖြစ်တာလို့ မှော်ဘီမြို့နယ်ကလာတဲ့ ကိုဝေဖြိုးအောင်က ပြောပါတယ်။

“သူ့ကြည့်ပြီးတော့ သူများလိုလည်း တောင်းရမ်းမစားသောက်ဘူးလေ။ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့အတွက်ကြောင့် အများကြီးလည်း ရောင်းကောင်းပါစေလို့ ဆုတောင်းပါတယ်။ ဖိုက်တင်းပါလို့။ ဘဝကို အရှုံးမပေးပါနဲ့လို့”

ခြေတစ်ဖက်မရှိပေမဲ့ ၂၅ နှစ်ကြာအောင် မိသားစုကို ရှာဖွေကျွေးမွေးခဲ့တဲ့ ကိုကျော်ကျော်မှာ သစ်သီးဆိုင်ဖွင့်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ငှက်ရောင်းတဲ့အလုပ်ကို ဆက်ပြီးလုပ်ကိုင် နေရဦးမယ်လို့ ပြောပါတယ်။

“လိမ္မော်သီးတွေတို့၊ ပန်းသီးတွေတို့ သစ်သီးဝလံ အစုံပေါ့လေ။ အဲဒီလိုမျိုး ဆိုင်ကြီးကဏ္ဍားကြီးနဲ့ အဲဒီလိုမျိုး ရောင်းချင်တာ။ အစုံရောင်းချင်တာ။ အဲဒါ ဟိုး ပြတ်ပြီဆိုကတည်းက ရည်ရွယ်ချက် အခုထိ မဖြစ်သေးဘူး။ ဖြစ်ချင်တာပေါ့။ အဲဒီလိုမျိုး ဖြစ်ချင်တာ။ အဲဒီ သစ်သီးဝလံ တအားရောင်းချင်တာ။ အခုထိတော့ ဖြစ်မလာသေးဘူး။ အနှစ် နှစ်ဆယ်ကျော်သွားပြီ”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org