မသန်ပေမယ့် စွမ်းနိုင်သူတွေရဲ့ ရွှေရောင်မျှော်လင့်ချက် ကော်ဖီဆိုင်

2022.05.18
မသန်ပေမယ့် စွမ်းနိုင်သူတွေရဲ့ ရွှေရောင်မျှော်လင့်ချက် ကော်ဖီဆိုင် ရန်ကုန်မြို့ လှိုင်ဘူတာရုံလမ်းက Golden Hope ကော်ဖီဆိုင်
Photo-RFA

ရန်ကုန်မြို့ လှိုင်ဘူတာရုံလမ်းမှာရှိတဲ့ မသန်စွမ်းသူတို့ရဲ့ Golden Hope ကော်ဖီဆိုင်လေးပါ။ ဒီဆိုင်မှာ မသန်ပေမယ့် စွမ်းရည်ရှိသူ ငါးဦးအပါအဝင် ဝန်ထမ်း ခုနစ်ဦး အလုပ်လုပ်ပါတယ်။ မသန်စွမ်းတစ်ဦးဖြစ်တဲ့ ကိုဖြိုးကျော်က ဒီဆိုင်ရဲ့ Barista အဖျော်ဆရာဖြစ်ပြီး ကော်ဖီအဖျော်သင်တန်းနဲ့ ကိတ်မုန့်ဖုတ်သင်တန်းတွေကို တတ်မြောက်ထားပါတယ်။

“သင်တန်းတက်တဲ့အခါမှာ အစပိုင်းတုန်းက အခက်အခဲကတော့ လက်က အပူသိပ်မကိုင်နိုင်ဘူးပေါ့။ ဘယ်လိုပြောရမလဲ အစပိုင်းတုန်းက အရမ်းခက်တယ်။ ကော်ဖီကလုပ်ရတာ နည်းနည်းများတယ်။ တချို့ ရေနွေးအိုးနဲ့ လောင်းရတာပါတယ်ဗျ။ အစပိုင်းတော့ ခက်တာပါပဲ။ နောက်ပိုင်းကျတော့ သူ့ဘာသာသူ ကျင့်ယူရင်းနဲ့ ကျင့်သားရသွားတာ”

ကိုဖြိုးကျော်ဟာ ဒီဆိုင်မှာ အလုပ်လုပ်နေတာ နှစ်လလောက်ရှိပါပြီ။

“ဘာမှ အားမငယ်နဲ့။ မသန်စွမ်းဆိုပေမယ့်လည်း သူ့နေရာနဲ့သူ ထူးချွန်တာရှိကြမှာပဲ။ တစ်ယောက်က တစ်နေရာမှာ မထူးခြားပေမယ့် တစ်နေရာမှာ ထူးချွန်နေတာလည်း ရှိမှာပဲ။ ဘယ်ဟာမဆို ကိုယ်လုပ်နိုင်သလောက် လုပ်ကြည့်၊ မရတဲ့အဆုံး အနည်းဆုံးတော့ လက်မလျှော့စေချင်ဘူး။ ကျနော်တို့လည်း အကောင်းဆုံး သူများတွေလို လုပ်ကြည့်ချင်တယ်။ သူများတွေတောင် လုပ်နေတာပဲ ကိုယ်တောင် လုပ်နိုင်ရ မယ်လို့ စိတ်ဓာတ်လေး မွေးစေချင်တယ်။ တကယ်လို့ ကိုယ့်မှာ အချိတ်အဆက်မရှိဘူးဆို အင်တာနက်တွေပေါ်နေတာပဲ နည်းနည်းပါးပါး ချိတ်ဆက်ရှာပြီး ရုံးကို ဆက်သွယ်တာတို့ လုပ်စေချင်တယ်”

ကိုဖြိုးကျော်က တစ်ချိန်မှာ သူ့ဇာတိဖြစ်တဲ့ ညောင်တုန်းမြို့ကိုပြန်ပြီး ကိုယ်ပိုင်ကော်ဖီဆိုင်လေးဖွင့်ဖို့ စိတ်ကူးထားပါတယ်။ ဆိုင်ဝန်ထမ်း (Cashier) တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းကတော့ သူတို့လို မသန်စွမ်းတွေ အလုပ်လုပ်ခွင့်ရလို့ ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

“ဒီမှာက အဓိက ဝန်ထမ်းအားလုံးပေါင်း ခုနစ်ယောက်ရှိတယ်ဗျ။ ခုနစ်ယောက်ထဲမှာမှ Non Disable က နှစ်ယောက်၊ ကိုယ်အင်္ဂါမသန်စွမ်းက လေးယောက်၊ အကြားအာရုံက တစ်ယောက် အားလုံးပေါင်း ခုနစ်ယောက်ပါ။ ဘယ်လိုမြင်လဲဆိုတော့ ကျနော်တို့ အရမ်းပျော်တာပေါ့။ သူများနဲ့တန်းတူ လုပ်ကိုင်နိုင် တယ်ဆိုတော့ ကျနော်တို့ ချပြခွင့်ရတဲ့အတွက် အရမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်”

ဒီဆိုင်ကို ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းသူတွေအတွက် ရည်ရွယ်တည်ထောင်ပြီး တောင်ကိုရီးယား အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပါတယ်။ ခုနစ်လအတွင်းမှာ ဒီဆိုင်ကို တစ်နေ့ လူ ၃၀ လောက် လာရောက်ပါတယ်။ ဒီကော်ဖီဆိုင်လေးမှာ မသန်စွမ်းသူတွေဟာ ကိုယ်ဝါသနာပါရာကို အများနဲ့တန်းတူ လုပ်ကိုင်ခွင့်ရပြီး သူတို့ရဲ့ အနာဂတ် စိတ်ကူးတွေကို ပုံဖော်နေနိုင်ကြပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။