ခွဲခြားဆက်ဆံမှုတွေအကြား ရုန်းကန်နေရတဲ့ မသန်စွမ်းများ
2022.12.02

ဒီဇင်ဘာလ ၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြုခဲ့တာပါ။ အခုဆိုရင် နှစ်ပေါင်း ၃၀ ပြည့်ပါပြီ။
မြန်မာနိုင်ငံမှာတော့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေသလို မသန်စွမ်းတွေရဲ့ အလုပ်အကိုင် ရရှိနိုင်မှုဟာ အကန့်အသတ်တွေ ရှိနေဆဲပဲလို့ မသန်စွမ်းအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မိရိုးဖလာယဉ်ကျေးမှုအရ မသန်စွမ်းသူအပေါ် သနား၊ ဂရုဏာသက်လေ့ရှိပြီး နိစ္စဓူဝ ကိစ္စတွေကို ကူညီလုပ်ကိုင် ပေးတာကလည်း မသန်စွမ်းတွေရဲ့ ကိုယ်ပိုင်လုပ်ကိုင်နိုင်စွမ်း လျော့နည်းစေတဲ့အပြင် ခွဲခြားဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ ထောက်ပြပါတယ်။
မွေးရာပါ ခြေလက်အင်္ဂါမစုံတဲ့ မထူးထူးမွန်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ရန်ကုန်မြို့ကို ရောက်လာပြီး ရွှေမင်းသားဖောင်ဒေးရှင်းရုံး မှာကွန်ပျူတာစာရေးအဖြစ် လုပ်ကိုင်နေပါတယ်။
မသန်စွမ်းတွေကို ခွဲခြားဆက်ဆံရင် တိုးတက်မှုမရှိနိုင်တော့ဘူးလို့ မထူးထူးမွန်က ပြောပါတယ်။
“ပတ်ဝန်းကျင်နဲ့ဆိုတာ နောက်မှဆက်ဆံရမှာ။ အရင်ဆုံးက ကိုယ်ရဲ့မိသားစုနဲ့ ထိတွေ့ရမှာဆိုတော့ ကိုယ့်ရဲ့မိသားစု ကစပြီးတော့ ခွဲခြားဆက်ဆံမယ်ဆိုရင် မသန်စွမ်းတွေအတွက်က တိုးတက်ဖို့လမ်း၊ အောင်မြင်နိုင်ဖို့နည်းလမ်း မရှိဘူးပေါ့။ အဲဒါကြောင့်မို့ မသန်စွမ်းမိသားစုတွေကိုလည်း မသန်စွမ်းမွေးလာတာနဲ့ တစ်ပြိုင်တည်း ဒီမသန်စွမ်းတွေက ပစ်ထားဖို့မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ဘဝတွေ တိုးတက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရင် ကောင်းမလဲ ဆိုတဲ့ဟာလေး တွေးပေးရင်တော့ ပိုပြီးအဆင်ပြေပါတယ်။”
အခုဆိုရင် မထူးထူးမွန် အလုပ်အကိုင်ရှိသလို နေ့စဉ်ဘ၀ စားဝတ်နေရေးအတွက် ချက်ပြုတ်တာနဲ့ အဝတ်အစားလျှော်ဖွတ်တာကစ ကိုယ်တိုင်ဆောင်ရွက်နိုင်ပါတယ်။
" အလုပ်တွေ ဘာတွေကျတော့လည်း တော်ရုံကိုယ်တွေ သွားလျှောက်ရင် လက်မခံချင်ကြဘူးပေါ့။"
ရန်ကုန်တိုင်း ရွှေပြည်သာမြို့မှာနေထိုင်တဲ့ အသက် ၂၉နှစ်အရွယ် မကေသီခိုင်ကတော့ ပိုလီယိုရောဂါဖြစ်လို့ အောက်ပိုင်းမလှုပ်ရှားနိုင်တာကြောင့် ခွဲခြားဆက်ဆံခံခဲ့ရပြီး ကျောင်းနေခွင့် ဆုံးရှုံးခဲ့ရသူပါ။ အသက်၂၀ အရွယ်ရောက်တော့မှ အိမ်းနီးချင်းတွေရဲ့ အကူအညီနဲ့ မြန်မာစာကို ရေးတတ်ဖတ်တတ်အောင် သင်ယူခဲ့တာပါ။ အခုတော့ သိုးမွှေးထိုးပြီး ခေါင်းစည်းကြိုးနဲ့ ကလစ်တွေကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေပါတယ်။
ထိုင်ပြီးလုပ်ရမယ့် အလုပ်တစ်ခု လုပ်ချင်ပေမယ့် မသန်စွမ်းဖြစ်တဲ့အတွက် သူ့ကို ဘယ်သူမှ အလုပ်မခန့်ကြဘူးလို့ မကေသီခိုင်က ပြောပါတယ်။
“အခက်အခဲတွေကတော့ အများကြီးပဲပေါ့နော်။ ဘယ်လို အခက်အခဲတွေလဲဆိုတော့ လက်ရှိ တကယ်ဆိုရင်တော့ ဒီလိုအလုပ်လေးနဲ့ ဒီလိုအနေအထာမျိုးနဲ့ မတင်းတိမ်နိုင်ဘူးပေါ့။ မနေချင်ဘူးပေါ့။ တကယ်တမ်းကျတော့ အလုပ်တစ်ခုမှာ အထိုင်အလုပ်တစ်ခုခု လုပ်ချင်တယ်။ အလုပ်တွေ ဘာတွေကျတော့လည်း တော်ရုံကိုယ်တွေ သွားလျှောက်ရင် လက်မခံချင်ကြဘူးပေါ့။ ကိုယ်လုပ်နိုင်ပါတယ် ဆိုရင်တောင်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေမျိုး၊ အမြင်မျိုး၊ အကြည့်မျိုးတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်ပေါ့”
မသန်စွမ်းသူတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ Golden Hope Cafeteria and Bakery Houseရဲ့ ကိတ်မုန့်ဖုတ်သူ ၂၇ နှစ်အရွယ် ကိုသူရအောင်က ခွဲခြားဆက်ဆံခံရမှုတွေအတွက် စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကို သာမန်လူတစ်ယောက်လို ပြုမူနေထိုင်တယ်လို့ ပြောပါတယ်။
“ကျနော်ကတော့ အရှင်းဆုံးပြောရရင် ဝမ်းလည်းမနည်းဘူး။ စိတ်ဓာတ်လည်းမကျဘူး။ ကိုယ့်ကိုကိုယ် မသန်စွမ်းလို့လည်း မသတ်မှတ်ထားဘူး။ သာမန်လူတစ်ယောက်ပဲ။ သွားတယ်။ လာတယ်။ အဲလိုမျိုးကားဆိုလည်း ကားအရမ်းကျပ်တယ်။ တိုးစီးတာပဲ။ အဲတော့ ကျနော်တို့ကိုယ်တိုင်က ဘယ်လိုလဲဆိုတော့ သွားတယ်။ ကိုယ်သွားမှလည်း ကိုယ်ရောက်ဖူးချင်တဲ့နေရာကို ရောက်မယ်။ ကိုယ်လုပ်မှလည်း ကိုယ်လုပ်ချင်တဲ့အလုပ်ကို တတ်မယ်။”
ခွဲခြားဆက်ဆံမှုဆိုတဲ့ အဓိပ္ပာယ်ကိုတာ့ မသန်စွမ်းမှုကို အကြောင်းပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနဲ့ အခြားနယ်ပယ် အသီးသီးမှာ အခြားသူတွေနည်းတူ အသိအမှတ်ပြုရေးနဲ့ သာတူညီမျှ ရရှိခံစားရေးတွေကို အဟန့်အတားဖြစ်စေတဲ့ ခွဲခြားခြင်း၊ လူမှုအဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဘေးဖယ်ချန်လှပ်ထားခြင်းနဲ့ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုကို ကန့်သတ်ထားခြင်းတွေကို ဆိုလိုတယ်လို့ ၂၀၁၅ခုနှစ်၊ ဇွန်လမှာ ပြဋ္ဌာန်းခဲ့တဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေမှာ ဖော်ပြထားပါတယ်။
မသန်စွမ်းသူတွေကို ကူညီပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သူဝင်းက ကိုယ်ချင်းစာတရားတွေ ထွန်းကားလာမှ ခွဲခြားဆက်ဆံမှုတွေ လျော့ကျသွားမယ်လို့ ပြောပါတယ်။

“ငါကဲ့သို့ ငါလိုကပဲ သူလည်းပဲ ဆိုတာမျိုးလေး စာနာမှုလေးရှိဖို့ပဲ။ စာနာမှုရှိမယ်။ Sympathy, Empathy သနားကြင်နာမှုအရေးကြီးသလို ကိုယ်ချင်းစာနာတရား ရှိဖို့လည်း အရမ်းအရေးကြီးပါတယ်။ တကယ်လို့ အားလုံးရဲ့ စိတ်ထဲမှာ ကိုယ်ချင်းစာတရားတွေ ဒီထက်ပိုများ၊ ပိုမြင့်လာမယ်ဆိုရင် ခွဲခြားဆက်ဆံမှုတွေက တဖြေးဖြေး တဖြေးဖြေး လျော့သွားမှာဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဒါတွေကို အချိန်အကြာကြီး စောင့်နေရင် ကျနော်တို့ရဲ့ ဘဝတွေက တဖြေးဖြေး အသက်တွေ ကြီးလာတယ်။ ဘဝတွေ တစ်ခုပြီးတစ်ခုဖြစ်လာတယ် ”
ခုထိတော့ မသန်စွမ်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ များပြားနေဆဲဖြစ်တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
၂၀၁၄ခုနှစ်၊ လူဦးရေနဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၄.၆ရာခိုင်နှုန်းက မသန်စွမ်းတွေဖြစ်ပြီး မသန်စွမ်းဦးရေ ၂.၃ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံဟာ မသန်စွမ်းတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်း(United Nations Convention on the Rights of Persons with Disabilities- UNCRPD) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေက မသန်စွမ်းသူတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အလမ်းတွေ ပိုပြီးဆုံးရှုံးသွားစေတယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။