ကုန်စျေးနှုန်းတက်လို့ ပိုကျပ်တည်းလာတဲ့ မသန်စွမ်းများ
2023.08.07

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက ခါးပြတ်ဆိုတဲ့ရွာလေးဟာ ပင်လယ်ငါးဖမ်း လုပ်ငန်းနဲ့ အသက် မွေးကြတာပါ။ အဲဒီမှာ ကျားပိုက်လို့ခေါ်တဲ့ ငါးဖမ်းပိုက်တွေကို ဖာနေတဲ့သူကတော့ အသက် (၃၈) နှစ်အရွယ် ကိုအေးချမ်း ဖြစ်ပါတယ်။ သူဟာ မွေးတုန်းက ကိုယ်အင်္ဂါအကောင်းပကတိဖြစ်ပေမယ့် နှစ်နှစ်သားအရွယ်မှာ ဆေးထိုးမှားလို့ ခြေထောက်တစ်ဖက် မသန်တဲ့ဘဝကိုရောက်သွားရတာပါ။
"ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ ကျော်လွှားနိုင်ဖို့အတွက်ကို ဖြတ်သန်းရတာပဲ"
ဒါပေမဲ့ ကိုအေးချမ်းဟာ ဘဝကိုအရှုံးမပေးဘဲ ရရာအလုပ်လုပ်ပြီး အမေကိုလုပ်ကျွေး နေပါတယ်။ သူ့အမေက လက်ရှိ အသက် (၈၈) နှစ်အရွယ်ရှိနေပါပြီ။ သူပိုက်ဖာလို့ရတဲ့ တစ်နေ့ဝင်ငွေဟာ တစ်သောင်းဝန်းကျင်ရှိပါတယ်။ ဒါပေမဲ့ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် အရင်နှစ်တွေထက်စာရင် အခုပိုပြီးစားဝတ်နေရေး ခက်လာတယ်လို့ ပြောပါတယ်။
ကိုအေးချမ်း(မသန်စွမ်း)။ ။"အမေ့ကို ကျွေးဖို့၊ မွေးဖို့ အာဟာရတောင် အရင်တုန်းကလိုမျိုး ဆယ်ခါမှ တစ်ခါလောက်ပဲ ကျွေးမွေးဖြစ်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်စျေးနှုန်းအပေါ်မှာ မူတည်ပြီးတော့ ရလဒ်မှာလည်း မူတည်သွားတာကို။ ဆန်ဖိုး လောက်နဲ့ လုံးထွေးနေရတဲ့အချိန်လေ။ စားစရိတ်၊ ဆန်ဖိုး ဒီလိုမျိုးအခြေအနေကျတော့ တော်တော်လေးတော့ ခက်ခဲလာတာပေါ့။ ဟိုးအရင်နှစ်တွေ၊ နှစ်တွေကလိုတော့ မတူတော့ဘူး။ ဒီနှစ်ထဲမှာ ပိုပြီးတွေ့လာတယ်။ ဒါပေမဲ့လည်း အရှုံးမပေးဘူး"
ကိုအေးချမ်းမှာ ညီအစ်ကိုမောင်နှမ ခုနစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့အမေ ဒေါ်စိန်တင်က သူ့ကို မသန်စွမ်းမို့လို့ ပိုသံယောဇဉ်ရှိပြီး အတူနေတာလို့ မိသားစုတွေက ပြောပါတယ်။
ဒေါ်နန္ဒာ (ကိုအေးချမ်း၏ အစ်မ)။ ။"ငါတို့တစ်တွေက ကြီးပြင်းလာတော့ အိမ်ထောင်ကျ တော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့နေတော့ သူတို့ သားအမိနှစ်ယောက်က အမြဲတမ်း အတူတူနေရတာပေါ့နော်။ နောက်ပြီးတော့လည်း သူက မစွမ်းမသန်လေးဆိုတော့ အမေကလည်း ပိုပြီးသံယောဇဉ်ရှိတယ်ဆိုတာလည်း ဖြစ်တယ်ပေါ့"
ဒါပေမဲ့ ကျပ်တည်းလာတဲ့ စီးပွားရေးကြောင့် နေရတာမပျော်တော့ဘူးလို့ ဒေါ်စိန်တင်က ခံစားနေရပါတယ်။
ဒေါ်စိန်တင် (ကိုအေးချမ်း၏ မိခင်)။ ။"မနေချင်တော့တယ်ဆိုတာ စျေးနှုန်းတွေကလည်း ကြီး။ ကိုယ့်မှာက လုပ်အားကမရှိ။ ဘယ်လိုလုပ် စားမလဲ ရှေ့လျှောက်။ ဒီကောင်လေးက သူ့ခွန်အားလေးနဲ့ပဲ လုပ်ကျွေးနေတာ။ ပြတ်တဲ့အခါလည်း ပြတ်။ ဒါပေမဲ့ ငတ်တယ် ဆိုတာတော့ မရှိဘူးပေါ့။ ဟိုဟာနဲ့ကြုံ ဟိုဟာနဲ့စား။ ဒီဟာနဲ့ကြုံ ဒီဟာနဲ့ စားရတာ။ သမီးတွေက ဟင်းလေးဘာလေးချက်ရင်လည်း ပို့ပါတယ်။ ဦးဦးဖျားဖျားလေးက။ ဒါပေမဲ့လို့ စိတ်ကို မပျော်ပါးတော့တာလေ"
ကိုအေးချမ်းဟာ ကြံ့ခိုင်တဲ့သူတစ်ယောက် မဟုတ်တဲ့အတွက် အလုပ်ရွေးလုပ်ရပါတယ်။ ဒါကြောင့် အလုပ်လုပ်ရတဲ့ရက်နည်းပြီး စားဝတ်နေရေးခက်လာတယ်လို့ သူ့ယောက်ဖ ဦးမျိုးနိုင်က ပြောပါတယ်။
ဦးမျိုးနိုင် (ကိုအေးချမ်း၏ယောက်ဖ)။ ။"သူက ဒီပိုက်ကလေးဖာ၊ ဘာလေးဖာ အနုစိတ်လောက်ပဲ လုပ်နိုင်တယ်။ ကြမ်းကြမ်းတမ်းတမ်း မလုပ်နိုင်တဲ့အခါ နေ့စားက အမြဲမငှားဘူး။ အမြဲမငှားတဲ့အတွက် စားဝတ်နေရေး ခက်ခဲတယ်။ ကျန်းမာရေးအတွက် ဆေးဖိုး၊ ဝါးဖိုး ဒါတွေလိုအပ်တာပေါ့နော်။ အဲဒါတွေ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်တော့ ခေါ်ထိန်းထားတယ်"
ကိုအေးချမ်းတို့နေတဲ့ ချောင်းဘေးကတဲအိမ်လေးဟာ ခိုင်ခိုင်ခံ့ခံ့မရှိတဲ့အတွက် မိုခါမုန်တိုင်း လာမယ်ဆိုတဲ့အချိန်က ဘေးလွတ်ရာခဏပြောင်းဖို့ ဖြစ်လာပါတယ်။ ဒါကြောင့် အခုတော့ အစ်မနဲ့ ယောက်ဖအိမ်မှာ ယာယီနေကြပါတယ်။
ကိုအေးချမ်းဟာ ပိုက်ဖာတဲ့နေရာမှာ တခြားသူတွေထက် ကျွမ်းကျင်ပြီး အလုပ်လည်း မြဲတဲ့အတွက် ကျားပိုက်လုပ်ငန်းရှင် ကိုဇော်မျိုးက သူ့လုပ်ငန်းကပိုက်တွေပြင်ဖို့ သူ့ကို အကုန်လွှဲထားတယ်လို့ ပြောပါတယ်။
ကိုဇော်မျိုး (ကျားပိုက်လုပ်ငန်းရှင်)။ ။"သူကတော့ သူ့အမေကြီးကို လုပ်ကိုင်ရှာကျွေး နေရတာပေါ့။ သူတတ်တဲ့ ပိုက်ဖာတဲ့လုပ်ငန်းလေးနဲ့။ သူ ဒီပိုက်ဖာရုံလေးနဲ့ ထမင်းတဝမ်းဝရုံလေးပဲရှိမယ်။ စားရရုံပဲရှိတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒီပိုက်ဖာရုံနဲ့ မလုံလောက်တော့ဘူး။ သူ့ကို အဖွဲ့အစည်းတွေက ထောက်ပံ့ပေးရင် ပိုကောင်းတာပေါ့"
ခါးပြတ်ရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့သူ လေးယောက် ရှိပါတယ်။ သူတို့ဟာ မသန်စွမ်းကြပေမယ့် ကြုံလာသမျှပြဿနာတွေကို ရင်ဆိုင် ဖြတ်ကျော်ဖို့ ကြိုးစားနေကြရင်း ကုန်စျေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်နေကြ ပါတယ်။
ကိုအေးချမ်း (မသန်စွမ်း)။ ။"ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ ကျော်လွှားနိုင်ဖို့အတွက်ကို ဖြတ်သန်းရတာပဲ။ မျှော်လင့်ချက်ကြီးနဲ့ပေါ့နော်။ ဒါပေမဲ့ ဒီ့ထက်ပိုတက်လာမယ့် ကုန်စျေးနှုန်းကိုတော့ မတွေးဝံ့တော့ဘူး"
မသန်စွမ်းဦးရေဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ ဌာနဆိုင်ရာက လက်ရှိကောက်ယူ ထားတဲ့သန်းခေါင်စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မသန်စွမ်း တွေ အရေးဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း က ကောက်ယူထားတဲ့ အချက်အလက်တွေအရတော့ မသန်စွမ်းဦးရေဟာ တစ်နိုင်ငံလုံးရဲ့ ရှစ် ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာမှ ၁၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင်အခွင့်အလမ်းရှိပြီး၊ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ရထား တဲ့သူက လေး ရာခိုင်နှုန်းပဲရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ မသန်စွမ်းတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ဘွဲ့ရတဲ့သူ ဦးရေဟာ နှစ် ရာခိုင်နှုန်းလောက်ပဲရှိပြီး၊ အထက်တန်း ပညာရေးရှိတဲ့သူက ခုနစ် ရာခိုင်နှုန်းနဲ့ အလယ်တန်း ပညာရေးရှိတဲ့သူက ၂၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။