ကလေးမြို့က ဦးခေါင်းကျည်စထိမှန်ခံထားရတဲ့ကလေး မခွဲစိတ်နိုင်ဘဲ ဝေဒနာခံစားနေရ
လက်နက်ကိုင် ခုခံမှုအားကောင်းပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျည်စတချို့ ဦးခေါင်းခွံထဲ စိုက်ဝင်နေတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ငွေကြေး မတတ်နိုင်တာကြောင့် သုံးလကြာတဲ့အထိ မခွဲစိတ်နိုင်ဘဲ ဝေဒနာပိုဆိုးလာတယ်လို့ မိဘတွေက ပြောပါတယ်။
- 2022-10-04
-
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ နေထိုင်တဲ့ အသက်ခြောက်နှစ်အရွယ် မကျင်းငိုက်ဟောက်ရဲ့နေအိမ်နဲ့ အခြားအိမ်တစ်လုံးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ဆန် ထိမှန်ပြီး ဇူလိုင် ၃ ရက်နေ့က ပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ မိသားစုဝင်တွေကို တည့်တည့်ထိမှန် သေဆုံးတာမျိုး မဟုတ်ပေမယ့် အိမ်နံရံနဲ့ ထုတ်တန်းကို ထိမှန်ပြီး လွင့်စင်လာတဲ့ ကျည်စ တချို့ဟာ ခြောက်နှစ်အရွယ် မကျင်းငိုက်ဟောက်လေးရဲ့ ညာဘက် နားထင်ကတစ်ဆင့် ဦးခေါင်းခွံထဲ ဝင်သွားခဲ့ပါတယ်။
လွင့်စင်လာတဲ့ ကျည်စတွေဟာ သူ့ရဲ့နောက်ကျောဘက်ကို ထိမှန်ရုံမက ခြောက်နှစ်အရွယ် သမီးလေးရဲ့ ဦးခေါင်းကိုပါ ထိမှန်ခဲ့ကြောင်း မကျင်းငိုက်ဟောက်ရဲ့ မိခင်က ဇူလိုင် ၃ ရက် ည ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။
"သမီးအငယ်ဆုံးကို နို့တိုက်နေရင်း လက်နက်ကြီးသံ နှစ်ကြိမ် ကြားရပြီးနောက် ကျမ နောက်ကျောဘက်မှာ လက်နက်ကြီးစ အသေးတစ်ခု ထိသွားသေးတယ်။ ကျမသမီး အကြီးလေးက အိပ်နေရာကနေ ငိုလာတယ်။ ကျမကြည့်လိုက်တော့ သွေးတွေ အများကြီး ထွက်နေတာ။ ညပိုင်းဆိုတော့ ဆေးရုံလည်း ချက်ချင်းသွားလို့ မရဘူး။ နေ့ခင်းပိုင်းမှ ဆေးခန်းပြလို့ရတယ်။ ဓာတ်မှန်ရိုက်တော့ ခေါင်းထဲမှာ လက်နက်ကြီးစ ဝင်နေတာဆိုတော့ ဆရာဝန်တွေက ဒီမှာ မရဘူး၊ မန္တလေးသွားရမယ်လို့ ပြောတယ်။ မန္တလေးမှာ ခေါင်းထဲ လက်နက်ကြီးစ တကယ်ကျန်နေတာလားဆိုပြီး CT ရိုက်တယ်။ မန္တလေးက ဆရာဝန်တွေက မခွဲရဲဘူး၊ အန္တရာယ်များတယ်။ နိုင်ငံခြားမှာ ခွဲစိတ်ရင်တော့ ခွဲစိတ်မှု အောင်မြင်နိုင်တယ်။ ဒီမှာတော့ ပစ္စည်းမစုံဘူးဆိုတော့ အောင်မြင်ဖို့ အာမ မခံနိုင်ဘူးလို့ ဆရာဝန်တွေက ပြောတယ်"
မကျင်းငိုက်ဟောက်ရဲ့ ဒဏ်ရာကို ကလေးမြို့က ဆေးရုံတစ်ရုံမှာ ပြသတဲ့အခါ ဦးခေါင်းခွံထဲ လက်နက်ကြီးစ ဝင်နေတာကြောင့် မန္တလေးမြို့မှာ သွားပြသဖို့ ဆရာဝန်တွေက ပြောတဲ့ အတွက် မန္တလေးက ပုဂ္ဂလိကဆေးရုံ တစ်ရုံမှာလည်း သွားပြခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့က ဆရာဝန်တွေကလည်း အခုလို နိုင်ငံရေး မတည်မငြိမ်ဖြစ်ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေ မလုံမလောက် ဖြစ်နေချိန်မှာ နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ ဦးခေါင်းကို ခွဲစိတ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံ တစ်ခုခုမှာ သွားရောက်ခွဲစိတ်ဖို့သာ ကလေးမြို့နဲ့ မန္တလေးမြို့က ဆရာဝန်တွေက အကြံပေးကြတယ်လို့ မိဘတွေက ပြောပါတယ်။
တစ်နေ့လုပ် တစ်နေ့စား ဆင်းရဲနွမ်းပါးတဲ့ ဒီမိသားစုမှာ မကျင်းငိုက်ဟောက် အပါအဝင် ကလေးနှစ်ဦး၊ ဖခင်၊ မိခင်နဲ့ အဖွားတို့ အတူတကွ နေထိုင်ကြပါတယ်။ ဖခင်က ကလေးမြို့ က ရပ်ကွက်တွေမှာ ပန်းရန်လုပ်၊ အမှိုက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်းအလုပ် လုပ်ကိုင်ပါတယ်။ မိခင်ကလည်း ပုံမှန်အလုပ်ရယ်လို့ မယ်မယ်ရရ မရှိပါဘူး။ တစ်ခါ တစ်လေတော့ ခင်ပွန်းနဲ့အတူ ပန်းရန် နေ့စားလုပ်ပါတယ်။ သမီးလေးကို ကလေးမြို့နဲ့ မန္တလေးမြို့က ဆရာဝန်တွေပြောသလို ထိုင်းလို၊ စင်္ကာပူလို၊ ပြည်ပနိုင်ငံတွေမှာ သွားရောက် ခွဲစိတ်ကုသဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။
မကျင်းငိုက်ဟောက်ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးဖို့ မန္တလေးမှာ တစ်လတစ်ကြိမ် လာပြဖို့ ဆရာဝန်တွေက မှာထားတာကိုတောင် ပုံမှန် မပြနိုင်တဲ့အတွက် အခု သောက်ဆေး ကုန်နေတာ သုံးလလောက်ရှိပြီလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
"သောက်ဆေးတွေ ပြတ်သွားတာ သုံးလလောက်ရှိပြီ။ ပြန်ဝယ်မယ်ဆိုရင် ကလေးမြို့မှာ မရှိဘူး။ တစ်ခေါက် မန္တလေးသွားရင် CT ရိုက်ခက လေးသိန်းလောက် ကုန်တယ်။ အများဆုံး ကုန်တာက ဆေးဖိုးကုန်တယ်။ မန္တလေးကို လေးခေါက်သွားတာ သုံးခေါက် ကတော့ အလှူရှင်နဲ့ သွားတယ်။ လေးကြိမ်မြောက်ကျတော့ ကိုယ့်ပိုက်ဆံနဲ့ ကြိုးစားပြီး သွားခဲ့တယ်၊ အလှူရှင်တွေ မရှိတော့လို့။ ပိုက်ဆံမရှိတော့ လတိုင်း ပြန်မပြနိုင်တော့ဘူး။ ဆရာဝန်တွေက တစ်လတစ်ကြိမ် ပြဖို့တော့ ရက်ချိန်းတယ်။ အခုက ခက်ခဲတယ်၊ ပိုက်ဆံရှာ အလုပ်လုပ်ဖို့လည်း မရှိဘူး။ သမီးရဲ့ဒဏ်ရာက ဒီတိုင်း ပျောက်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူး။ ဆရာဝန်တွေက သမီးရဲ့ခေါင်းထဲမှာ လက်နက်ကြီးအစ ရှိတယ် ဆိုတာ အတည်ပြုပြီးသားဆိုတော့ ပျောက်တဲ့ထိတော့ ကုချင်တာ။ ခွဲစိတ်ချင်ပေမယ့် ပိုက်ဆံမရှိတော့ နိုင်ငံခြားလောက်အထိ ကျနော်တို့ မသွားနိုင်ဘူး"
သမီးဖြစ်သူရဲ့ ဝေဒနာ ပျောက်ကင်းအောင် ကုပေးချင်ပေမယ့် အလုပ်အကိုင် အတိအကျ မရှိဘဲ စားဝတ်နေရေး ကျပ်တည်းလွန်းတာကြောင့် နိုင်ငံခြားကို ဆေးသွားကုဖို့ဆိုတာ အလှမ်းဝေးလှတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
လက်နက်ကြီးကျည်ဆန် မထိခင်က မကျင်းငိုက်ဟောက်ဟာ မှတ်ဉာဏ်ကောင်းပြီး သွက်လက်တဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့် အခုချိန်မှာတော့ သူ့အမည်ကိုတောင် မမှတ်မိတော့ဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ဒါတင်မက ကလေးရဲ့ ဦးခေါင်း မကြာခဏ နာကျင်နေရုံမက ခြေထောက်တွေပါ မခိုင်တော့ဘဲ မတ်တပ်မရပ်နိုင်တော့ဘူးလို့လည်း မိခင်ဖြစ်သူက ပြောပါတယ်။
"ဒီလိုဒဏ်ရာ မရခင်မှာဆိုရင် သမီးလေးက လိမ္မာတယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ အခုဆိုရင် ခေါင်းမှာ ထိထားတော့ ခဏခဏ သတိမေ့လွယ်တယ်။ အရင်ကဆို စာရေး၊ စာဖတ်လည်း လုပ်တတ်တယ်။ အခုကျတော့ စာရေး၊ စာဖတ်တာကို အရင်လို မရေးနိုင် တော့ဘူး။ အခုသင်၊ အခုမေ့ ဖြစ်နေပြီ။ သူ့နာမည်ကိုတောင် သူမမှတ်မိဘူး။ ခေါင်းက လည်း ခဏခဏ နာတယ်တဲ့။ ဘယ်ခြေထောက်လည်း နာတယ်။ ကြာကြာမတ်တပ် မရပ်နိုင်တော့ဘူး"
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်း လ ၂၀ အတွင်း ကလေးမြို့နယ် မှာ လက်နက်ကြီး ထိမှန်ပြီး ခြေ၊ လက်အင်္ဂါဆုံးရှုံးသူ စုစုပေါင်း ၁၅ ဦး ရှိပါတယ်။ အဲဒီအထဲ မှာ အမျိုးသမီး လေးဦး၊ အမျိုးသား ရှစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေး သုံးဦး ပါဝင်ပါတယ်။
"စာရေး၊ စာဖတ်တာကို အရင်လို မရေးနိုင်တော့ဘူး။ အခုသင်၊ အခုမေ့ ဖြစ်နေပြီ။ သူ့နာမည်ကိုတောင် သူမမှတ်မိဘူး"
မကျင်းငိုက်ဟောက်ရဲ့ အဖွားဖြစ်သူကတော့ ချင်းရိုးရာဓလေ့အရ သူ့အမည်ကို ယူပြီး မှည့်ထားတဲ့ အကြီးဆုံးမြေး၊ အဦးဆုံးမြေးမလေး အချိန်မီ မခွဲစိတ်နိုင်ဘဲ ဝေဒနာတွေ ပိုဆိုး လာမှာကို ကြောက်ရွံ့စိုးရိမ်နေမိတယ်လို့ RFA ကို ပြောပါတယ်။
"ကလေးလေးကတော့ ကျမ မြေးဦးပေါ့။ ကျင်းငိုက်ဟောက် ကျမနာမည် ယူပြီးတော့ မှည့်ထားတာ။ ပိုဆိုးရွားလာမှာကို ကြောက်တယ်၊ ဝမ်းနည်းရတယ်။ လက်နက်ကြီး ကျည် ထိတဲ့နေ့မှာလည်း အခြေအနေမကောင်းဘူး ဆိုတာကြားတော့ အရမ်း ဝမ်းနည်းခဲ့ပေမယ့် အခုလို နည်းနည်းပြန်ကောင်းလာတာမြင်ရတော့ ဝမ်းသာတယ်။ မြေးလေးက အရင်လို ကျန်းကျန်းမာမာနဲ့ အတူအကြာကြီး နေထိုင်ချင်တယ်။ မြေးလေး လက်နက်ကြီးကျည် ထိကတည်းကစပြီး သေနတ်သံ၊ ပေါက်ကွဲသံကြားရင် ကြောက်နေ ရတော့တယ်။ မလုံခြုံဘူးလို့ ခံစားရတယ်"
မြေးမလေး မူလအတိုင်း ပြန်လည်ကျန်းမာပြီး ကလေးသဘာဝ ပျော်ရွှင်စွာ ဆော့ကစား နေတာကို မြင်ချင်တယ်၊ ဘာမှလည်း မလုပ်ပေးနိုင်တာမို့ အမြန်ဆုံး ခွဲစိတ်ကုသပြီး ခံစား နေရတဲ့ ဝေဒနာတွေ ပျောက်ကင်းစေဖို့ ဘုရားသခင်ထံမှာပဲ ဆုတောင်းနေရတယ်လို့ မကျင်းငိုက်ဟောက်ရဲ့ အဖွားဖြစ်သူက ပြောပါတယ်။