လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူသူကင်းမဲ့သွားတဲ့ ယောမြို့ရွာ
2024.01.01

မကွေးတိုင်း၊ ဆောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ကျောက်ထုမြို့ အမြောက်တပ်ကနေ တစ်မိုင်လောက်ပဲ ဝေးတဲ့ နေရာမှာ ယောမြို့ရွာ ရှိပါတယ်။ အဲဒီရွာလေးမှာ အိမ်ခြေ ၁၈၄ လုံးရှိပြီး လူဦးရေ ၉၆၀ ခန့် နေထိုင်နေတာပါ။
အခုတော့ အဲဒီရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုဒဏ်ကြောင့် ဘယ်သူမှ မနေရဲတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။
အဲဒီမှာ လက်နက်ကြီးတွေ နှစ်ရက်တစ်ခါလောက် ပစ်ခတ်နေတာကြောင့် ကြောက်လို့ ထွက်ပြေးလာခဲ့တာလို့ ယောမြို့ရွာက အသက် ၇၂ နှစ်အရွယ် ဒေါ်စောရှင်က ပြောပါတယ်။
"ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူပါတယ်။ အသက်ကလည်း ကြီးပြီဆိုတော့ လက်နက်ကြီး တွေကလည်း နှစ်ရက်ခြား ထုနေပါတယ်။ ဒါတွေကြောင့် ပြေးခဲ့ရတာပါ။ ပစ်တဲ့အချိန် ဆို ကြောက်ပါတယ်။ အသက်ကြီးပါပြီ တစ်ခါမှလည်း ဒီလိုတွေလည်း မကြုံဖူးပါဘူး။ အခုမှ ကြုံဖူးပါတော့တယ်။ အိမ်ထဲက အိမ်ပြင်ကိုတောင်မှ မထွက်ရဲပါဘူး။ ပစ်တာကတော့ မတရားသဖြင့်ကို ပစ်နေပါတယ်"
သူတို့ရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာခွဲခန့်မှာ ကျောက်ထု အမြောက်တပ်ကနေ လက်နက်ကြီး ရှစ်လုံးလောက် ပစ်ခတ်လို့ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က သူတို့ရွာက အသက် ၅၆ နှစ်အရွယ် ဦးမြင့်ထွေး (ခ) ဦးမောင်မောင် သေဆုံးခဲ့သလို နေအိမ်တစ်လုံးလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီး ခဲ့ပါတယ်။
အဲဒီလိုပစ်ခတ်တိုက်ခိုက်နေတာကြောင့် လက်နက်ကြီးတွေထိလို့ ရွာထဲက နေအိမ်တွေလည်း ရစရာမရှိတော့ဘူးလို့ ယောမြို့ရွာက မခင်မာဝင်းက ပြောပါတယ်။
"လက်နက်ကြီးတွေကတော့ ခဏခဏထုပါတယ်။ လေယာဉ်တွေနဲ့လည်း လာတော့ လာပါတယ်။ လက်နက်ကြီးက ထုလွန်းလို့ ရွာမှာလည်း အိမ်တွေလည်း အပေါက်တွေ ဖြစ်၊ တစ်ခုမှ ရစရာမရှိတော့ဘူး။ ကြောက်တာလည်း ကြောက်ရပါတယ်။ ဗုံးကျင်းထဲ အောင်းလည်း အပြင်ထွက်လိုက်၊ အထွက်အဝင် လုပ်နေရတာပါ။ သူတို့ ပစ်ခတ်နေတာ ကတော့ ပြည်သူတွေကို သက်သက် အနိုင်ကျင့်နေတာပါ။ ကိုယ်တွေက ဘာမှ မလုပ်နိုင်တာကြီးကို"
အဲဒီနေ့က လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ကြားထဲကနေပဲ မခင်မာဝင်းဟာ သားသမီးတွေ ဆွဲကာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။
ယောမြို့ရွာ အပါအဝင် အဲဒီအနီးပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ရင့်ရဲ၊ ကံကြီး၊ ကြန်တောနဲ့ ပြင်လယ်ရွာတွေက ဒေသခံ ငါးထောင်ခန့်လည်း လက်နက်ကြီးဒဏ်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။
အခုတော့ ယောမြို့ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေမှာရှိတဲ့ ဗုံးခိုကျင်းနဲ့ တောတောင် လျှိုမြောင်တွေကြားထဲ ယာယီတဲတွေနဲ့ နေထိုင်နေတယ်လို့ ယောမြို့ရွာက အသက် ၅၉ နှစ်အရွယ် ဦးခင်အောင်က ပြောပါတယ်။
"ဒီလို နီးစပ်ရာ ဗုံးကျင်းတို့၊ တောတောင်ကြားထဲက လျှိုမြောင်တို့ ဒီလိုထဲမှာ လောလောဆယ်ကတော့ ဒီလိုပဲ နေရတာပေါ့ဗျာ။ ဘယ်လိုမှကို နေလို့လည်း မဖြစ်ဘူး။ နေ့စဉ်နဲ့အမျှ သောင်းကျန်းနေကြတာဗျ။ ဒါကြောင့် ကျွန်တော်တို့လည်း မဖြစ်မနေ ဒီမှာ လာရှောင်နေရတာ ဖြစ်ပါတယ်။ အခုနေ အခြေအနေကတော့ နည်းနည်းပါးပါး အထောက်အပံ့လေးရတော့ အစားအသောက်လည်း အဆင်ပြေပါတယ်။ မဆိုးပါဘူး"
သူတို့ကို အလှူရှင်တချို့ အကူအညီနဲ့ နယ်ခံဘုန်းကြီးက အလှူခံရတာလေးတွေရယ်နဲ့ ကျွေးမွေးထားတယ်လို့ ပြောပါတယ်။
တချို့က ကိုယ့်လယ်တောမှာ ရှောင်ရင်း အခြေအနေကောင်းရင် ရွာခဏပြန် ပစ္စည်းသိမ်းလိုက်၊ လက်နက်ကြီးတွေ ပစ်ခတ်လာရင်လည်း ပြန်ထွက်ပြေးလာလိုက် လုပ်နေရပါတယ်။
ဒေါ်စောရှင်ကတော့ ရွာကို အမြန်ဆုံးပြန်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
"ပြေးသာပြေးခဲ့ရတယ်၊ ဘာမှလည်း မပါခဲ့ပါဘူး။ လက်နက်ကြီးတွေထုတဲ့ကြားက ပြေးခဲ့ရတာပါ။ ဘာမှလည်း မပါခဲ့ပါဘူး။ သူများပေးတာလေးတွေနဲ့ အခုက ချက်ပြုတ်စားသောက်နေရပါတယ်။ တဲလေးတွေကလည်း တစ်ကိုယ်တောင်မှ အလွန်ဆံ့ပါတယ် (တဲတွေက လူတစ်ကိုယ်စာ သိပ်မဆံ့ပါဘူး)၊ နေရတာကလည်း။ ရွာကိုကတော့ ပြန်ချင်ပါတယ်။ ပြန်ချင်လည်း ပြန်ပြေးရဦးမလားလို့ ပြန်လည်းမပြန်ရဲဘူး၊ ပြန်လည်း ပြန်ချင်ပါတယ်။ သားသမီးတွေနဲ့ဆိုတော့ ရွာမှာ လုပ်ကိုင်စားသောက်ရတာကတော့ အဆင်ပြေပါတယ်။ လုပ်လို့ မဖြစ်လို့သာ ရှောင်တိမ်းနေရတာပါ"
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စောရှင်ဟာ သူ့အသက်အရွယ်အရ အကြိမ်ကြိမ် ထွက်ပြေးနေရတာမျိုး မဖြစ်လိုဘဲ ရွာမှာလို သားသမီးတွေနဲ့ အတည်တကျ လုပ်ကိုင် စားသောက်ချင်တယ်လို့လည်း ပြောပါတယ်။
"ရွာကိုကတော့ ပြန်ချင်ပါတယ်။ ပြန်ချင်လည်း ပြန်ပြေးရဦးမလားလို့ ပြန်လည်းမပြန်ရဲဘူး"
ဆောမြို့နယ် ကျောက်ထုမြို့ လေယာဉ်ကွင်းအမြောက်တပ်ကနေ ငါးမိုင်ပတ်လည်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လို့ လူ ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အဲဒီရွာတွေက ပြည်သူ့ကာကွယ်ရေးတပ် ( PDF) တွေကို ထောက်ပံ့တယ်၊ ရွာထဲမှာ PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အခုလို ပစ်ခတ်နေတာလို့ ဆိုကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ စစ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တာတွေကို မသိတာကြောင့် သတင်း ထုတ်ပြန်လေ့မရှိဘဲ ပြည်ထောင်စုအဆင့်ကသာ ထုတ်ပြန်တယ်လို့ ပြောပါတယ်။
တိုင်းလူမှုရေးရာဝန်ကြီးအနေနဲ့ တော့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ စားနပ်ရိက္ခာမပြတ်အောင် အခက်အခဲကြားကနေ ကူညီနေတယ်လို့ ပြောပါတယ်။
ရွာကို စွန့်ခွာခဲ့ရတဲ့ ယောမြို့ရွာက ဒေသခံတွေဟာ နေအိမ်တွေဆီ ဘယ်တော့ ပြန်ခွင့်ရမလဲဆိုတာ မျှော်လင့်ရင်း တောတောင်တွေထဲ အခက်အခဲပေါင်းစုံကြား ကြိုးစားရှင်သန်နေကြရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းခြောက်သိန်း ရှိနေပြီဖြစ်ပါတယ်။