စစ်ရေးပဋိပက္ခကြားထဲက ဂန့်ဂေါစိုက်ပျိုးရေး
2023.07.14

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စိုက်ပျိုးရေးသမားတွေဟာ တိုက်ပွဲတွေကြောင့် ရှောင်တိမ်းရင်း လုပ်ကိုင်နေကြရပါတယ်။
"ကျွန်မတို့ နှမ်းခုတ်တုန်းကို သေနတ်တွေနဲ့ ပစ်တာ၊ ပြေးထွက်ခဲ့ရတာ ကြုံရပါတယ်။ တောင်သူအလုပ်ကလွဲ ဘာအလုပ်မှမရှိပါဘူး။ ကျွန်မတို့မှာ စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော်ရှိနေပါပြီ"
ဂန့်ဂေါမြို့နယ်က တောင်သူတစ်ယောက်ဖြစ်တဲ့ မဌေး ပြောပြနေတာပါ။
"ကျွန်မတို့ နှမ်းခုတ်တုန်းကို သေနတ်တွေနဲ့ ပစ်တာ၊ ပြေးထွက်ခဲ့ရတာ ကြုံရပါတယ်။ တောင်သူအလုပ်ကလွဲ ဘာအလုပ်မှမရှိပါဘူး"
အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ မဌေးဟာ သူ့ဘဝတစ်လျှောက်လုံး အခုအရွယ်အထိ မိသားစုစားဝတ်နေရေးအတွက် တောင်ယာပဲလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ သူလဲအများသူငါလိုပဲ တောင်သူအလုပ်ကို ကောင်းကောင်းမလုပ်ရတော့ပါဘူး။
ဂန့်ဂေါနယ်ဟာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်စစ်နဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေ မကြာခဏရှိလို့ သူလည်း ပြေးလွှားရှောင်တိမ်းရင်း စိုက်ပျိုးရေးလုပ်နေရပါတယ်။
သူ့လိုပဲတောင်သူတစ်ယောက်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် မစောစောကတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တာကို ဘဝမှာကြုံဖူးသွားပြီဖြစ်သလို အိမ်ပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပြပါတယ်။
"ကြုံမိပါတယ်ရှင့်။ အလုပ်လုပ်ရင်းနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေရော၊ လက်နက်ကြီးနဲ့ ထုတာတွေရော အလုပ်လုပ်တဲ့အချိန်မှာထပြေးရင်းနဲ့ ထမင်းတွေလည်း မစားရပါဘူး။ ဂန့်ဂေါမြို့နယ်မှာ စစ်ကြောင်းကလည်း ခဏခဏထိုးလို့ ကျွန်မတို့ ပြေးလွှားနေရပါတယ်။ ရွာတွေမှာဆိုလည်း အိမ်တွေ မီးရှို့ခံရပါတယ်။ ကျွန်မတို့ အိမ်ဆိုလည်း မီးရှို့တဲ့အထဲကို ပါသွားပါတယ်"
သူတို့က မိုးဦးကျလာတာနဲ့ နှမ်း စိုက်ကြပါတယ်။ ပြီးရင်ယာခင်းထဲမှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပေါင်းနုတ်၊ နှမ်းပင်တွေခွဲ၊ မြေဆွပေးရပါတယ်။ မနှစ်ကတော့ မိုးနည်းလို့ နှမ်းသိပ်မရလိုက်ပေမယ့် ဒီနှစ်မှာတော့ မိုးကောင်းလို့ နှမ်းပိုရနိုင်တယ်လို့ ဒေါ်လှရီဆိုတဲ့ တောင်သူတစ်ယောက်က ပြောပါတယ်။
"ကျွန်မတို့က မိုးဦးကျလို့ရှိရင်တော့ မိုးရွာတာနဲ့ တစ်ပြိုင်တည်း နွားနဲ့ ထွန်ယက်ပြီးတော့မှ ကြဲပါတယ်။ မနှစ်တုန်းကတော့ အစကကောင်းပြီးတော့မှ ပွင့်ဖူးဆုံးချိန်မှာ မိုးတွေခေါင်လို့ စားဖို့ နှစ်တောင်း လောက်ပဲ ရလိုက်ပါတယ်။ ဒီနှစ်ကတော့ အခြေအနေက နှမ်းတွေကောင်းပေမယ့် အချိန်တော့ မတန်သေးဘူး ဆိုတော့ အဲဒါကျတော့ ပြောလို့ မရသေးပါဘူး"
မေလထဲ မိုးစရွာတဲ့အချိန်မှာ ထွန်ယက်စိုက်ပျိုးခဲ့ပြီး ဒီနှစ်မှာတော့ သူ နှမ်း နှစ်ဧက စိုက်ထားတယ်လို့ ဒေါ်လှရီက ပြောပါတယ်။
ထွန်ယက်ခက တစ်ဧကကို ကျပ် ခြောက်သောင်းပေးရပြီး၊ ပေါင်းသတ်ဆေးဘူး တစ်ဘူးကို နှစ်သောင်းခြောက်ထောင်လောက်ပေးရတယ်လို့ ပြောပါတယ်။
တစ်ဧကကို နှမ်းမျိုးစေ့ သုံးပြည်ထည့်ရပြီး စိုက်ပျိုးစရိတ်ကတော့ တစ်ဧကကို အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ မနှစ်က နှမ်းပေါ်ချိန်မှာတော့ တစ်တင်းကို ကျပ် ခုနစ်သောင်း ဈေးနှုန်း ပေါက်ခဲ့ပါတယ်။
အခုကာလမှာ ပြည်တွင်းစစ်ကြောင့် တောင်သူတွေ အရင်လိုများများစားစား မလုပ်ကြတော့လို့ စိုက်ပျိုးဧက တစ်ဝက်မက လျော့သွားပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်းတွေတက်နေသလို စိုက်ပျိုးစရိတ်လည်း ကြီးတဲ့အတွက်ကြောင့် တောင်သူတွေအဖို့ ဝမ်းစာလေးရဖို့ပဲ မျှော်လင့်ပြီးလုပ်နေရတယ်လို့ တောင်သူ မစောစောက ပြောပါတယ်။
"ဒီလုပ်ငန်းလေးကိုလုပ်ရတာကတော့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် လုပ်ရတာပါ။ တခြား လုပ်ငန်းကျတော့ မွေးမြူရေးလေးကို တစ်နိုင်တစ်ပိုင် လုပ်ပါတယ်။ အခုကုန်ဈေးနှုန်းတွေ တက်တာမှာ ကျွန်မတို့ လုပ်အားခလေးရတာနဲ့ ခက်ခဲမှုတွေ အများကြီး ကြုံတွေ့ပါတယ်၊ မလုံလောက်ပါဘူး။ လုပ်အားခရတဲ့ သုံးထောင်နဲ့ ကုန်ဈေးနှုန်းတွေတက်တာနဲ့ဆို ဘယ်လိုမှအဆင်မပြေပါဘူး"
ဂန့်ဂေါမြို့နယ်မှာ နှမ်းနဲ့ စပါးကို အဓိကစိုက်ပြီး၊ တခြား သီးနှံတွေအနေနဲ့ ပဲစင်းငုံ၊ သခွား ၊ ဖရုံ၊ ကျောက်ဖရုံနဲ့ ပြောင်းဖူးတွေကို စိုက်တယ်လို့ ပြောပါတယ်။
ကျေးရွာတွေမှာ အိမ်ထောင်စုတစ်စုကို လယ်နဲ့ယာ ဆယ်ဧကဝန်းကျင် လုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တောင်သူတွေက သူတို့လယ်ယာတွေကို အပြည့်အဝ မလုပ်နိုင်ကြတော့ပါဘူး။
မကွေးတိုင်းမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ မြိုင်၊ ပေါက်နဲ့ ရေစကြိုမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ဒါကြောင့်လည်း တောင်ယာသမားတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရလို့ ပံ့ပိုးကူညီပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
"စားဝတ်နေရေးတွေ မပြေလည်လို့ အနယ်နယ်အရပ်ရပ်က ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့မှာ အမိမဲ့သား ရေနည်းငါး ဖြစ်နေရပါတယ်"