ရပ်တည်ချက်မတူလို့ ရန်သူဖြစ်သွားတဲ့ မောင်နှမနှစ်ဦး
2023.02.12
“ကျွန်မ နာမည်က ဆာရာပါ။ ၂၀၁၂ ခုနှစ် မှာ မုံရွာတက္ကသိုလ်က ဓာတုဗေဒအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ ၂၀၁၄ မှာကျောင်းဆရာမ ဖြစ်ခဲ့တယ်။ အဲဒီလိုတာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း ၂၀၂၁ မှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တယ်။ အဲဒီလိုဖြစ်တော့ စစ်တပ်ရဲ့အောက်မှာ တာဝန်မထမ်းဆောင်တော့ဘူး ဆိုပြီးတော့ CDM လုပ်ခဲ့ပါတယ်”
၂၂၁ ခုနှစ် တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုဟာ တည်ငြိမ်နေတဲ့ နိုင်ငံအခြေအနေကို ကပြောင်းကပြန် ဖြစ်စေခဲ့ရုံသာမက မိသားစုပေါင်းများစွာရဲ့ဘဝအခြေအနေတွေကိုလည်း နည်းမျိုးစုံနဲ့
ပြောင်းလဲစေခဲ့ပါတယ်။
အဲဒီမိသားစုပေါင်းများစွာထဲမှာ ဆရာမလေး မဆာရာရဲ့မိသားစုအဖြစ်အပျက်ကလည်း တစ်ခုအပါအဝင်ပါ။
“ငါတို့က ငါတို့အလုပ် ငါတို့လုပ်တာ။ ကိုယ့်နေရာကိုယ်မနေတဲ့ ပြည်သူက မှားတယ် လို့ပဲ သူကပြောတယ်။”
မဆာရာဟာ CDM ဝင်ထားတဲ့ စစ်ကိုင်းတိုင်းက ဆရာမလေးပါ။ သူ့အစ်ကိုကတော့ လက်ရှိစစ်ကောင်စီတပ်မှာ တာဝန်ထမ်းဆောင်နေဆဲ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။
“ကျွန်မရဲ့အစ်ကိုကတော့ လက်ရှိစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတယ်။ အစ်ကိုက ငယ်ငယ်လေးကတည်းက မိသားစု စီးပွားရေး အဆင်မပြေတော့ အိမ်ရဲ့စီးပွားရေးကိုငဲ့ပြီးတော့တပ်ထဲ ဝင်သွားတာပေါ့နော်။အခုအချိန်မှာတော့ တပ်ကြပ်ရာထူးနဲ့ ပဲခူးတိုင်းအခြေစိုက် သာယာဝတီ ခလရ ၃၅ မှာ တာဝန် ထမ်းဆောင်နေပါတယ်။ သူ့ကျေးဇူးကြောင့် ကျွန်မ ဆရာမဖြစ်ခဲ့တာ။”
မဆာရာတို့ မိသားစုဟာ တခြားသောမိသားစုတွေလိုပါဘဲ။ သူ့ရဲ့အစ်ကို တပ်မတော်သားဟာ အဝေးကနေ မိသားစုကို သူ့လစာထဲက ထောက်ပံ့ခဲ့ပါတယ်။ ချစ်ချစ်ခင်ခင်ရှိခဲ့ပါတယ်။ ဒါတွေဟာ စစ်ကောင်စီတပ်က အာဏာကို မရယူခင်အထိရှိခဲ့တဲ့ မိသားစုအခြေအနေပါ။
စစ်အာဏာရှင်ကို ဖီဆန်ခဲ့တဲ့ CDM ဆရာမ မဆာရာဟာ သူ့အစ်ကိုကို ပြည်သူ့ဘက်မှာ ရပ်တည်ပြီး စစ်ကောင်စီတပ်ကိုစွန့်ခွာဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့် အစ်ကိုကြီးဖြစ်တဲ့သူက ဇွတ်ငြင်းဆန်နေခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာတော့ စစ်ကောင်စီတပ်က မီးရှို့တဲ့ရွာတွေထဲမှာ မဆာရာတို့ရဲ့ အိမ်လည်းပါသွားခဲ့ပါတယ်။ မိသားစု အမှတ်တရတွေနဲ့ အိမ်မီးရှို့ခံရပြီးနောက်မှာတော့ မဆာရာနဲ့ သူ့အစ်ကိုကြား အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။
“ရွာပေါင်းများစွာကို ပတ်ပီး မီးရှို့တဲ့အထဲမှာ ကျွန်မတို့အိမ်လည်း မီးထဲပါသွားတယ်။ အိမ် မီးထဲပါပြီးနောက်မှာ သူများ စိတ်ပြောင်းသွားမလားလို့ အားကိုးတကြီးနဲ့ အစ်ကို့ကို ပြောပြတယ်။ အစ်ကိုက ငါလည်း ဘာမှမတတ်နိုင်ဘူးပေါ့။ နင်တို့ အခုလို မီးရှို့ခံရတာ နင်တို့အပြစ်နဲ့ နင်တို့။ ငါတို့နဲ့ မဆိုင်ဘူးပေါ့။ ငါတို့က ငါတို့အလုပ် ငါတို့လုပ်တာပေါ့။ နင်တို့က ပြည်သူ။ ပြည်သူဆိုတာ ကိုယ့်နေရာနဲ့နေပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာ။ ကိုယ့်နေရာ ကိုယ့်အလုပ်ကိုယ် မလုပ်လို့ နင်တို့ အဲဒီလိုအရှို့ခံရတာ။ ငါလည်း မတတ်နိုင်ဘူး။ ငါတို့က ငါတို့အလုပ် ငါတို့လုပ်တာ။ ကိုယ့်နေရာကိုယ်မနေတဲ့ ပြည်သူက မှားတယ် လို့ပဲ သူကပြောတယ်။”
အဲဒီလို သူ့အစ်ကိုရဲ့အယူအဆကိုကြားရပြီးတဲ့ နောက်မှာတော့ မဆာရာဟာ သူ့ရဲ့အစ်ကိုကို ပြတ်ပြတ်သားသား ဆွေခန်းမျိုးခန်းဖြတ်ခဲ့ပါတော့တယ်။
မဆာရာဟာ အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် CDM လုပ်ခဲ့ရုံသာမက အာဏာရှင်ကို ချေမှုန်းနိုင်ရေးနဲ့ ဒေသကို ကာကွယ်နိုင်ရေးအတွက် စစ်သင်တန်း တက်ရောက်ခဲ့ပြီး အခုတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှာ ပါဝင်အားဖြည့်သူ တစ်ဦးဖြစ်လာပါတယ်။
“အခုလောလောဆယ် သူကမြောင်နဲ့ အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးတဲ့သူတွေထဲမှာ ပါနေတယ်ပေါ့နော်။ အဲတော့သူနဲ့ အဆက်အသွယ်ရတယ်။ ဖုန်းပြောရတာတွေ ရှိတယ်။ အစ်ကိုက နင် ကိုယ့်အလုပ် ကိုယ်လုပ် မဆိုင်တဲ့ထဲ ဝင်မပါနဲ့လို့ပြောတဲ့အခါ ငါက ငါဆိုင်တယ်ထင်လို့ ဝင်ပါတာ။ နင်လည်း နင်မှန်တယ်ထင်လို့ နင်လုပ်တာ။ တကယ်လို့ နင်နဲ့ ငါနဲ့ထိပ်တိုက်တွေ့ခဲ့လို့ရှိရင် နင်ဦးရင် နင်သတ်လိုက်၊ ငါဦးရင် ငါနင့်ကို ပစ်မယ် လို့ပြောပြီးတဲ့နောက်မှာ မောင်နှမနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ မရှိတော့ဘူး။ သူ့ရဲ့ ရပ်တည်ချက်က မှန်တယ်အထင်နဲ့ လွဲမှားတဲ့ရပ်တည်ချက်နဲ့ သူ့လမ်းသူလျှောက်သွားတဲ့အခါမှာ ကျွန်မအဖေနဲ့အမေက ရင်ကွဲပက်လက်ဖြစ်ကြရတယ်။ သားသမီးတစ်ယောက် လမ်းမှားရောက်သွားတာကို ဘာမှလုပ်ပေးလို့ မရဘဲနဲ့ ကြည့်နေရတဲ့ခံစားချက်က ရင်နာဖို့ကောင်းတယ်။”
မဆာရာတို့မိသားစုဟာ ရပ်တည်ချက်မတူညီတာကြောင့် မိသားစုအဖြစ်ကနေ ရန်သူသဖွယ် ဖြစ်ခဲ့ပါပြီ။ ငယ်စဉ်ကထဲက သူချစ်ရတဲ့ အစ်ကိုကြီးကို အသက်ရှင်လျက် ဆုံးရှုံးလိုက်ရတဲ့ မဆာရာက သူ့ရဲ့ခံစားချက်ကို အခုလိုပြောပြပါတယ်။
“သူတို့က ပြောစရာစကားမရှိအောင်ကို ရိုင်းစိုင်းကြတယ်။ သူတို့တကယ်သတ္တိရှိတယ်ဆိုရင် မဆိုင်တဲ့ ပြည်သူတွေ မဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကို ထိစရာမလိုဘူး။ လေကြောင်းနဲ့လက်နက်ကြီးကလွဲရင် သူတို့ပြန်လည်တိုက်ခိုက်နိုင်စွမ်းတွေ လျော့ကျသွားတဲ့အတွက် သူတို့ရဲ့နိုင်ကွက်သည် ပြည်သူတွေရဲ့ အိုးအိမ်ကို မီးရှို့ရင် နိုင်မယ်လို့ ထင်တာ။ တကယ်က ပြည်သူတွေကသူတို့ ပိုင်ဆိုင်တဲ့အိမ်ကိုပဲ မီးရှို့ရှို့ တော်လှန်ရေးနဲ့ ပတ်သက်ရင် နိုင်ချင်တဲ့စိတ်ကလွဲလို့ ဆုံးရှုံးသွားတဲ့အရာတွေအတွက် ဝမ်းနည်းတာ မရှိဘူး။”