အစိုးရဝန်ထမ်းဘဝကနေ စျေးရောင်းရပ်တည်နေတဲ့ CDM ဇနီးမောင်နှံ

မြန်မာ့လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှာ လက်ထောက်ဦးစီးမှူး ရာထူးနဲ့ ပုံမှန်ဝန်ထမ်းဘဝလေးကို အေးအေးချမ်းချမ်း ဖြတ်သန်းနေခဲ့တဲ့ ကိုရဲလွင်နဲ့ မအေးသန်းတို့ မိသားစုလေးဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူတို့ရဲ့ဘဝ အရာရာ ပြောင်းလဲခဲ့ပါတော့တယ်။
သူတို့ဇနီးမောင်နှံဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုကြတဲ့အတွက် ၂၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြပါတယ်။
“တိုင်းပြည်ရဲ့ စနစ်အပြောင်းအလဲတစ်ခုကို မျှော်လင့်ချက် ကြီးကြီးမားမားထားတယ်။ ဒီလို အာဏာသိမ်းလိုက်တာက တိုင်းပြည်ရဲ့ နောက်ဆုံး အခြေအနေကို ပြန်ရောက်သွားတဲ့အတွက် စိတ်ထဲတော်တော်မကောင်းဘူး။ အဲတော့ ဒီအတွက် ကိုယ်လုပ်နိုင်တဲ့ဖက်ကနေပြီး အစွမ်းကုန် CDM လုပ်တာရော၊ တခြားတွေရော လုပ်ကိုလုပ်ရမယ်ဆိုတဲ့ တာဝန်လည်း ရှိတယ်။ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်က ရာခိုင်နှုန်းအပြည့်ဖြစ်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့ CDM လုပ်ဖို့ ခိုင်မာတာပေ့ါ။”
နိုင်ငံရေး အတွေးအမြင်တူညီတဲ့ သူတို့ဇနီးမောင်နှံဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် စစ်တပ်ရဲ့လိုက်လံဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးမှုတွေကြောင့် ပြည်တွင်းမှာ ဘယ်လိုမှ နေထိုင်လို့မရတော့တဲ့အခါမှာ သူတို့ဇနီးမောင်နှံဟာ သားသမီး သုံးဦးနဲ့အတူ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးမှာ ပါဝင်ပြီဆိုကတည်းက နေလို့မရတော့တဲ့အတွက်ကြောင့် ရှောင်တိမ်းရတယ်။ နောက်တစ်ခုက ပြန်သွားလို့ရှိရင် သူတို့အောက်ကို ပြန်ဝင်ပြီး ပြန်သွားလို့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ဘယ်လိုမှ သူတို့လက်အောက်မှာ မနေနိုင်ဘူး။ ကျွန်မတို့ သားစဉ်မြေးဆက် ဖိနှိပ်ခံဘ၀တွေနဲ့ နေခဲ့ရမယ်ဆိုတဲ့ အဆင့်အတန်းမှာ ရောက်နေတယ်လေ။ ရာထူးမြင့်တဲ့သူတွေက ကောင်းစားပြီး ရာထူးနိမ့်တဲ့သူတွေက ဖိနှိပ်ခံနေရတဲ့ ဘ၀တွေကို ကျွန်မတို့မျိုးဆက်မှာ ထပ်ပြီးတော့ ခံစားရမှာကို မခံစားစေချင်ဘူး။ အာဏာရှင်လက်အောက်မှာနေရင် ဒီလိုပဲဖြစ်မှာ။ အဲဒါကြောင့် တော်လှန်ရမယ်ဆိုတဲ့အသိနဲ့ပဲ ကျွန်မတို့ ရအောင်ရုန်းထွက်မယ်ဆိုပြီး ဒီဖက်မှာ တော်လှန်ရေးလုပ်ဖို့စိတ်နဲ့ ရအောင်ထွက်လာခဲ့တာပါ။”
မဲဆောက်မြို့ကို ရောက်တဲ့အခါ သူတို့မိသားစု အခက်အခဲများစွာနဲ့ ကြုံခဲ့ရပါတယ်။ စရောက်ခါစမှာ ကိုရဲလွင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဘိလပ်မြေ မဆလာသယ်၊ ခြံရှင်း တောခုတ်စတဲ့ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ လုပ်ကိုင်ခဲ့ရပါတယ်။ ဒါတွေက နေ့စားအလုပ်တွေဖြစ်ပြီး ပုံမှန်ဝင်ငွေ မရတာကြောင့် မိသားစု ငါးဦး စားဝတ်နေရေးအတွက် စျေးလိုက်ရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုရဲလွင်က ပြောပါတယ်။
“ဒါတွေက ကျွန်တော်တို့ ဝန်ထမ်းဘ၀မှာ မလုပ်ဖူးတာတွေပေါ့နော်။ ပင်ပန်းတယ်။ ခက်ခဲတယ်။ ဒါပေမဲ့ ဒါတွေကို စိတ်ထဲမထားဘူး။ ဘာလို့လဲဆိုတော့ တော်လှန်ရေးနဲ့ ဆက်စပ်နေတော့၊ ကိုယ်တော်လှန်ရေးထဲ ပါဝင်နေတဲ့ အတိုင်းပါပဲ။ လူငယ်တွေက ကိုယ့်ထက် အသက်တွေ ပေးဆပ်ပြီး တိုက်ပွဲဝင်နေတာ။ ဘယ်လိုမှ နှိုင်းလို့မရတာကြောင့် ကိုယ့်စိတ်ကို တော်လှန်ရေးစိတ်ပဲထားပါတယ်။ အရင်တုန်းကတော့ ဘယာကြော်တို့ အကြော်တွေ ကြော်ရောင်းတယ်။ မြန်မာမုန့်တွေ လုပ်ရောင်းတယ်။ နောက်အဲဒါတွေက အဆင်မပြေတဲ့အခါ အသုပ်တို့ အာပူလျှာပူတို့ တုတ်ထိုးတို့ ရောင်းပါတယ်။ သောကြာစျေးတို့ စနေစျေး၊ တနင်္ဂနွေစျေး အဲလိုစျေးတွေမှာ လိုက်ရောင်းပါတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း ဒီတိုင်းပဲ ဖြေရှင်းရတာပေါ့။ ဒီမှာနေရတာကတော့ လူတိုင်းနီးပါး ဒါကြီးကတော့ စိုးတထိတ်ထိတ်နဲ့ပဲ သွားနေရတာပေါ့။ စျေးရောင်းတာက အခြေအနေကြည့်ပြီး ရောင်းရတာပေါ့။”
“တော်လှန်ရေးမှာ မပါဝင်တဲ့သူပဲ နောင်တရရမှာ ကျွန်တော်တို့က နောင်တရစရာ အကြောင်းမရှိဘူး"
ဒီလိုပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေတာတောင် မိသားစုစားဝတ်နေရေးအတွက် ဖူလုံရုံသာ ရှိပါတယ်။ တစ်ခါတရံ မိသားစုကျန်းမာရေးကိစ္စတွေ ကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ အပိုငွေမရှိတဲ့အတွက် မိတ်ဆွေတွေဆီက အကူအညီတောင်းရတာမျိုးတွေ ရှိတယ်လို့ ကိုရဲလွင်ဆိုပါတယ်။
စျေးရောင်းရတာဟာ ပင်ပန်းခက်ခဲပေမဲ့ တော်လှန်ရေးအတွက် အားတင်းထားတယ်လို့ မအေးသန်းက ဆိုပါတယ်။
“အရမ်းတော့ ပင်ပန်းပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ ဒီလောက်ပင်ပန်းတဲ့အလုပ်တွေ မလုပ်ဖူးဘူး။ မလုပ်နိုင်ဘူး။ ကျွန်မအခု ၄၉ ထဲရောက်နေပြီဆိုတော့ အသက်အရွယ်ပိုင်းအရရော ပင်ပန်းတယ်။ ခက်ခဲတယ်။ ဒါပေမဲ့ မိသားစုအတွက် ရုန်းကန်ရမယ်။ နောက်တစ်ခုက တော်လှန်ရေးအထဲမှာ ပါဝင်ဖို့အတွက်ကို ဒီလိုရပ်တည်နိုင်မှ၊ ကိုယ်ရပ်တည်ဖို့အတွက် ရုန်းကန်မှ ဒီတော်လှန်ရေးမှာ ဆက်ပြီးတော့ တော်လှန်လို့ရမယ်ဆိုတဲ့ အသိနဲ့ပဲ ရပ်တည်နေတာ။ ကိုယ့်တစ်ဝမ်းတစ်ခါး ပြည့်စုံတယ်။ ပိုလျှံအောင်လုပ်ပြီးတော့ ထောက်ပံ့ရမယ်။ ကိုယ်ထောက်ပံ့မှ ပြည်တွင်းကတော်လှန်ရေးထဲမှာ လုပ်နေတဲ့သူတွေအတွက်ကို အထောက်အကူဖြစ်မယ်ဆိုတဲ့ အသိစိတ်နဲ့ မဖြစ်မနေ ရုန်းကန်နေတာပါ”
နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရပေမယ့် ကိုရဲလွင်တို့ရဲ့ တော်လှန်ရေးအပေါ်ထားတဲ့ ယုံကြည်မှုကတော့ မှေးမှိန်မသွားပါဘူး။ စျေးရောင်းလို့ ရတဲ့ငွေထဲက အာဏာသိမ်းစစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းက တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်တာလေးတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေပါတယ်။
“ကိုယ့်စားဝတ်နေရေးကို အရင်ရုန်းကန်ရတယ်။ စားဝတ်နေရေးကပဲ အဆင်ပြေရင်ပြေသလို ထောက်ပို့တွေ ပြန်လုပ်တယ်။ ကိုယ့်အပေါင်းအသင်းတွေနဲ့စုပြီးတော့ ထောက်ပို့တွေ ဆက်ပြီးတော့ လုပ်နေပါတယ်။ ဒါကတော့ မသေမချင်းဆက်ပြီး လုပ်သွားမှာပါ။ မြန်မာပြည်စနစ်က မကောင်းခဲ့ဘူး။ အခုလည်း စနစ်က ဇီးရိုးကို ပြန်ရောက်သွားတယ်။ ကျွန်တော်တို့က တော်ကိုတော်လှန်ရမယ်။ တော်လှန်ရေးက ဘယ်တော့ ပြီးမှာလဲ။ နွေဦးတော်လှန်ရေးက နိုင်မှာလား။ အဲဒါမဟုတ်ဘူး။ တော်လှန်ရေးက ပြီးတာ မပြီးတာ အဓိကမကျဘူး။ အဓိက အကုန်လုံးက တက်ညီလက်ညီနဲ့ တော်လှန်ရမယ်။ ဒါကြီးကို လက်ခံလို့ကို မရဘူးဆိုတဲ့ အဲဒီစိတ်ဓာတ်နဲ့ ကျွန်တော်တို့ မိသားစုက ဒီနေ့ထက်ထိ ရပ်တည်နိုင်တယ်။”
သူတို့ မိသားစု မဲဆောက်မြို့မှာ ခိုလှုံနေတာ အခုဆိုရင် သုံးနှစ်နီးပါး ရှိပါပြီ။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်ခဲ့ပေမယ့် ပြည်ပမှာ တရားမဝင် နေထိုင်နေရတာကြောင့် နေ့စဉ်စိုးရိမ်ကြောင့်ကြနေရသလို သားသမီး သုံးဦးရဲ့ မရေရာတဲ့ အနာဂတ် ပညာရေးအတွက်လည်း ကိုရဲလွင် သောကရောက်နေရပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေရတဲ့အတွက် နောင်တဆိုတာ မရှိဘူးလို့ ကိုရဲလွင်က ဆိုပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး မြန်မာပြည်ငြိမ်းချမ်းတဲ့ တစ်နေ့ ကျန်နေခဲ့တဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ရဖို့ သူမျှော်လင့်နေပါတယ်။
“တော်လှန်ရေးကို ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ တော်လှန်ရေးမှာ မပါဝင်တဲ့သူပဲ နောင်တရရမှာ။ ကျွန်တော်တို့က နောင်တရစရာ အကြောင်းမရှိဘူး။ ပြည်တွင်းကိုပြန်ဖို့ပဲ စိတ်ဆန္ဒရှိပါတယ်။ ကလေးတွေနဲ့ ပြန်မယ်။ ကျန်ရှိနေတဲ့ ကိုယ့်မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့မယ် ပြန်လည်ထူထောင်ရေးမှာ ပါဝင်ပြီးတော့ လှုပ်ရှားမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ဝန်ထမ်း သုံးသိန်းကျော် ရှိတယ်လို့ အကူအညီပေးတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီထဲမှာ ပြည်တွင်းမှာပဲ ဆက်လက်ပြီး CDM လုပ်နေကြတာတွေ ရှိသလို ဖမ်းဆီးခံရမယ့်အရေးကြောင့် တိုင်းပြည်ပြင်ပကို ထွက်ပြေးတိမ်းရှောင်လာရပြီး ဘယ်အချိန်ဘယ်ကာလမှာ အိမ်ပြန်ရမယ်မသိတဲ့ မရေရာတဲ့ဘဝတွေနဲ့ နေထိုင်နေကြရသူတွေလည်း အများအပြားရှိပါတယ်။ ကိုရဲလွင်တို့ မိသားစုလည်း ကိုယ်ယုံကြည်ရာကို ဆက်လက်စွဲကိုင်ရင်း ဘဝအခက်အခဲတွေကို ရင်ဆိုင်ရင်းနဲ့ဘဲ အိမ်ပြန်ရမယ့်နေ့ရက်တွေကို မျှော်လင့်စောင့်စားနေပါတယ်။