ဒေသမတည်ငြိမ်မှုကြောင့် ချင်းပြည်နယ်က မျောက်ငိုသီး တောင်သူတွေ အခက်တွေ့

RFA Burmese
2023.01.10
ဒေသမတည်ငြိမ်မှုကြောင့် ချင်းပြည်နယ်က မျောက်ငိုသီး တောင်သူတွေ အခက်တွေ့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ စိုက်ပျိုးသည့် မျောက်ငိုသီးများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေမှာ မျောက်ငိုသီးပင်တွေကို အိမ်တိုင်းလိုလို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြပြီး ဒီဇင်ဘာကနေ မတ်လအတွင်းမှာ အိန္ဒိယနယ်စပ်က အသီးပွဲစားတွေကိုရောင်းချရင်း ဝင်ငွေရှာလေ့ရှိကြပါတယ်။

အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ဘက်က မျောက်ငိုသီးပွဲစားတွေဟာ အိမ်အရောက် လာဝယ်ကြတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ခြမ်း မိုးရေးမြို့မှာ ပြန်လည်ရောင်းချလေ့ ရှိကြတာပါ။

ဒေသခံတွေဟာ အရင်တုန်းက မျောက်ငိုသီးတစ်ပင်ကနေ ငွေ တစ်ဆယ့်ငါးသိန်းကျပ် လောက်အထိ ရခဲ့ကြတာပါ။ အခုနှစ်မှာတော့ နိုင်ငံရေး စစ်ရေးအခြေအနေတွေကြောင့် အိမ်အရောက်လာကောက်တဲ့ မျောက်ငိုသီးပွဲစားတွေ နည်းသွားသလို၊ စျေးကောင်းလည်း မရတော့ဘူးလို့ တီးတိန်မြို့နယ် ခေါ်ဆကျေးရွာက မျောက်ငိုသီးစိုက်တောင်သူ ဦးနန်ကော့က ပြောပါတယ်။

"မျောက်ငိုသီး စျေးကွက်စပေါ်လာတာ ဒီချင်းတောင်မှာ ၁၅ နှစ်လောက်ရှိပြီ။ အရင်ကဆို အတောင့်လိုက် တစ်တောင့်ကို နှစ်ရာ၊ သုံးရာနဲ့ လာကောက်ကြတုန်းက စီးပွားဖြစ်တယ်။ အပင်ကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြတာပေါ့။ အခုကကျတော့ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နယ်စပ်ဂိတ်တွေ ပိတ်တာကြောင့် လုံးဝမရောင်းနိုင်တဲ့အခြေအနေတွေ ရှိတယ်"

လက်ရှိလုပ်ကိုင်နေတဲ့ အသီးပွဲစားတွေကလည်း လုံခြုံရေးအခက်အခဲကြောင့် အရင်ကလို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တော့တာလို့ မျောက်ငိုသီးပွဲစားတစ်ဦးဖြစ်တဲ့ ကိုမောင်ရွှေ က ပြောပါတယ်။

"ချင်းတောင်မှာလည်း လွတ်လွတ်လပ်လပ် သွားလို့ရတယ်လေ။ နဂိုတုန်းက။ မျောက်ငိုသီးဆိုတာ ကုန်စိမ်းလည်းဖြစ်တဲ့အတွက် ညကိုပဲ မောင်းတာလေ။ နေခင်းမှာ ကောက်တယ်။ ညကိုမောင်းတယ်။ မနက်ထလင်းရင် တမူးကို ရောက်အောင် မောင်းတယ်ဆိုတော့ လတ်လတ်ဆတ်ဆတ်လည်း ပို့ရတယ်။ လူလည်း သက်သာတယ်။ အခုကျတော့ ညလည်း မောင်းလို့မရဘူးဆိုတော့ နည်းနည်းအခက်အခဲဖြစ်တာပေါ့။ ညနေ ၆ နာရီကျော်ရင် သွားလို့လာလို့မရတော့ဘူးလေ။ အဲဒါဆိုတော့ ကျနော်တို့ အတွက်က အချိန်လုပြီးမောင်းရတာ"

"အခုကျတော့ ညလည်း မောင်းလို့မရဘူးဆိုတော့ နည်းနည်းအခက်အခဲဖြစ်တာပေါ့။ ညနေ ၆ နာရီကျော်ရင် သွားလို့လာလို့မရတော့ဘူးလေ"

မျောက်ငိုသီးတွေကို ကသည်းလူမျိုးတွေက အများဆုံး ဝယ်ယူစားသုံးကြသလို ချင်းလူမျိုးတွေကလည်း ဒေသအစားအစာတစ်ခုအနေနဲ့ စားသုံးကြတာလို့ ကိုမောင်ရွှေက ဆက်ပြောပါတယ်။

"အိန္ဒိယဘက်မှာ အများဆုံးစားတာကတော့ ကသည်းလူမျိုးတွေ အများဆုံးစားတယ်။ ပြီးတော့ သူတို့က ဝယ်ရင်လည်း ကုန်သည်အကြီးစားအနေနဲ့ ရောင်းရတာ။ ကသည်းတွေကပဲ အများဆုံး စားသုံးတာ။ အတောင့်အရေအတွက်နဲ့ ရောင်းတာ။ အတောင့်တစ်ထောင်ဆိုရင် ဘယ်လောက် အဲ့လို။ ဆိုင်ကယ် အစီးပြတ်၊ ဆိုင်ကယ် တစ်စီးမှာ အတောင့် ထောင့်ငါးရာပါတယ်ဆိုရင် ကသည်းတွေက အစီးပြတ်ဝယ်တာ။ နှစ်ထောင်၊ သုံးထောင် အဲလို ဖြတ်ဝယ်တာ။ လှရင်လှသလို မလှရင်မလှသလိုပေါ့"

bitter-bean-tedim.jpg
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ စိုက်ပျိုးသည့် မျောက်ငိုသီးများကို ခူးလာသူတစ်ဦးအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မျောက်ငိုသီးဟာ ဆေးဖက်ဝင်အစားအစာတစ်ခုလည်း ဖြစ်တာကြောင့် ကသည်းလူမျိုးတွေ ဟာ ဖေဖော်ဝါရီ လဆန်းပိုင်းလောက်မှာ မိရိုးဖလာ မျောက်ငိုသီးစားပွဲ ကျင်းပပြီး စားသုံးကြလေ့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တမူး-မိုးရေး နယ်စပ်ဂိတ်ပိတ်ထားတဲ့အတွက် မှောင်ခိုလမ်းကနေ ရောင်းဝယ်ဖောက်ကားနေရတယ်လို့လည်း မျောက်ငိုသီးပွဲစားတွေက ပြောပါတယ်။

ဒေသခံတွေနဲ့ အသီးပွဲစားတွေကတော့ မျောက်ငိုသီးတွေ စျေးကောင်းပြန်ရနိုင်ဖို့ တမူး-မိုးရေး နယ်စပ်ဂိတ်ကို အရင်ကလို ပုံမှန်အတိုင်းပြန်ဖွင့်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။