၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပ

RFA Burmese
2024.07.19
၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပ ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့စဉ်။
RFA

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကိုးဦးတို့ဟာ နယ်ချဲ့တွေကို တော်လှန်တဲ့ကာလအတွင်း လူတစ်စုရဲ့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရပါတယ်။

သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာ အခုဆိုရင် ၇၇ နှစ်မြောက် ရှိပြီဖြစ်ပါတယ်။

လက်ရှိစစ်ကောင်စီလက်ထက်မှာလည်း စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် တော်လှန်ရေးလုပ်နေရင်းကနေ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဦးဆောင်ကျင်းပကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး နယ်ချဲ့ကိုတော်လှန်ခဲ့လို့ လွတ်လပ်ရေးရခဲ့ပေမဲ့လည်း စစ်အာဏာရှင်တွေက တိုင်းပြည်အာဏာကို ခြယ်လှယ်ချုပ်ကိုင်နေကြသေးတာမို့ နိုင်ငံတည်ဆောက်ရေးမှာ လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူးလို့ ဒီနေ့အခမ်းအနားကို တက်ရောက်လာသူတွေက ဆိုကြပါတယ်။

ဒီနေ့အခမ်းအနားအစီအစဉ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကိုးဦးကို အလေးပြုခဲ့ကြသလို လက်ရှိစစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူတွေကိုပါ ဂုဏ်ပြုခဲ့ကြပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတာကို သင်ခန်းစာယူပြီး အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုးဝင်းဦးက ပြောပါတယ်။

"ကျွန်တော်တို့က နောင်အနာဂတ်မှာ အဲ့ဒီလိုအာဇာနည်တွေ ထပ်မထွက်ချင်တော့ဘူး၊ အဲဒါပဲ အာဇာနည်တွေမလိုတဲ့ နိုင်ငံဖြစ်ချင်တယ်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမဲ့ ကိစ္စတွေကို လူကြီးလူကောင်းဆန်ဆန် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမဲ့ကိစ္စတွေကို လက်နက်အားကိုးပြီး ဖြေရှင်းချင်တဲ့ အကျင့်စရိုက်ကနေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ၁၉ ဇူလိုင် အာဇာနည်တွေက ပေါ်ထွက်ခဲ့တာပေါ့၊ ဆိုတော့ နောက်နောင်မှာလည်း လက်နက်ကိုင်ထားတဲ့ လူအုပ်စုက (သို့မဟုတ်) လူတစ်စုက ပြဿနာတွေကို လက်နက်အားကိုးနဲ့ ရှင်းနေချင်သမျှ ဒီလိုကိစ္စတွေရှိနေဦးမှာပဲ အဲ့ဒါတွေမရှိစေချင်တော့ဘူး"

လက်ရှိစစ်အာဏာရှင်လက်ထက်မှာဆိုရင် အာဇာနည်နေ့အခမ်းအနားတွေကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရ ဖြစ်နေပါတယ်။

အာဇာနည်နေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်လိုလူမျိုးတွေက အာဇာနည်သူရဲကောင်းတွေအဖြစ် သတ်မှတ်တယ်ဆိုတာ မျိုးဆက်သစ်လူငယ်တွေကို လွတ်လွတ်လပ်လပ်နဲ့ အသိပညာပေး ဟောပြောခွင့်တွေလည်း မရကြပါဘူး။


ဆက်နွှယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနား တက်ခွင့်မရ

ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေး အုတ်ဂူဆီ ဂါရဝပြုကြသူများ

အာဇာနည်နေ့ အခမ်းအနား လူထုလှုပ်ရှားမှုတွေနဲ့ ကျင်းပ


ဒါကြောင့် ပြည်တွင်းက နေရာဒေသအသီးသီးတို့မှာ တော်လှန်ရေးအင်အားစုတွေက အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ လူမြင်ကွင်းမှာ စာတန်းချိတ်ဆွဲထားတာတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားကျင်းပခဲ့ကြရပါတယ်။

အာဇာနည်နေ့ကို မျိုးဆက်သစ်လူငယ်တွေလက်ထက်မှာ ပျောက်ပျက်မသွားစေချင်တာမို့ နှစ်စဉ်ကျင်းပဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက် ဗ.က.သ ကျောင်းသား ကိုညီညီက ပြောပါတယ်။

“ခေတ်အဆက်ဆက် တိုက်ပွဲတွေမှာ အသက်ပေးလှူခဲ့တဲ့ ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေအားလုံးကို ကျွန်တော်တို့က ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်က ကိုးဦးမကဆိုတဲ့ အသိကိုလည်း နှလုံးသွင်းဖို့ လိုတယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးနဲ့အတူတူ အာဇာနည်အားလုံးကို ကျွန်တော်တို့က အလေးအနက်ထားပြီးတော့ နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုတဲ့ပွဲပေါ့၊ ဒါအရေးကြီးတယ်လို့ ယူဆပါတယ်’’

ဒီနေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူတွေကိုလည်း အမှတ်တရအနေနဲ့ ပြသထားသလို မဲဆောက်မြို့ရောက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။